Monday, January 7, 2008

မဟောင်းနိုင်တဲ့ အိပ်ရာဝင်ပုံပြင် (သို့ ) ကောသလမင်း၏ အိမ်မက်များ

ငယ်စဉ်က၊ အိပ်ရာဝင်
ဖိုးဖိုးပြောတဲ့ ဒီပုံပြင်.
ဘုရားစောင်းတန်းဆီက။
နိပါတ်တော် ပန်းချီကားတွင်.
ပသေနဒီ ဘုရင် မင်းကောသလ..
မက်ခဲ့ ရတဲ့ ကြောက်အိမ်မက်..
ထူးဆန်းအံ့ဖွယ်..ဆယ့်ခြောက်ချက်။

(၁) အရပ်လေးမျက်နှာ၊ လာလတ်တဲ့
လေးကောင်သောနွား၊ မင်းရင်ပြင်လည်.
ဝှေ့မည်ကြုံးဝါး၊ ရှောင်ဖယ်သွား.

( နောင်အခါဝယ်. ၊ တရားမဲ့မင်း
စိုးမိုးအုပ်ချုပ်၊ မင်းလုပ်အပ်သော်.
ထစ်ချုန်းမိုးသား ၊ မိုးကားမရွာ
ခမ်းခြောက် ကြာသော်။ သီးနှံ ပျက်စီး.
ငတ်မွတ် ပြီးလျှင်၊ ဆင်းရဲ ကပ်ဆိုးဖြစ်လတ္တံ)

(၂) အပင်သေးငယ် ။ နုငယ်ပါလည်း.
အပွင့်အငုံ ၊သီးကင်းစုံ၏။

( နောင်ခါဆုတ်ယုတ် ၊ ကာလယုတ်တွင်
သက်တမ်း တိုရ၊ လူဘ၀၌၊
ရာဂများမြောင်၊ တဏှာဆောင်၍.
ငယ်ရွယ်စဉ်မှ၊ အိမ်တောင်ကျလတ္တံ)။

(၃) နွားသူငယ် နို့ ၊ နွားမေစို့ သည်.။
ထူးဘွယ်အံ့ရာ၊ ပေတကား။

( နောင်သောအခါ ၊ ငယ်သူထက်မြက်
ကြီးသူကိုမထေမဲ့၊ ရိုသေမဲ့သော်၊
ငယ်သူထံပါး၊ ကြီးသူ.ခစား
အကြိုက် ဆိုပေး။ အသက်မွေးလတ္တံ။)

(၄) အားမာန်ကုံလုံ၊ နွားကြန်စုံက
လှည်း၌မက။ နွားငယ်ကသာ
လှည်း၌ကသည်။ မနိုင်ဝန်ကျ
မရွေ့ ကြ။

(တရားမရှိ ၊ မင်းမိုက်၏လက်
ပညာပြည်စုံ၊ က၀ိလူများ
ဘေးဖယ်ထား၍၊ အသိမကြွယ်.
နားမလည်သူ နုနယ်လူုအား။
စေခိုင်းအပ်သော်၊ အချိန်ငွေကုန်။
မပြည်စုံ၍၊ တိုင်းပြည်ဆုတ်ယုတ်ကြလေအံ့.)

(၅) တကောင်သောမြင်း၊
ခံတွင်း နှစ်ခု၊ စားသောက်ပြုသည်.
ထူးခြားလေစွ. အိမ်မက်ည။

( တရားမစောင့် ၊ ထို မင်းကြောင့်လျှင်။
တရားခုံရုံး၊ တံစိုးဖုံး၍
မီးများမီးနိုင်.ရေများရေနိုင်၊
လာဘ်ပေးနိုင်က။ အမှုနိုင်ရမည်။
တရားသူကြီး။ နှစ်ဖက်လှီးယူ။
များရာ..နိုင်သူ။)

(၆) မျိုးယုတ်မွဲအို၊ မြေခွေးဖိုသည်
အဖိုးသိန်းတန်.ရွှေခွက်ထံတွင်.
ယုတ်ညံ့ကျင်ငယ် စွန့့်လေ၏။

