Monday, June 20, 2011

ဂန္ဓ၀င်သော မီးငှက် (သို့ မဟုတ်) ဒေါ်အောင်ဆန်းစုကြည်


ရှင်းသန့် တဲ့ လေ..
နွေးထွေးတဲ့ နေ
စိမ်းလမ်းတဲ့မြေ..
မိုးသားအောက်ခြေက
နေ့ ကလေးတနေ့ ပေါ့။
ဒီနေ့ ဟာ အမေ့ အသက်
၆၆ နှစ်ပြည့်ပြီ။

နှောင်ကြိုးမဲ့ လွတ်လပ်
အနာဂတ်အတွက် ဘ၀ပုံအပ်
အကောင်းဆုံးအတွက်သုံးသပ်
မနက်ဖြန်ကို ရဲရင့်စွာဖြတ်
သူမလေ..မိန်းမမြတ်။

လက်နက် မလိုဖူး။
စိတ်ဓါတ်ဘဲ လိုတယ်။
နောက်ဆုတ်ဖို့  မလိုဖူး။
အားမပျက်ဖို့ ဘဲလိုတယ်။
တယောက်ကောင်း မလိုဖူး။
ရှိသမျှနဲ့ ညီညွတ်ကြဖို့ ဘဲလိုတယ်။
အကောင်းဆုံးတွေကိုဘဲ မတမ်းတ
အဆိုးဆုံးတွေကို အဆုံးသတ်ဖို့ သာ ဖြစ်တယ်။

ညီညွတ်ရေးအတွက်..သူမသည်သာ တရားရှင်။
သမာဓိ လူပီသသော..တန်ဘိုးပိုင်ရှင်။
ငြိမ်းချမ်းသော မေတ္တာ၏လက်နက်..
အားအင်နဲ့သူ ရှေ့ ဆက်ဆဲ။
တနေ့ တလံ ပုဂံဘယ်ပြေးမလဲ။

အာဇာနည် သွေးပေါက်
သေသည်တိုင် ဒူးမထောက်
နေဆယ်နွေအောက်
ကြယ်စင်ပျောက်လည်း
လမ်း ဆက်လျှောက်မဲ့သူ

မီးလျှံထဲက နိုးထဆဲဌက်
ဂန္ဓ၀င်တွင်သော မီးဌက်..
အမေ့အသက် ရာကျော်စေ။

မသဒ္ဓါ(၆။၁၉။၂၀၁၁)

လွတ်လပ်ခြင်း ကျမ်းမာခြင်း သက်ရှည် ပျော်ရွှင်ခြင်းပီတိ ၊ အမေရယ် ထိတွေ့ခံစားစေ။

အပြည့်အစုံသို့ 

Thursday, March 3, 2011

နိုင်သူသာ ပန်းဦးနမ်း..အသက်လုပွဲမှာ ပန်းမပေးစတမ်း

ပျော့ပြောင်းပါတယ် ဆိုတဲ့
ရော်ဘာကြိုးတောင် ဆန့် ပါများရင်
ကျုံ့ နိုင်အားမဲ့ ရှည်ထွက်။

မာကြောပါတယ်ဆိုတဲ့
သတ္တုတွေ ညောင်း (Metal fatigue) တဲ့အခါ
ခိုင်ခံမှုမဲ့  တစစီ ကြွေပျက်

သစ်ပင်တောင် နှဲ့ ပါများရင်
မြေကြီးက အမြစ်ကျွတ် ပြိုလဲ။

ကျောက်အချင်းချင်း ပွတ်တိုက်မှ
မီးမွှေးရတာ မဟုတ်ဖူး
သစ်ကိုင်းစိုများ ပွတ်တိုက်ပါများရင်
မီးဖွားကျ တောမီးလောင်တယ်။

သည်းခံနိုင်တဲ့ ခန္တီစဟာ
ကုန်ဆုံးတဲ့အခါ ဒေါသအဖြစ်ပေါက်ကွဲ။

ဒီပုံပြင်မှာ..အမှားကို စတာ
ဘယ်သူလည်း။
လူစည်း ဘီလူးစည်း
စည်းခိုးနေသူ ဘယ်သူလည်း။
တပြည်လုံးပိုင်တဲ့ သယံဇာတများ
မောင်ပိုင်စီးရက်သူ ဘယ်သူလည်း။




မှတ်မိကြမလား…
၈၈၈၈ အရေးအခင်းမှာ လူမမည်ကျောင်းသားက
လက်နက်ကိုင် စစ်သားကို ခြေဖက်တောင်းပန်ဖူးခဲ့
ကျနော်တို့ တွေ ကို မပစ်ပါနဲ့ .တဲ့.
ဒါပေမဲ့
အဲဒီကျောင်းသားလေး သေနတ်မှန်သေသွားခဲ့ပြီ။


၂၀၀၇ ရွှေဝါရောင် အရေးအခင်းမှာ
သတ္တုဒိုင်း တကားကားနဲ့  လုံထိမ်းစစ်သားတွေကို
ဘုန်းကြီးများက ထိုင်ကန်တော့တဲ့ဓါတ်ပုံကို
သင်မေ့ပြီလား။
ဒါပေမဲ့ ဒီဘုန်းကြီးတွေ ထောင်ကျ ပျံလွန်ခဲ့ကြပြီ။

ကိုအောင်ဝေးကပြောတယ်။
ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ..
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ တဲ့

မှန်လိုက်လေ ဒီစကား..
စစ်အေးဘဲဖြစ်ဖြစ်
စစ်နွေးဘဲဖြစ်ဖြစ်
ဒို့ တွေ စစ်ဖြစ်နေတယ်။
မမေ့ကြနဲ့ 
ဒါ သွေးကြွေး..ဒါ ရာဇ၀င်ကြွေး
သွေးကြွေးဆိုတာ ငွေနဲ့ ဆပ်မရ
သွေးနဲ့ဘဲ ပြန်ဆပ်ရတယ်။

အသက်လုပွဲ..ဘ၀လုပွဲ
တိုင်းပြည်လုပွဲ..
မတရားတဲ့ ဒါးပြ..နှိပ်စက်တဲ့အစိုးရ
နောက်ဆုံးသွေးတစက် ကျန်သည်အထိချ..
ဒို့ သားမြေးတွေ အနာဂတ်လှစေချင်။

မသဒ္ဓါ (၃၊ ၃၊၂၀၁၁)

အပြည့်အစုံသို့ 

Tuesday, March 1, 2011

အစ၏ အဆုံး (သို့ မဟုတ် ) အာဏာရှင်၏ နိဂုံး…


ဖိနှိပ်ခြင်းဟာ
တင်းနေတဲ့ ရာဘာဘူဘောင်း တစ်လုံးလိုပေါ့။
နောက်ဆုံး မခံနိုင်တဲ့အခါ ပေါက်ကွဲ။

ကြောက်ရွံ့ ခြင်းဟာ
အတိုင်းအတာတစ်ခု အထိပါဘဲ။
နာကျည်းကြေကွဲလာခဲ့ရင် တွန်းကန်မြဲ။

ဖိနှိပ်ခြင်းမှ ကင်းဝေးရာ
လိုတဲ့အရာက သတ္တိဘဲ။
သတ္တိ..ရှိတယ်
အပြောလွယ်တယ်။
သဘောလွယ်ရင်တော့ ငုံခံစတမ်းဘဲ။

ကြောက်ရွံ့ ခြင်းမှ ကင်းဝေးရာ
ပြန်လှန် ရုန်းကန် တတ်ဖို့ တော့လိုမယ်။
အင်အားဟာ မိမိ သွေးထဲမှာဘဲ ရှိတယ်။

ကျောက်ဆောင်တွေ ဘယ်လိုတည်မြဲ
ရေ နေ လေ ဥတု တိုက်စား
နောက်ဆုံးဖြစ်ခဲ့ရတာ မြေဆီလွှာ။

အစရှိရင် အဆုံးရှိတယ်။
မကောင်းမှုဆိုသောအရာ တန်ပြန်သံသရာ
အာဏာရေပွက်..ပွက်တုန်းခဏတာ။

ဤမြေ၏ကမ္ဘာ…
ချစ်ခြင်းက တည်မြဲခိုင်မာ
မုန်းတီးခြင်းဟာ ဖန်တီးမဲ့ ကံကြမ္မာ
လူဘောင်သမိုင်းတလျှောက်
အစွန်းရောက် အာဏာရှင်ဆိုတာ
တရှိန်ထိုးထတောက်တဲ့ မီးတစ်တောက်
လောင်စာကုန်ရင် ခမ်းခြောက်စမြဲ

ဟစ်တလာ မူဆိုလိုနီ
စတာလင် ချောင်စက်စကူ
ရှား ခုံမေနီ ဆာဒန်ဟူစိန်..
မားကို့  မူဘာရက်
ဘန်အာလီနဲ့ ကဒါဖီ
ကျတဲ့အခါကျ..တရှိန်ထိုး..
သမိုင်းမှာ ကဗျည်းထိုးခဲ့တဲ့ ဒီ ပုံပြင်
ပြည်သူ သာ ညီပေစေ
အာဏာရှင်၏လားရာဟာ အောင်ဖေ။

ထိုင်နေရင် တသက်
ထကြွရင် တစ်ချက်
အချိန်ကောင်းဟာ နှစ်ခါလာရိုးထုံးစံမရှိ။
ကြောက်ရင် သင့်ဘ၀ ကျွန်မျိုး ခုနှစ်ဆက်
မကြောက်ရင် သခင်မျိုးဆက်
မြန်မာသွေးစက်နီတာပြဖို့ လိုပြီ။
သန်းရွှေ အစိုးရ ဘာကြောင့်မို့ 
ငါတို့  ဒူးထောက်ကြရမည်။

မသဒ္ဓါ (၃၊၁၊၂၀၁၁)

အပြည့်အစုံသို့ 

Friday, February 25, 2011

စတော့လေ..ရဲရဲ..ချတော့လေ.သဲသဲမဲမဲ


မင်းကိုနိုင် လေသံလေးနဲ့ ပြောရရင်
သေမှာလူတိုင်း ကြောက်ကြတာချည်းဘဲ

လူသေမှာထက် နာမည်သေမှာ
ရွှေငွေအာဏာ နဲ့ ပျော်ရွှင်လွတ်လပ်မှု ဘယ်အရာ
မီးခိုးမှိုင်းနဲ့ ပစ္စပ္ပုန်နဲ့  ကြည်လင်မဲ့ အနာဂတ်
ငိုကြွေးမှု မျက်ရည်နဲ့ အပြုံး..
သင် ဘာကို ရွေးမလဲ
ရဲရင့်ဖို့ ဘဲ လိုတယ်…
ပန်းတိုင်က လက်တကမ်းမှာ။

အခု အချိန် မှာ အချိန်ကောင်း
ကမ္ဘာပေါ်မှာ..ငါတို့ လို ဖိနှိပ်ခံရသူအပေါင်း
လွတ်လပ်ရေးရဖို့ တောင်းနေတယ်။
နှစ်ကောင်တော့ ဂျောင်းပြီ။
တစ်ကောင်လည်း ညောင်းတော့မယ်။
ဘဘိုးအို လည်း မြောင်းထဲမှာ။
အဖော်ရှိတုန်း…မီးပုံ ဆွစို့ 
သွေးမအေးခင်..တော်လှန်ကြဖို့ ။

ကမ္ဘာက ဂဒါဖီကို ၀ိုင်းဆော်ခဲ့ရင်
ဒို့  အလှည့်ကျ ဒါ..ထုံးစံဖြစ်ပြီ။
အပီဘဲ အပိုင်ဘဲ။

လက်နက်ထက် မြတဲ့ စိတ်ဓါတ်ဒါးသွား..
ဒို့ အားလုံးဆီမှာ ရှိတယ်။
သတ္တိ နဲ့ ခွန်အား ခွေးတို့ အစားခံမလား.
ဘယ်နားသွားထားမလဲ တက်လူ။
အခွင့်ရတုန်း…ရသမျှ အခွင့်အရေးအသာယူ..
ရှေ့ ဆက်တိုးခဲ့ မင်းခြေလှမ်းတို့ ရဲရဲ
အောင်ပွဲဟာ ဒို့ ရဲ့ မနက်ဖြန်..
စသာ စတော့…
ထသာ ကြွတော့

We can do it!
Sure! We can win.
Don't waste your time, Don't lose your chance.

Keep faith!!
Just Do it!
Just Do it!
Just do it!

မသဒ္ဓါ (၂။၂၉။၂၀၁၁)

အပြည့်အစုံသို့ 

Tuesday, February 22, 2011

အချိန်ကျပြီ။ .ထလော့ မြန်မာ..

ကမ္ဘာပေါ်မှာ..
သဘာဝ လောကထည်းမှာ
နေရာတကာမှာ
ကြီးနိုင် ငယ်ညှင်း
မတရားခြင်းက ရှိတယ်။
ဘယ်အခါမှ ပျောက်မည်မဟုတ်။
သင်ညိမ်နေက တဘ၀စာ
ခြောက်လှန့် မဲ့ တစ္ဆေ မိစ္ဆာ

လူသား၏ အဓိပ္ပါယ်
မတရားတာက မျက်ကွယ်
နိုင်သူ က ဒိုင်စား
ပြန်မပြောရဲသူက အမှား။
လွတ်မြောက်ရေးသည်သာ ပဓါန
တွန်းကန်ထိုးဖောက် တော်လှန်မှ။

ငုံ့ ခံနိုင်က သေ
သည်းခံ နိုင်သမျှ ကြေ
ခြောက်လှန့် နေသူက လူညစ်
သည်းခံနေသူသာ အပြစ်
နယူတန်၏ နိယာမ
“သက်ရောက်သောအားနဲ့ ညီမျှ
တန်ပြန်သက်ရောက်အားက
အမြဲရှိရတယ်”
မတရားသူကို တော်လှန်တာ..တရားတယ်။

သူသူ ကိုယ်လူ..တူတူခြင်း..
သူ ပို မတော်ဖူး
သင်ပို မဖျင်းဖူး။
ပျင်းမနေနဲ့ ။ ညင်းမနေနဲ့ 
အချိန်ကြာတယ်။

ဘ၀တူ သင်နှင့် ကျွန်ုပ်
စပါတာကပ်များ ညီတူစု
ပြိုင်တူကျောကပ် ရင်ဘောင်ရပ်
စစ်ကျွန်ဘ၀..တခန်းရပ်ကြရအောင်။

မသဒ္ဓါ။( 2/22/2011)

အပြည့်အစုံသို့ 

Thursday, February 17, 2011

Master Mind ၏ကြောင်လက်သည်း

အဘ၏ အမြင်
ဒီကောင်ကြီး ရိုသေရှာတယ်
ပြန်မပြော နားထောင်
အပိုးကျိုး ဘာခိုင်းခိုင်းရတဲ့ ဂျိုကာ
လောလောဆည် ရုပ်ပြကောင်း
ပျော့ပြောင်းပြောင်း သနားစဖွယ် ဟန်ဆောင်ကောင်း
ပေးလိုက်ဟဲ့ ကြံ့ဖွတ် သမတခေါင်းဆောင်း။

အများ၏ အမြင်
မက်မောစရာ..ရာထူးကြီးကြီးသွားရည်ကျ..
နိုင်ငံကျော်..ပထမလူ သမတ
ကျောနောက်က ကြိုးတွေက ထွေးရှုပ်
မျက်လုံးကြောင်တောင် ငုတ်တုတ်
မလှုပ် မပြုတ် ပါးစပ်ပေါက် အပ်တည်းချုပ်
တကယ်ဆို ကျနော်ဗျာ..ရုပ်သေးရုပ်။

စစ်တပ် ဘောင်းဘီချွတ်ပွဲ
ဝန်ကြီးဟောင်းတွေ မြောင်းထဲလွင့်
မျောက်သစ်ကိုင်းလွတ်.ဇောက်ထိုးနှင့်
အစာမကြေပွဲ စားမာန်ခုတ်ဆဲ
ထိုင်ခုံလုမြဲ သဲသဲမဲမဲ
နအဖ၏ ကျားဘို လုပွဲ

တော်သူမှန်က အောင်ဖေ
ပါးစပ်ပိတ် ကောင်းပါဘုရား ဆိုတတ်သူသာနေ။
ပြုတ်ပွဲ ဖြုတ်ပွဲ ညောင်းစေ ထောင်ထဲ
ဟဲဟဲ..ကျူပ်ကတော့
တစ်ကောင်ထဲ လွတ်နေဆဲ