( မင်းဆိုး မင်းညစ်၊ အုပ်စိုးရစ်သော်.
အမျိုးမြတ်မွဲ၊ အမျိုးယုတ်ချမ်းသာ.
ငတ်လေသောခါ။ လွဲမရှောင်သာ၊
မျိုးမြင့်သမီး၊ မျိုးယုတ်ခြေတော်တင်ပြီး.
အမျိုးဆက်ကာ..ယုတ်ပေအံ့။)

(၇) ယောင်္ကျားတပါး ၊ လွန်ကြိုးကျစ်သွား.
ခြေရင်းထားခိုက်၊ မြေခွေးမကိုက်.
ကျစ်လိုက် စားလိုက်။ ကုန်လေ၏။

(လော်လီမယား၊ လင်ငယ်ထား၍၊
ဥစ္စာဖြုန်းတီး၊ မူးယစ်ပြီးသော်
စုဆောင်းမရှိ။ ဖြုန်းတီးလေ၏)

(၈) ရေမရှိအိုးများ၊ ခြံရံထားသော
ရေပြည့်အိုးတလုံုံး.
ရပ်ရှစ်မျက်နှာ၊ လူသူလာ၍။
ရေပြည့်အိုးသာ. ရေဖြည့်ပါ၏။
ဘေးကအိုးများ ရေမရှိ.

(နောင်သောအခါ၊ မင်းဆိုးမင်းယုတ်၊
ပြည်အုပ်ချုပ်လျှင်၊ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ နှိပ်စက်ခြင်းကြောင့်
သူဆင်းရဲတို့ မင်းစားဖို့လုပ်.။
ကိုယ်ကျိုးမဲ့ကင်း၊ ငတ်မွတ်ခြင်း။
ဆင်းရဲဒုက္ခ၊ ကြီးလေစွ)

(၉) နက်ရှိုင်း ရေကန်၊ ရေသောက်ကန်
ကန်လည်ရေနောက်.
ရေတိမ်ရာကြည်။ ထူးဆန်းသည်။

( တရားမဲ့မင်း၊ ကြမ်းကြုတ်ခြင်း.
မတရားအုပ်စိုး၊ အခွန်တိုးစေ။
ကျဉ်းကျပ်စေသော်။ လူသူအများ။
မြို့ ပြများကို၊ စွန့်ခွါသွားစေ၊
ကျေးလက်မြေ၌၊ နေလတ္တံ)

(၁၀) အိုးတစ်လုံးမှ၊ ချက်သောဆွမ်းဖြူ
အလည်မနပ်။ မာဆတ်ဆတ်နှင့်။
အပေါ်ပျော့ပြဲ ၊ ဆွမ်းလဲမညီ။
ပျက်ခဲ့ပြီ။

( မင်းဆိုးတရား၊ မစောင့်ငြားသော်
ရာသီမမှန်။ မိုးမသန်၍
ရွာလိုကွက်ကြား။ ရေကြီးများ၏။
မရွာခြောက်ခမ်း။ ကောက်ပင်ပမ်း၏။
ကောက်မျိုး သုံးထွေ ပြားလတ္တံ့။)

(၁၁) ငွေတသိန်းတန် စန္ဒကူးနှစ်မှန်အား
အဖိုးမွဲမွဲ၊ ယက်တက်ပုပ်ရည်ဖြင့် လဲ
ရောင်းစားကြမလွဲ။

( ဗုဒ္ဓရှင်၏ ။သာသနာတော် ဆုတ် ကာလ
လာဘ်လာဘမက်၊ ရဟန်းအလဇ္ဇီ
လူအလဇ္ဇီ တို့ လက်ထက်။
ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း
ဥစ္စာပစ္စည်း ရစေရေး။
မြတ်သောတရား။ ဒေသနာများကို
အလွဲသုံးစား ၊ ဟောပြောကြားမည်)။

(၁၂) ဘူးတောင်း ရေနစ်။ မပေါ်ဖြစ်တော့၊
( ပညာမဲ့မင်း။ အုပ်ချုပ်ခြင်းဖြင့်၊
အမျိုးယုတ်သူ။ ရာထူးယူသည်၊
မဟုတ်တရား။ လေဖြီးထွားလျှက်
တရားရှိသူ၊ နိုမ့်ပါးပြည်သူ။
ညှိုးနွမ်းပူ။)