မဲဘဲခိုးခိုး..လိမ္ဘဲပြဲ တိုးတိုး
ဘာဘဲဖြစ်ဖြစ်
သမတကတော့ သမတဘဲ။
မြေးတော် နန်းပေးချင်တဲ့ အဖိုး
ကျုပ်ခေါင်းညိတ်ဟန်ဆောင်ပြ
လက်ထဲ ရာထူးရဖို့ က ပဓါန။
ပြီးမှ စင်္ကြာမင်းသားလို ရေထဲချရင်ရတာဘဲ။
ကဲကြည့် ဦးနေ၀င်းမြေးတွေတောင် အခု ဘယ်မလဲ။
လိမ်မာတတ်ဖို့ ဘဲလိုတယ်။
ဦးသျှောင်လုပ်ချင်တဲ့ အဖိုးအို တော်တယ်ဆိုတာ
ဌဲ ဌဲ ကျူပ် အိပ်နေသလောက်ဘဲရှိပါတယ်။

သူသုံးဖူးတဲ့ ကြောင်ဘားကြီးလက်သည်းဝှက်
မြွေဟောက် ပါးပျဉ်းခွေအိပ်ချင်ယောင်ဆောင် သိုင်းကွက်
ကျုပ် အပီအပြင်ကျင့်ထားတာ..
တခါ တခါ ရုးဟန်ဆောင်ရတာ ပျော်စရာဘဲ။
ထူးမဲ့သူတွေ..မဲဇာသွားတဲ့အချိန်..
မနူးမနပ် လူတွေ ပြုတ်စော်နံချိန်
နံပါတ်ဝမ်း တစ် သမတ..
ကျူပ်နာမည် ပန်း..သိန်းစိန်ဗျ..

အဟင်း အဟင်း..အေးတယ် မထင်နဲ့ ..
ကောင်မလေးမြင် လက်နှေးမယ်မထင်နဲ့ ..
အာဏာမလိုချင်..ကြောက်လိမ့်မယ်မထင်နဲ့ 

သန်းရွေ ဦးနေ၀င်းကို သုံးခဲ့တဲ့
လူယုံပူးသတ် နောက်ကျောဒါးထိုးကျင့်စဉ်..
ကိုယ်ပျောက် ဗျူဟာဆင်ထား
နေ၀င်းလို သင်္ချိုင်းနေရာမဲ့ သန်းရွှေ..
အချိန်ကျရင်..ကျုပ်အကြောင်းသိရစေမပေါ့။

ခုချိန်မှာတော့
အမည်ခံ အူကြောင်ကြားသမတ
ကျုပ်ခွေးအိုတကောင် အစွယ်ကျိုးကျ
အရောင်မဲ့ ကြောက်လန့် နုံလှ
အထင်စမောလွန်းလေ..
ကျုပ်ပရောဂျက်အောင်လေလေပေါ့

မပြီးခင် ဗမာ မမြင်စေနှင့်..
အချိန်တန် ရင် ပရိဿတ်တို့ ရေ..
ကျူပ်ဘာကောင် ငွေရောင်ပိတ်ကားပေါ်မှာကြည့်။

မသဒ္ဓါ (၂။၁၇။၂၀၁၁)

အပြည့်အစုံသို့ 

Thursday, February 10, 2011

အလင်းရောင်တန်းတစ်ခု၏ ရာဇ၀င်

ကန္တာရ ကို ရောက်မှသည်
ရေတစ်စက်သည် ပိုမို တမ်းတစမြဲ။

အမည်းရောင်ကြားထဲမှာ
အဖြူစင်စစ်သည် ကြည်စင်ဆွတ်မြဆဲ။

အမှောင်တွေ စိုးမိုးချိန်
အလင်းရောင်ဆိုသည် ပိုမို တောက်ပစမြဲ။

ပုပ်ဟောင်သောရနံ့ ဆိုးရှိမှသာ
သင်းရနံ့  အာရုံ ပို၍သင်းထုံစမြဲ။

ခါးသီးသော အရသာကြောင့်သာ
အချိုဟာ ပို အရသာရှိဆဲ။

ဆိုးသွမ်းလူတွေ ရှိနေခိုက်
ကောင်းမြတ်သူ၏ဂုဏ်သိက္ခာ အဖိုးထိုက်စမြဲ။

ကိုယ်ကျိုးရှာ ၀ိသမသားရဲ့ စက်ဆုတ်စရာ လောဘကြောင့်
ကိုယ်ကျိုးစွန့်  သုဓမ္မသားရဲ့ အကျင့်စာဂ အရောင် ပိုဖြူစင်စမြဲ။

လွမ်းတယ် အဖေ။
သတိရတယ် အဖေ။
တမ်းတတယ် အဖေ။
အဖေ့ မွေးနေ့ ရောက်ခဲ့ပြန်ပြီပေါ့။

စွန့် ရဲသူ သာ အာဇာနည်။
သတ္တိရဲရဲတောက် ဘာမထီ။
ကမ္ဘာမြေသုန်းသည့်တိုင် မော်ကွန်းထိုး.သူ့ အမည်။
မြန်မာ၏ ဥသျှောင်..ရာဇ၀င် ထွန်းပေါက်သည်။
ဗိုလ်တေဇ သခင်အောင်ဆန်း..
ရှိန်ကျော်ဇောတဲ့ ဒီအမည်
မေ့မရ ကျမ လွမ်းမိသည်။

မသဒ္ဓါ ( ၂။၁၀။ ၂၀
)

အပြည့်အစုံသို့ 

Friday, January 14, 2011

စကားပြောသော ခြေထောက်များ

နှုတ်ဖျားမှသည် ခွန်းသီဆို သည် မဟုတ်။
လက်ဖျားမှ သည် လင်္ကာ သီသည် မဟုတ်။
မျက်လုံးမှ သည်..စကားဆိုသည် မဟုတ်။
ခြေထောက်များကလည်း စကားပြောသည်။
မယုံလျှင် ပုံပြင်သာ မှတ်ပေရော့။

ဤခြေထောက်ပိုင်ရှင်သည် ကျွန်ရှေ့ဒူးမထောက် မြန်မာပြည်လွတ်မြောက်အောင် အသက်စတေးပေးခဲ့သော ပြည်သူ၏ ဖခင် အာဇာနည် ဤခြေထောက်ပိုင်ရှင်သည် တရုပ်ကို ကပ်မြှောက် မြန်မာပြည်ကို ချောက်ထဲကျအောင် လမ်းပြမြေပုံဆွဲ၍ တွန်းပို့ နေသူ လူယုတ်မာ အာဏာရှင်။
သူကတော့ ပေးတာယူ ကြွေးတာစား မင်းပွဲ စိုးပွဲ သာ တက်ချင်သော ခြေထောက်ပိုင်ရှင်
သူကတော့ မှန်တာလုပ်ဖို့ ဆို ရုံး ဂတ် အချုပ်မကြောက် သေနတ်များရှေ့ကပင် ဖြတ်လျှောက်ရဲသူ သတ္တိ ခြေလှမ်းရှင်။
စင်ကြယ်ဖိနပ်စီးသော်လည်း မစင်ကြယ်တဲ့ ဒီခြေထောက်နဲ့ အကျင့်စာရိတ္တပျက် လူသား