(၁၃) လေးလံ ကျောက်ဖျာ၊ ကဗ္ဗလာသည်
ရေတွင်ပေါ်လာ။ မြင်မက်ပါ၏။

(ပညာမဲ့မင်း. အကြံဖျင်းသည်။
တော်သိလိမ်မာ။ ပညာရှိသာ။
နည်းပြကူလည်း။ ခေါင်းမာဆဲ)

(၁၄) အဆိပ်မဲ့၊ ဖားငယ်မ
မြွေဟောက်ကြီးများ၊ စားမြိုချ၊

( ပြင်းသော ရာဂ၊ လူအို တို့က၊
ငယ်ရွယ်မယား၊ သိမ်းပိုက်ထားသော်
နွားအိုမြက်နု ။ ရာဂမှု ကြောင့်
မယားကနိုင်၊ လွှမ်းမိုး ပိုင်၍
လူအို အားနည်းပေလတတ်။)

(၁၅) မည်းနက် ရုပ်သွင်၊ ရှုအဆင်းဆိုး
ကျီးမျိုးတို့ကို ၊ ရွှေ၏ အဆင်း
တင့်တယ်ခြင်းနှင့်၊ ရွှေဟင်္သာက၊
ခစားနေ၊

(သူယုတ်မင်းညစ်၊ မျိုးမချစ်၍။
မျိုးမစစ်သူ။ ကျေးကျွန် လူအား။
ထီးနန်းပေးစေ။ စံစားစေ ၍
အမျိုးယုတ်သူ။ မင်းဆက်ယူသည်။
တတိုင်းပြည်လုံး။ ဖွဲမီးအုံးသို့ ။)

(၁၆) ဆိတ်တို့ အစွမ်းထက်၊
ကျားသစ်ကို အမဲဖျက်၊
ကျားသစ်နဲ့  ဆိတ်၊ တွေ့ လေလေတိုင်း။
ကျားသစ်ရင်ထိတ်။ တောချုံရိပ်မှာ
ကြောက်တိတ်တဆိတ်၊ ပုန်းအောင်းခို။

( မတရားတဲ့ မင်း၊ တိုင်းပြည်ညှင်းသော်
အမျိုးယုတ်သူ၊ ရာထူး ယူအံ့၊
သြဇာလွှမ်း မိုး၊ ဒါးမိုးနိုင်ကျင့်
လူယက် ခိုးဆိုး၊ တရားစည်ကျိုးသော်။
ရဟန်းရှင်လူ၊ ကြောက်ရွံ့ ပူကာ
ဝေးလေရာသို့ ၊ ရှောင်လတ္တံ)

မသဒ္ဓါ ငယ်ဘ၀။ အဖိုးပြောပြတဲ့ပုံ။
မယုံ့ တယုံ၊ ယုံ့  တယုံ
ဘယ်တော့ မှ..ဗမာပြည်မှာ..ဒါမျိုးမဖြစ်
ဇာတိမာန် ရစ်တဲ့ မသဒ္ဓါ။
အဖိုးပြောတာ..လုပ်ကြံပုံပြင်သာ။

ခုများမှာ
(၄၀) ကျော်သက်တမ်း။
လူ့ ဘ၀ခေါက်ချိုး၊ သက်တမ်းထဲ
မှန်လိုက်တဲ့ ကောသလအိမ်မက်။
တရားမရှိတဲ့ မင်းလက်ထက်။
ပညာမဲ့တဲ့ မင်းလက်ထက်။
ဗမာပြည်မှာ တရားလာပျက်ခဲ့ပြီ။
မင်းဆိုး မင်းညစ်၊
ဒို့ တိုင်းပြည်ကို ဖျက်နေသည်။

ခေါင်းနှစ်လုံးနဲ့ မြင်းကို
ချွေးနည်းစာ..မကျွေးရက်နိုင်ခြင်း။
အဖိုးတန်၊ ရွှေခွက်ကို..
မြေခွေးကျင်ငယ်စွန်ရန် မပေးနိုင်ခြင်း၊
မသထာရေစာ တွေစား၊
ရွှေပလ္လင်နေရာယူထားတဲ့
ကျီးမဲ ယုတ်တွေ လက်ထက်.
အမျိုးမြတ်တဲ့ရွှေဟင်္သာ၊
သမီးတော် မဆက်နိုင်တာမို့ 
ဗူးတောင်းနစ်လို့ ၊ ကျောက်ဖြာပေါ်
အရေးတော် မလှတဲ့ ဘ၀.
ခြုံကြားထဲ ပုန်းနေရတဲ့ ကျားသစ်မ။
မဲဇာမှာဘဲ.. ကျမ အနေကြာခဲ့ပြီ။
ရွှေပြည်တော်ရယ်၊
တွေးမိလေတိုင်း ၊
ဤလွမ်းမျက်ရည် တလည်လည်။

မသဒ္ဓါ (၁။၆။၂၀၀၈)

2 comments:

ကလိုစေးထူး said...

ကဗျာထဲမှာ ဇာတိမာန်နဲ့ စေတနာတွေ အထင်းသား ထင်ဟပ်နေပါတယ် အမခင်ဗျာ။ ဂရုတစိုက်နဲ့ ဖတ်ရှုသွားပါတယ်။

Anonymous said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့
---------------------------------------------------------

မြန်မာနိုင်င်္ငံမှပြည်သူများ DEMOCRACY မရရှိသေး ရခြင်းအကြောင်းရင်းများ
----------------------------------------------------------------------------------

၁။ စစ်အစိုးရသည်ပြည်သူ့အတွင်းမှဖြစ်နေခြင်း[ကိုယ့်လူမျိုး] နှင့်ပြည်သူ့အားနဲချက်များကိုသိနေခြင်း၊

၂။ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း နှင့်အတွင်းဋ္ဌ်လည်း ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝမရှိသေးခြင်းနှင့်ထောက်ပံ့မှုအလုံအလောက်မရှိသေးခြင်း၊

၃။ ပြည်ပရောက် မြန်မာ့နိုင်င်္ငံရေးသမားများ၏ မြန်မာနိုင်င်္ငံကြီးနှင့်အလှမ်းကွာဝေးသည့်နှစ်ကြီးထွားလာခြင်း၊

၎။ စစ်အစိုးရ၏ အတွင်းပိုင်းပဂိုလ်ရေးဆိုင်ရာ[အတင်း]သတင်းများကိုသာ ရရှိပြီး စစ်တပ်၏ အားနဲချက်သတင်းအစစ်အမှန်ကိုအသေးစိတ်မရခြင်း၊

၅။ နိုင်င်္ငံရေးနှင့် စစ်တပ် အဖွဲ့အစည်းတိုင်းအတွင်းဋ္ဌ်ဆရာ၊တပည့်မွေးမှူများ ရှိနေသေးခြင်း၊

၆။ အခြေခံ ဆင်းရဲသားလူတန်းစား[လူများစု]၏ စားဝတ်နေရေးကိုအစိုးရကချုပ်ကိုင်ထားခြင်းဖြင့်ဌင်းတို့မိသားစုများ၏သားသမီးများ[ပြည်တွင်း]
ဘဝခိုင်မာရန်အကြောင်းပြလှည့်ကွက်ဖြင့် DSA,DSTA,DSMA ၊စစ်သူနာပြု၊ အစရှိသည့်စစ်ကျောင်းကြီးများကိုအောင်မြင်စွာ ဆက်လက်ဖွင့်နေနိုင်သေးခြင်း၊

၇။ စစ်အစိုးရ၏ နိုင်ငံရေး ကြိုးဆွဲ ကွက်များထဲတွင် တချို့နိုင်ငံရေးသမားများ ဆက်လက် ကနေဆဲများ ရှိနေသေးခြင်း၊

၈။ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းဋ္ဌ်လည်းသာတူညီမျှမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်း အပြည့်အဝယုံကြည်မှုများမရှိသေးခြင်း၊

၉။ တော်လှန်ရေးတိုင်း၏အားနည်းချက်/အားသာချက်များကိုပြန်လည်သုံးသပ်ပြီး ပြည်သူလူထုကိုအောင်ပွဲခံစေမည့်ထိရောက်သည့် နည်းဗျူဟာသစ်များချမှတ်ပေးနိုင်မှုမရှိသေးခြင်း၊

၁၀။နိုင်ငံရေးသမားများတချို့၏ ပြည်သူ့သစွာခံနှင့် နိုင်ငံရေး ပါး မ ဝသေး ခြင်း၊

 
/* EOT ----------------------------------------- */