ဖိနပ်မပါသော်လည်း..စင်ကြယ်ပါသော သိက္ခာ နဲ့  ဤခြေထောက်များ။
ဒီခြေထောက်မှ ဖိနပ်များ နိုင်ငံတော် ဘဏ္ဍာနဲ့ အရောင် ဖိတ်ဖိတ်တောက်သော်လည်း
ဤစစ်သားကလေးမှာ စီးစရာ စစ်ဖိနပ်တောင် မရှိရှာပါဖူး။
သူကတော့ ဘုရားပရ၀ဏ် ၀တ္တကမြေ ခြေဒါးလှီးခံ ဖိနပ်ဝတ်ရဲသော စုန်းမ
ဤခြေထောက်ပိုင်ရှင် သည် သဒ္ဓါရိုကျိုး ခြေသုတ်ပုဆိုးကဲ့သောသော အလှူ့ တကာမ။
ဒီကလေးငယ်လေးများကား စားစရာနတ္နိ အိမ်ခြေမရှိ မိဘမဲ့သည့် ဖိနပ်မဲ့ နာဂစ်ရဲ့ ဒုက္ခသည်။
ဒီဖိနပ်ပိုင်ရှင်ကလေးက လမ်းတောင် လျှောက်စရာမလိုသော စိန်စီတဲ့ ရွှေမင်းသမီး..
အာဏာ လက်နက်ဖြင့် ဖိနှိပ် ဖိနပ်ကြိုးစီးခိုင်းသော ဘိုပြောင်ကြီး
ဤခြေထောက်ရှင်သည် ယုံကြည် သဒ္ဓါဖြင့် လူအများချစ်ခင် လေးစားခံရသူ
ဤခြေပိုင်ရှင်သည် မတရား ခိုးဖွက်လုယက်သော စိန်များဖြင့် ရုပ်မလှ စိန်ရြွှေပ လင်တင် တောင်းရသော ရျွေခြေကျင်းကြီးနဲ့  မိန်းမ
ဤခြေထောက်ပိုင်ရှင်များကား ယုံကြည်ချက်ကိုစား သံခြေကျင်းဝတ် နိုင်ငံရေးအကျဉ်းသမား
ဤခြေပိုင်ရှင် သည် တယောက်ထဲ ရဲဝံ့စွာ အဖော်မပါ အပြင်မထွက်ရဲတဲ့ သတ္တိခဲ သူခိုးကြီး ငဖဲ
အဖေါ် မပါပေမယ့်  တကမ္ဘာလုံး ကို စိမ်ခေါ်ရဲတဲ့ ဦးဝင်းတင်ရဲ့  တည်ငြိမ်တဲ့ အိမ်အပြန် ခြေလှမ်း
ဒီခြေထောက်ပိုင်ရှင်များ..အာဏာတည်မြဲရေးအတွက်
ဒီဖိနပ်ပိုင်ရှင်များ အသက်စတေးခဲ့ရသည်။
ပျင်းလို့  စစ်တပ်ကိုတောင် လမ်းလျှောက်မစစ်ဆေးနိုင်တဲ့ ဘိုပျင်းကြီး
လွတ်ရာကျွတ်ရာ အသက်လုပြေးကြရတဲ့ စစ်ပြေးဒုက္ခသည် မိသားစု
ဤခြေထောက်ပိုင်ရှင်သည် အရွယ်မရောက် အဓမစစ်တပ်သို့  သွပ်သွင်းခံရကလေးစစ်သား
ဤခြေထောက်ပိုင်ရှင်များသည် အရွယ်လွန် အ်ုမင်းသော်ညား ရာထူးမစွန့် ရဲကြသူများ
ဤခြေထောက်ပိုင်ရှင်သည် အဘိုးအာဏာသုံး ရမ်းကား ဘိန်းစား မိန်းကလေးများရဲ့ ပန်းစားဘီလူးမင်းသားဤခြေထောက်ပိုင်ရှင်သည် အသက်အရွယ်မမျှ မိသားစုစီးပွါးရေး ကူညီပေးရသောကလေးငယ်။
ဒီခြေထောက်ရှင်က နိုင်ငံပိုင် ပစ္စည်းတွေ ပေါချောင်ကောင်းသိမ်း သဘာဝ အရင်းအမြစ်မှန်သမျှ ကို ရှိတာရောင်းစား ပြည်သူသတ်ဖို့  လက်နက် သူ့ စည်းစိမ်အတွက် ၀ယ်ရောင်းတဲ့သူ


ဒီဒုတ္ခိကစစ်သားတွေကဖြင့် လိုက်လည်ဈေးရောင်း လှည့်လည် တောင်းစားနေရတယ်။

ကဲ မိတ်ဆွေများ
သင်မှာ ခြေထောက်ရှိသည်။
သင့် နေသော်လည်း ဆိတ်ဆိတ်..
သင့်ခြေများက တိတ်နေမယ်မဟုတ်ပါဖူး။

ရှေဆက် တက်မလား..
နောက်ဆုတ် ထွက်မလား..
ထိုးဖောက်ထွက် ရုန်းကန်ကြမလား..
ဒူးထောက် ပေါင်းစားမလား.
ကျောက်ချ ဆွံ့ အ ဆဲလား။
သင့် သမိုင်း သင်ရေးမည်။
ဘာပြောမလည်း နားထောင်ကြည့်
သင်ခြေလှမ်းများက ပြောကြားမည့် သင်၏ ပုံပြင်။

မသဒ္ဓါ (၁။၁၅။၂၀၁၁)

အပြည့်အစုံသို့ 

Wednesday, January 5, 2011

ကြက်ဥ တစ်လုံး..စည်းလုံးကြရမဲ့ ပင်လုံဆီ

ချီးမွမ်းရင်..ခုနှစ်ရက်
ကဲ့ရဲ့ရင်လည်း ခုနှစ်ရက်.
ဘာမှ သွေးပျက်ဖို့ မလို
ကဲ့ရဲ့လွယ်သလောက် ချီးမွမ်းဖို့ ကျ ခက်တယ်။

ခရစ်စတိုဖာ ကိုလံဘတ် (Christopher Columbus)
သို့ မဟုတ် နယ်မြေသစ် စူးစမ်းရှာဖွေသူ
ကြမ်းတမ်း အန္တရာယ် ရေလမ်း
အတ္တလန္တိတ်သမုဒ္ဒရာ ဖြတ်သန်း
အနောက်အိန္ဒိယကျွန်းစု နဲ့ တောင်အမေရိကတိုက်
ရှာဖွေ တွေ့ရှိခဲ့တဲ့ သူရဲကောင်း

သူ ဘယ်လောက်ဘဲ တော်တော်..
သူ ဘယ်လောက်ဘဲ ကျော်ကျော်.
မနာလိုသူတွေက ရှိစမြဲ
ဂုဏ်ပြု ညစာဧည့်ခံပွဲ..ညတစ်ည
မခံချင်စရာ နောက်ပြောင်ကျီဆည်။
“ ကိုလန်ဘတ်မှ စွမ်းတယ်ရယ်တဲ့လား
ကျနော် လုပ်လည်း ဖြစ်ပါတယ်။
လှေထိုးတယ် ဆိုတာ လွယ်မှ လွယ်”

ရယ်သွမ်းသွေး ကဲ့ရဲ့လာတယ်။

ကိုလန်ဘတ်က ညင်သာစွာပြုံး
“ဟုတ်ပါပြီလေ လူကြီးမင်း
မိမိက သူများထက် သာတယ်ဆို
လက်တွေ့ သာပြ မဆိုနဲ့  အပို
ကဲ လွယ်လွယ်မေးမယ် ဒီပုစ္ဆာတစ်ခု
ဟောဒီက တစ်လုံးသော ကြက်ဥ
အကူမပါ အထူမပါ
ပြားသောဒီစားပွဲပေါ်
မလဲအောင် မားမားမတ်မတ်
ဘယ်သူများက ထောင်တတ်ပါသလည်း
တတ်နိုင်ရင်လက်တွေ့ ပြ
ချီးကျူးရန် ၀န်မလေးလှ”


ခန်းမအလည် ..
တယောက် မှ တယောက်
တလက် မှ တလက်
လက်ဆင့်ကမ်းတဲ့ ကြက်ဥတစ်လုံး.

ကြံရာမရ ပညာရှိ ယောင်ယောင်
ဟန်ဆောင် ဂုဏ်သရေရှိ လူကြီးမင်းများ
ကြက်ဥကို ဖင်ပြန် ခေါင်းပြန်ကြည့်
အသွင်မတူ..အပြားပေါ် အခုံးထပ်
ဘယ်လိုလုပ်ပြီး..
မှန်စားပွဲ ပြင်ညီ ပေါ် ကြက်ဥကို မတ်တပ်
ဘယ်လိုရပ်ရပါ့
ဖင်က ထောင်မလား..
ခေါင်းက ထောင်မလား..
လား. လား လား..???
ခေါင်းမွှေးသာပြောင်.
အဖြေကို မဖော်ဆောင်နိုင်ဘူး။

လက် များစွာပြောင်းလဲ
နောက်ဆုံး.. အဖြေမရှိ
ကိုလန်ဘတ် လက်ထဲ ကြက်ဥ ပြန်ရောက်ရှိ

“ကဲကဲ..
ဘယ်သူမှ မထောင်နိုင်တာ သေချာပြီလား..
ဒါဆို ကျူပ်ထောင်ပြမယ် ဒီမှာကြည့်”


ကြက်ဥရဲ အောက်ခြေ လုံးသော နေရာကို
စားပွဲပေါ် ဆတ်ကနဲ ဆောင့်ချ
ဂွပ်ကနဲ နဲ့ ဖင်ပြားသွားသော ကြက်ဥ
ထောင်နေတာ..ဥပမာပြု

“ဟာ”ကနဲ က ပရိဿာတ်
ဒီလိုဆိုတော့ အဟုတ်သားလား.
ကြည့်တော့လည်း လွယ်လွယ်လေးပါလား.

ကဲရဲ့သူများ ကတော့ အရှက်ပြေမျက်နှာပိုးသတ်
" အော် ဒီလိုသာဆို ငါတို့လည်း
ထောင်တတ်တာပေါ့ ဒီကြက်ဥ
လွယ်လွယ်ကလေးဘဲ ဘာခက်သလည်း”


ကိုလံဘတ်စ်က
" ကဲ မိတ်ဆွေ..တကယ်တတ်ပါရင်
အခုနကပဲ ကြက်ဥကလေး ထောင်ပြ
ကိုယ်တိုင်ကျလည်း မလုပ်တတ်ကြ
သူခိုးပြေးမှ ထိုးကွင်းထ
သူများလုပ်ပြီးခါမှ လာမကဲ့ရဲ့
အခုမှလာ ငါတတ်ပါတယ် ပြောမနေနဲ့
သူများလုပ်ပြမှ ခိုးချလိုက်
ဒါဆို သင်ဟာ သူများရဲ့ နောက်လိုက်"


ဒီ ကြက်ဥပုစ္ဆာနှယ်
လုပ်တတ်ရင် လွယ်..
မလုပ်တတ်ရင် ခက်
လက်ညှိုးထိုးရန် လွယ်..
ဖောက်ထွက်ဖို့ ကခက်
မတူတဲ့တိုင်းရင်းသား..
တူယှဉ်ငြိမ်းချမ်းနေထိုင်ရေး.
ဗိုလ်ချုပ်လက်ထက်မှာ..သွေးစည်းရေး
ပင်လုံမှာ စာချူပ်ရေးခဲ့တယ်။

ယုံကြည်စိတ်ချသူသာ
စည်းရုံးရာအောင်မြင်ရာပေါ့။
ဗိုလ်ချုပ်တော်တို့ သမီးတော်တာမဟုတ်။
သမီးတော်လို့  လူကြည်ညိုတယ်။
ကဲ ထောင်ရခက်တဲ့ ကြက်ဥ
ညှိနှိုင်းခက်တဲ့ ဒုတိယ ပင်လုံ.
တောင်ပေါ်မြေပြန့် သွေးစည်းချစ်ကြည်
မလုပ်တတ်သူတွေ ဘေးဖယ်နေစေချင်သည်။

ကိုလံဘတ်(စ်)ရဲ့ နိယာမ
အတွေးအခေါ်သန် အရည်အချင်းမှန်
တတ်နိုင်သူ ဦးဆောင်ကြ
ကိုယ်တိုင်လုပ်ခွင့်ကြုံတုန်းက မလုပ်နိုင်..ဖျင်းစွ.
တတ်သူ လုပ်ပြတဲ့အခါမှ မဲ့ရွဲ့ ကဲ့ရဲ့တဲ့ ဒီပါးစပ်
ခွေးလောက်မှ အဖိုးမတန်..
မြန်မာ အမျိုးမမှန်။

ချိတ်လုံချည် ၀တ်တိုင်းခေါင်းဆောင်မဟုတ်
ပြည်သူလေးစားမှ ခေါင်းဆောင်ဖြစ်တယ်။

မသဒ္ဓါ (၁။၅။၂၀၁၀)

တိုင်းပြည်ကြီးပွားစေချင်ရင်- ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မည်”
*ဗိုလ်ချုပ်အောင်ဆန်း*

၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်။ “ဒုတိယပင်လုံ (၀ါ) ၂၁ ရာစု ပင်လုံညီလာခံဆိုတာဟာ ထိပ်တိုက်ရင်ဆိုင်တွေ့ရေးလမ်းကို သွားနေတာ(စိမ်ခေါ်တာ) မဟုတ်ပါ။
အမျိုးသား ရင်ကြားစေ့ရေးအတွက် ရည်ရွယ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ထွန်းဖို့အထောက်အပံ့တစ်ခုသာဖြစ်တယ်
စင်ပြိုင်အစိုးရလည်း မဟုတ်သလို စင်ပြိုင်လွှတ်တော်လည်း မဟုတ်ပါ။
စင်ပြိုင်ညီလာခံလည်း မဟုတ်။ ဘာဆို ဘာမှ မဟုတ်ဘူးဆိုတာ တပ်မတော်မှ နားလည်မှုလွဲနေတာကို ရှင်းလင်းအောင် ပထမကြိုးစားသွားရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်

အပြည့်အစုံသို့ 

Tuesday, December 21, 2010

ငတုံးကြီးများရဲ့ တိုင်းပြည်

မိုက်သလားနဲ့ တော့ မင်းမမေးနဲ့ 
သူတို့ က ပုဇွန် ဦးဏှောက်
အနှစ်မရှိတဲ့တောက ကြက်ဆူ
သန်းရွှေဆိုတာ..ငဒူ ပေါ့

ပိန်း သလားတော့ မင်းမမေးနဲ့ 
သူတို့ က ခေါင်းပေါ်ခြေပေါက်
ပညာမရှိတဲ့တောသား အူတူတူ
သန်းရွှေဆိုတာ..သေနေတဲ့လူပေါ့

ရက်စက်သလားတော့ မင်းမမေးနဲ့ 
သူတို့ က ငရဲမကြောက်
ဂရုဏာမရှိတဲ့တောသား ဘယ်သူဘဲ သေသေ
သန်းရွှေဆိုတာ..မာချင်သော ငတေ

တုံးသလားတော့ မင်းမမေးနဲ့ 
သူတို့ က ကျည်ပွေ့အတက် မပေါက်
တော်သူကို မနာလို တိုရှည်
သန်းရွှေဆိုတာ..ဝေလေလေ

ရူးသလားတော့ မင်းမမေးနဲ့ 
တော၏အလည် မြို့ ဆောက်
တမျိုးလုံး ဂုဏ်မာန ရစ်မူး
သန်းရွှေဆိုတာ.. ဘုရင်ရူး ဘိုးတော်ရုး

ဖျင်းသလားတော့ မင်းမမေးနဲ့ 
ရှိသမျှ သယံဇာတ ပေါချောင်ဈေးနဲ့ 
အိုးသွန်ဖာမှောက်
သန်းရွှေဟူသည်.တရုတ်၏ကျွန်သဘောက်

ညံ့သလားတော့ မင်းမမေးနဲ့ 
မြစ်မတွေ ဆည်ဆောက်
ကွန်ကရိ လမ်းဖောက်
ကျွန်းတောတွေ ခမ်းခြောက်
သန်းရွှေဆိုတာ တနပ်စား ငကြောက်

ဖြုန်းသလားတော့ မင်းမမေးနဲ့ 
တိုင်းပြည်ဘဏ္ဍာ ခိုးဖွက်
နျူကရီယား ဆောင်းအိမ်မက်
လက်နက်ဝယ်ယူ မီးကျိုးမောင်းပျက်
သန်းရွှေလုပ်ရပ်က တိုင်းပြည်ဖျက်

ကန်းသလား မင်းမမေးနဲ့ 
လူဖျင်း လူယုတ် တပည့်မွေး
အမြှောက်အပင့် ကိုယ်ရည်သွေး
ဘာအရည်အချင်းမှ ပြောရန်မရှိ
သန်းရွှေ အရည်အချင်း ပလာနတ္တိ

မှန်းသလား မင်းမမေးနဲ့ 
မြေးကို နန်းပေး
ဘော်လုံးအသင်းကို ငွေပေး
တောသားရဲဆွဲထုတ်
သန်းရွှေ သည်အာဏာရှင်အစုတ်

ပဲများသလားတော့ မင်းမမေးနဲ့ 
အဖေက အာစီယံဆွေးနွေးပွဲ သတင်းပေးစပိုင်
သန်းရွှေသမီးမ ခရစ်စမတ်သစ်ပင်မီးတိုင်
သန်းရွှေဆိုတာ သူခိုးရွှေရ မကြွားရ မနေနိုင်

စားတာလည်း စားတာပေါ့။
ကြွားနေတာလည်း ကြွားတာပေါ့
တိုင်းပြည်လည်း စေတနာထားမှပေါ့။

ခုတော့ဗျာ
မကြား မမြင် မသိ မတတ်
အသိငတ် အမြင်ငတ်
လူတတ်ကြီးတွေလည်း လုပ်ချင်
ဖုတ်ဝင်လူသေကောင် Zombie မိုးတိုးမတ်တပ်
အရိုးနံ့ ရ ခွေးကလေး အမြီးနံ့ တံ့တံ့
ငတ်ကြီးကျ လူတန်းစားတစ်ရပ်

တရုတ် သံပတ်ပေးတိုင်း တရွေ့ တရွေ့ 
အဖေကြီးရှေ့  ဒူးထောက် ၀မ်စွေ့ ဝမ်စွေ့ 
ဒီလိုသာ လူစဉ်မမှီ မိုက်မဲထုံထိုင်း
ဒုံးဝေးတိုင်းသာ ဆို
ဒီလူ ဒီမင်း ဒီမြေ နဲ့  ဒီအစိုးရ
နလန်ထဖို့ မမြင်
အာရှရဲ့ ပုတ်သိုးနေတဲ့အမှိုက်တပုံ
အာရှရဲ့ တာစူကွဲမဲ့ ဗုံးတစ်လုံး။

ဒီ…ရွှေမြန်မာဆိုတဲ့ အမျိုး
ဒီ…ရွှေမြန်မာဆိုတဲ့ တိုင်းပြည်
နောင် အနှစ်ငါးဆယ်တိုင် ဒါးမနောက်ပိတ်
အာရှ လူပြိန်းခွေးနိုင်ငံ မသေမချင်း အိပ်
နောက်ပေါက် ပညာတတ်စစ်ဗိုလ်များ နဲ့ 
ဒီမိုကရေစီ လှုပ်ရှားသူတွေ မှ မကယ်
ဒီ တိုင်းပြည်ဟာ သေဖွယ်။

( ပုံ။ စင်္ကာပူ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ)

မသဒ္ဓါ ( ၁၂။၂၁။၂၀၁၀)

အပြည့်အစုံသို့ 

Tuesday, December 7, 2010

အသေအချာကြည့်..ဤသည်မှာ ဆင်သေ

ကြာကြာဝါးလေ ခါး..
ဖွတ်ထွက်လာတာ..ခြတောင်ပို့ များ
ထွီ..ဟုတ်နေပါပြီ..
မြန်မာပြည်က ဘိုးတော်မင်းတရား.
နိုင်ငံကို အပိုင်စားပြီး.
ပြည်သူ့ ဘဏ္ဍာနဲ့ ကြက်တိုက်စားမဟဲ့
မန်ချက်စတာ ကို ခိုင်းစားချင်သတဲ့
ကျောက်ဆည်သား ဒီ မြေးအဖိုး..
ကုန်းဘောင်ဆက် ပုဂံမင်းမျိုး..
လောင်းကစားဆို မက်လိုက်ပေ့ လူဆိုး.။

မြို့ ဝန် ဘိုင်ဆတ် အာဏာသား
အောင်သောင်းက ဘုန်းကြီးသတ်တယ်။
မင်းသားအို တေဇ..ထီးနန်းက မျက်စောင်းထိုးတယ်။
နန်းမတော်ကြိုင်ကြိုင် ထမီစုတ်တစ်ထည်နဲ့ နန်းတော်လည်.
ရနောင်မောင်မောင်တုတ် နေရွှေသွေးအောင် တဏှာသည်။
သွေးစွန်းသောစိန်အပြည့်.
ယောက်ျားတင်..အတောင်းကောင်းတဲ့ ရွှေအိမ်သည်
ဖင်မနိုင် ပဲဟင်းစား
နောက်ဆုံးအမည်တွင်မှာ ဒုတိယ တရုပ်ပြေးမင်းဆက်များ။

တတိုင်းလုံး သူသေကျ..နာဂစ်မှ..သူမထ.
ဂီရိ အ၀င်..မျက်နှာမပျက်တတ်သော ရှင်ဘုရင်
ဒီလို လူယုတ်..မြန်မာထီးနဲ့ တန်သလား..
ဒီ အမျိုးယုတ်. မြန်မာ ပြောရ အရှက်သား..

တဖြေးဖြေးရိ..အပေါ်အရေခွံ သာရှိသည်
မြောနေသောဆင်သေကောင်..
ယောင်တောင်တောင် လိုက်ပါနေသော
လောဘသား ကျီးမည်းကောင်များ..

သတိ..သတိ ထကြည့်.
သင်နားနေတာ ဆင်သေတစ်ကောင်
ပုပ်ဟောင်ရွတ်တွ.လောက်သေကျ
နိဂုံးမှာ ပင်လယ်မှာ ပြန်ရန်ကမ်းမရှိ
နစ်မြုပ်မည် သတိ။

မကောင်းရာမှန်သမျှ ဖုံးရာမရှိ
လှို့ ဝှက်ချက်တွေ ပေါ်လာပြီ.
အပုပ်မချ..အမှန်တွေ တင်ပြမည်။
ရာဇပုလ္လင် လှုပ်..မင်းဆက်ပြုတ်မဲ့ဆီ။

မသဒ္ဓါ (၁၂။၇။၂၀၁၀)

အပြည့်အစုံသို့ 

Thursday, December 2, 2010

ညီစေ...


ကဲ့ရဲ့တာ လွယ်
ချီးမြှောက်ဖို့ ကျ ခက်တယ်။

လက်ညှိုးထိုး လွယ်
လက်ဆွဲနှုတ်ဆက်ဖို့ ကျ ခက်တယ်။

နောက်လိုက်တာ လွယ်
ခေါင်းဆောင်ဖြစ်ဖို့ ကျ ခက်တယ်။

သူတပါးကို နိုင်ဖို့ ထက်..
ကိုယ့် အတ္တကို နိုင်ဖို့ က ခက်တယ်။

ဇာတ်မြောနေတဲ့ စစ်ကျွန်တော်လှန်ရေး..
မအောင်မြင်သေးခင် ရင့်ယော် ပုပ်ရိ
ဆွေးမြေ့မသွားဖို့ က အရေးကြီးတယ်။

ရိုးသားစွာ တွေး..
သင်၏ ကိုယ်ရည် ကိုယ်သွေး
သင့်သာသည် အသိ။
သမိုင်းပေး၏ တာဝန်ရှိသည်။

မိမိ နိုင်ရာ ဒေါင့်တစ်နေရာ
မိမိ ဆိုင်ရာ ခေါင်းမရှောင်သာ
ရဲရင့်စွာ နေရာယူပေးကြပါ။

ဦးခေါင်းလည်း ဦးခေါင်း..
ခြေချောင်းလည်း ခြေချောင်း.
သူ့ တာဝန် သူ့ ဝန်တာ.
အတူတူ လှုပ်ရှားမှ ရွေ့ မှာမို့ 
ကဲ သူငယ်ချင်းတို့ ရေ..
နောက်ကချည်း လိုက်မလား..
အောက်ကချည့် တိုက်မလား..
ဒူးထောက်မိရင် တသက်
ဖောက်ထွက်နိုင်ရင် တစ်ချက်
လူရှုံး လူအ..လူစွမ်း လူစ
ဘယ်အစားမှာ မင်းပါသလည်း။

ခေါင်းဆောင်လည်း ခေါင်းဆောင်
ငယ်သား လည်း ငယ်သား
ဟန်ချက်ညီညီ..ရုန်းသင့်ပြီ။

ငါသေရင်..မင်းဆက်တက်..
မင်းသေရင်..ငါ ဆက်တက်မယ်။
တော်လှန်ရေးရဲ့ သဘော..
သွေးရင်း.ချွေးရင်း..စတေးရင်း.
တဗိုလ်ကျ..တဗိုလ်တက်..
တပ်မပျက်ဖို့ က အရေးကြီးတယ်။

ခေါင်းခါး ခြေလက်..သွက်သွက် လှုပ်ရှား.
ညီညွတ်မှု ယန္ဆယား..
ရစ်သမ်နဲ့ စည်းချက်..
သက်လုံနဲ့ ၀င်သက်ထွက်သက်
အားလုံး ညီကြစေ။

ပန်းတိုင်လိုချင်…
ရင်းရမယ့် လုံ့ လ
အလကား ဘာတခုမှ မရ
လိုချင်ရင် အားထုတ်..
လွတ်မြောက်ချင်ရင်..ဖောက်ထွက်စို့ ။

ကဲ..ညီပြီလား..
အဆင်သင့် ပြင်….
ရှေ့ တက်မယ် လာ..
ပြောနေ.. ကြာ။

မသဒ္ဓါ (၁၂။၁။၂၀၁၀)
ခေါင်းစဉ်ဒီဇိုင်းကို ကျေးဇူးပြု ရေးဆွဲပေးသော မောင်လေးမျိုးအားကျေးဇူး အနန္ဒ ပါ။

အပြည့်အစုံသို့ 

Wednesday, December 1, 2010

မေတ္တာ….



သား ငယ်ငယ်က
ပွဲဈေးတန်းထဲ တိုးတဲ့အချိန်
လူဘုံအလည်..သားငယ် ပျောက်မှာ
အမေက စိုးရိမ်တယ်။
သားလေးငယ်
အမေ့ လက်ကို မြဲမြဲတွဲထား
ပျောက်မသွားစေနဲ့ နော်။
အမေက သား ကိုချစ်တယ်။





အမေ အသက်အရွယ် ရ
လူအုပ်ထဲ သွားတဲ့ အချိန်
ပရိဿတ်အလည် အမေ မွန်းကြပ်မှာ
သားက စိုးရိမ်တယ်
အမေရယ်
သား လက်ကို မြဲမြံ ဆုတ်ထား
လွတ်မသွားစေနဲ့ နော်။
သားက အမေ့ ကိုချစ်တယ်


မသဒ္ဓါ (၁၁။၂၉။၂၀၁၀)
တုနှိုင်းမရသော မေတ္တာရှင်များအတွက်..

အပြည့်အစုံသို့ 

Sunday, November 28, 2010

ကြံကို ဘယ်နေရာက စ စားမလည်း..

တရံရောအခါ
အင်းဝ ၀န်ဇင်းမင်းရာဇာ နှင့်
မွန်ပညာရှိ အမတ် သီဟပတေ့
မွန်မြန်မာ အမတ် နှစ်ပါး..
စစ်မက်ရန်သတ်၊ အပစ်အခတ်ရပ်
သစ်ကညင်အရပ်။
ငြိမ်းချမ်းအတွက် စေတမာန်၊
ပြည်ထဲရေး၏ စကားဆိုရန်
တွေဆုံကြလေ၏။

မွန်အမတ်သည် ကြီးသူကို လေးစား
ရိုကျိုးစွာ နိုမ့်ရာက ခစား၏။

ဝန်ဇင်းမင်း လည်း
အပြန်အလှန် လေးစား
"သင့်တင့်သောနေရာတွင် ထိုင်ပါအဆွေ" ဖိတ်လေ၏။

မင်းနှစ်ပါး အဆုံ
မည်သို့ စကားကို မည်သို့ ဆို..
မေးခွန်း မေးလေသတတ်။

မင်းရာဇာ။ ။
“အဆွေတော် သင်အမတ်
အရှည်ငြိမ်းချမ်း တူယှဉ်တွဲရေး
ပြည်ထဲရေးကို ဆိုရေးငှါ..
စစ်သူကြီးကဲ့သို့  ဆိုမည်လော..
ပညာရှိကဲ့သို့ ဆိုအံ့လော”


သီဟပတေ့ ။ ။ “ အိုဘဲ့ အမတ်မင်း..
စစ်သူကြီးမည်သည်..
နှစ်သက်သော စကားကြားက နားဝင်။
မနှစ်သက်သော စကားကြားက စစ်ဆင်။

ပညာရှိတို့ မည်သည်..
ဟုတ်မှန်သော စကားကြားက
အသာတကြည် နားဝင်။
မဟုတ်မှန်သော စကားကြားက
သက်သေ သာဓက
ညင်သာ ချိုသာ ငြင်းလေ၏။

သို့ တပြီးကား နှစ်နိုင်ငံအရေး..
အကျွန်တို့  ပညာရှိနှယ် ဆွေးနွေးကြပါအံ့”
ဤသို့ တပြီးကား.
အမတ်မင်းနှစ်ပါး စစ်ငြိမ်းရာအရေး
ဆွေးနွေးကြလေ၏။

သီဟပတေ့ ။ ။ “သမီးကညာ ကြံ၊ ပညာရှိ
ဤအတုမရှိသော ဘ၀၏ အရသာ
မေတ္တာဖြင့် အကျွန်ဆက်၏။
ဝန်ဇင်းမင်းရာဇာ သုံးဆောင်တော်မူပါ”
အသင့်ယူလာသော ကြံဖြူကို
ဆက်ကပ်လေ၏။

မင်းရာဇာ။ ။ “ကောင်းပါပြီ အမတ်မင်း
မေတ္တာဖြင့်ပေးသောကြံ
အကျွန်သုံးဆောင်ပေအံ့”
မင်းရာဇာသည် ကြံ၏အဖျားမှစ၍
စားသုံးလေ၏။
မွန်အမတ်ကား အရင်းမှ စ စားသုံးလေ၏။

သီဟပတေ့ ။ ။“ အိုဘဲ့  အဘိုး မင်းရာဇာ
ဘယ်သိုအကြောင်းကြောင့်
ကြံဖျား အရသာမဲ့ကင်း ရာမှ
စတင် သုံးဆောင်ပါ၏နည်း အရှင်”

မင်းရာဇာ။ ။ “ အကျွန်သည်ကား
ဗေဒင်အလို..အရသာကို
နည်းရာမှများရာ တိုးတိုးရစေ..
အဖျားမှစ စုတ်ပေလေ၏။”

သီဟပတေ့ ။ ။“ ဘ၀ဟူသည် တိုပါဘိ။
ကွေးသောလက် မဆန့် 
ဆန့် သောလက် မကွေးမီ..
အရသာ ကောင်းမခံစားရမီ
သေလွန်ရှိက..အရှင်..
ချိုသော အရသာကို သင်မသိ..
ပညာရှိမမည်ပါ၏ လော”

မင်းရာဇာ။ ။ “သင် ၏ စကား
တရားတော်၏ ညီပေ၏။
ငါ၏စကားထက် သင်၏စကားက ထက်ပေ၏”

အမတ် သီဟပတေ့
သဘောတော် အလွန်ခွေ့ လေသတတ်။
သီဟပတေ့ ။ ။ “ နောင်တော် မင်းရာဇာ..
သင်သည် အမှန်ဆိုဘိ၏။
အကျွန် နှစ်သက်ပါပေသည်။
သင်သည်လည်း မမှားပေ။
တရားတော်နှင့်သာ မညီခြင်းတပါး
အရှုံးကို ၀န်ခံရဲသောပညာရှိ.
အမှားကို လက်ခံရဲသောပညာရှိ.
သင်လိုလူသည် ဘယ်မရှိ
အကျွန်ပ်၏ တပိဿာခွဲ အလေးချိန်ရှိ ကွမ်းအစ်
ပဏ္ဍာအဖြစ် လက်ခံတော်မူပါ”

မင်းရာဇာ။ ။ “ လောက၀တ် ဓမ္မ၀တ်
ကုံလုံပါသောပညာရှိကား ရှားပါလေ၏
သင်သည်ကား ပညာလည်းရှိ လိမ်မာသိ၏
ပညာရှိကျေးဇူး အထူးသိ၏
ပညာရှိတဦး၏ ကျေးဇူး
အခြားတစ်ဦးမှ ဖော်ပြချီးမွမ်းမှုကား မရှိသလောက်ရှားလေစွ
သင်သည် အမှန်ပင်
မင်းတိုင်ပင် မွန်ပညာရှိ ဖြစ်လေ၏”

ဤနှယ်ပင် အမတ်မင်း နှစ်ပါး..
ချစ်ကြည်စွာဖြင့် ငြိမ်းချမ်း..
လူမျိုးနှစ်မျိုးကြား ပေါင်းစည်းညီရေး..
မေတ္တာဖြင့် ဖြေရှင်းလေ၏။

ဤပုံပြင်၏ အချုပ်
ငြိမ်းချမ်းရေးကိုတည်ဆောက်လျှင်..
နှိမ့်ချမာန..ပျော့ပြောင်းစွာ မေတ္တာဖြင့်ပြင်

ဆင်ခြင်ပါလေ။
မြန်မာ အမတ်သည်..
အဘယ်ကြောင့်ကြံကို အဖျားမှစားသနည်း..
မည်သည့် အရာမဆို..နိမ့်ရာမှ မြင့်ရာ
အောက်ခြေမှစ အထက်သို့ တိုးတက်ရာ
ကြံဆောင်ပေ၏။
အောင်မြင်ပါက ၀မ်းသာရှိ၏။
ဘ၀၏ ပီတိ..အဆုံး၏ အောင်မြင်မှူအရသာ
မြတ်ပါလေသောကြောင့် ကြံဖျားမှစ၍ စား၏။
ဤ လုပ်ရပ်သည် မမှား အကျိုးများစေနိုင်၏။

ကြံရင်းမှ စစားခြင်းသည်..
စည်းစိမ်ချမ်းသာ ယခု ရှိသော်ညား
တဖြေးဖြေး လွင့်စင်ပျောက်..
ပျက်စီးခြင်းသဘောသို့ ရောက်၏
မိမိ သာယာရာသာ တနပ်စား..
တကိုယ်ကောင်းသမားများနှင့်တူလေ၏။
ဘ၀တဏှာများ မိမိအရေးသာလျှင် မိမိကြည့်လေ၏။

ဤသည်ကို မင်းရာဇာသိသော်ညား..
စစ်မက်အရေး ငြိမ်းချမ်းရေးအတွက် လာသူ..
အသေးအမွှား ငြင်းခုန်နေ၍ အကျိုးမရှိ
ပညာရှိမာနထက်စာ ချင့်ချိန်ရမဲ့ ပြည့်သူ့ မျက်နှာ
အနိုင်ယူသူကို အရှုံးပေး
ငြိမ်းချမ်းရေးအတွက် သိက္ခာကိုရင်း
မွန်အမတ်မှန်သည်ဟု ဆိုလေသည်။

နိုင်ငံတစ်နိုင်ငံ လူမျိုးကွဲ မူကွဲ
အတူတကွ ငြိမ်းချမ်းရန်စဲ
ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ
အဆုံးမှာ အကျိုးများရန်သာ မူရင်း
ညီညွှတ်တည်မြဲရန်..တည်ဆောက်ရမည် နိုင်ငံတခု

ကဲ ဘယ်သူက
ကြံကို ဘယ်နေရာက စစားမလည်း..
တွေးတောကြံစည်..သဘောပေါက်သင့်ပြီ။

မသဒ္ဓါ ( ၁၁။၂၆။၂၀၁၀)
အကိုးအကား..ဒေါင်းဖတ်စာ။ ။

အပြည့်အစုံသို့ 

Thursday, November 25, 2010

ဂုဏ်ပြုထိုက်သောသူကို ချီးမြှင့်ခြင်း၏ မင်္ဂလာတစ်ပါး..


သောတာပန် ဟူသည်
သောတ နှင့် အာပန္န ပါဠိ အရ
သောတ-ဟူသော
သမ္မာဒိဋ္ဌိ၊ မှန်သော အမြင်
သမ္မာသင်္ကပ္ပ၊ မှန်သော အကြံ
သမ္မာဝါစာ၊ မှန်သာ စကား
သမ္မာကမ္မန္တ၊ မှန်သော အမှု
သမ္မာအာဇီဝ၊ မှန်သော သက်မွေးမှု
သမ္မာဝါယာမ၊ မှန်သော အားထုတ်ပြု
သမ္မာသတိ၊ မှန်သော ဆင်ခြင်အောက်မေ့ခြင်း။
သမ္မာသမာဓိ၊ မှန်သော တည်ကြည်ခြင်း
ဤ ရှစ်ပါး သော မဂ္ဂင်…
ဦးစွာအလျှင်ရောက်ရှိသောသူသာ
သုံးပါးသော ဘုရား တရား သံဃာ
အကြွင်းမဲ့ သက်ဝင်ယုံကြည်နိုင်သူသာ
ငါးပါးသီလ မကျိုးမပေါက်
ပြည်စုံခိုင်မာခြင်းသောသူသာ..
သောတာပန္န-သောတာပန်ရသောသူ မည်၏။

၁။ ဒါနပါရမီရက်ရော ကူညီစောင့်ရှောက်တတ်သောသူ

၂။ သီလပါရမီ သန့် ရှင်းစင်ကြယ်သော အကြံအစည်၊
အပြုအမူ ၊အပြောအဆို ၊ စည်းကမ်းရှိ..ယဉ်ကျေးသိမ်မွေ့သူ

၃။ နိက္ခမပါရမီ၊ တစ်ကိုယ်ကောင်းမဆန်၊ ကိုယ်ကျိုးမရှာသူ၊
အများအတွက် ကိုယ်ကျိုး စွန့်လွှတ်နိုင်သူ

၎။ ပညာပါရမီ ။ ပညာရှိသူ ၊ အမှန်တိုင်းသိမြင်နိုင်သူ
အများကို အမှောင်မှ အလင်းသို့ ပို့ဆောင်နိုင်သူ
အသိဥာဏ် ဗဟုသုတ ခေါင်းဆောင်နိုင်သောသူ

၅ ။ ၀ီရိယပါရမီ သတ္တိရှိစွာ ကြောက်ရွံ့မဲ့ကင်း
ရည်မှန်းချက်ပန်းတိုင် ဇွဲခိုင်ခိုင်ဖြင့် ကျော်လွှားနိုင်သောသူ

၆။ ခန္တီပါရမီ သည်းခံစိတ်ရှည် ခွင့်လွှတ်တတ်သောသူ

၇။ သစ္စာပါရမီ မှန်ကန်ရိုးသားတည်ကြည် မုသားမဲ့သောသူ

၈။ အဓိဋ္ဌာန်ပါရမီ ပန်းပွင့်လို နူးညံ့ ကျောက်ဆောင်လိုခိုင်မာ
ခိုင်မာပြတ်သား သံမဏိစိတ်ထားနဲ့သူ

၉။ မေတ္တာပါရမီ ကြင်နာသနား
သွေးရင်းနှယ် ဂရုဏာထား..ပြုစုစောင့်ရှောက်တတ်သူ

၁၀။ ဥပေက္ခာပါရမီ စိတ်လှုပ်ရှားမဲ့ ညီမျှတည်ငြိမ်မှု
အေးချမ်းတည်ငြိမ်သူ ဖြစ်ရမယ် ၊

ဤရခဲ့သော ပါရမီတရားဆယ်ပါး
ပြည်စုံသူသာ သူတော်ကောင်း အာဇာနည်တပါး။

ဒေါ်စုနဲ့ မသဒ္ဓါ အပြင်မှာ မမြင်တွေ့ ဖူးပါ။
ဘုန်းတော်ဘွဲ့ တွေရေး…မသဒ္ဓါ ငတ်သူလည်း မဟုတ်ပါ။
ချီးမြှင့်ထိုက်သူ ချီးမြှင့်ရသော မြတ်မင်္ဂလာ
မသဒ္ဓါ မွေးဖွားခဲ့တာ အမျိုးကောင်းသမီး၏ နေရာ။

ကဲ့ရဲ့လွယ်သလောက် အကောင်းမြင်မှုပျောက်နေတဲ့
ကပ်လောကထဲ..မသဒ္ဓါ၏ ချီးမြှင့်မှုဆိုတာ..
အတ္တိသရ ၀ုတ္ထိအလင်္ကာ မဟုတ်ပါ။

သူမ၏ ကျေးဇူးသည် တင်နေတာ မြန်မာ၏ အကြွေး
သူမ၏ ပေးဆပ်မှုသည် ကျမတို့ အတွက် သမိုင်းရေး..
သူမ၏ စွန့် လွှတ်မှုသည် တမျိုးသားလုံး ကောင်းစားရေး

ဝေဖန်ကဲ့ရဲ့တတ်သော သူများရယ်
သင်သည် ဤသို့ စွန့်လွှတ်နိုင်ပါသလော...
သင်သည် ဖော်ပြပါ အရည်အချင်း ပြည့်စုံပါ၏လော။
လက်ညှိုးထောင်သူရှိရင်..သင့်အတွက်ပါ
ကျမ ချီးမြှင့်ပေးပါ့မယ်။ လာဆက်သွယ်။

ကဲ…
ဒီအတွက် ထိုက်တန်သော သူတော်ကောင်း၏ ဂုဏ်ရည်။
အထက်ဖော်ပြပါ အရည်အချင်းများ ပြည်စုံသောလူ သည်
လေးစားလောက်ပါသော ဒေါ်အောင်ဆန်းစုကြည်
ဝိသာခါသို့  မိန်းမ ကျမ ဂုဏ်ပြုပါသည်။

မသဒ္ဓါ ( ၁၁။၂၅။၂၀၁၀)

နာမည် အတွက် မရေး
ငွေကြေး အတွက် မရေး..
ပေါ်ပင် အတွက် မရေး
ဖားလို၍ မရေး
ယုံကြည်မှူအတွက် ကျမ ရေးသည်။

အပြည့်အစုံသို့ 

Wednesday, November 24, 2010

ဝိသာခါလို မိန်းမမြတ်


ဘုရားဟော ကျမ်းဂန်
ရှေးထုံး၏ အမှန်..
အမျိုးမတူသူ မယူရ..
တားဆီးခဲ့တာ ဘယ်မှာမှ မရှိ။

လူ့ သမိုင်းစဉ်ဆက်
လူမျိုးအယူ မတူသူ
သမီးပေး သမီးယူ
ငြိမ်းချမ်းရေး၏ အမူအကျင့်..
လူတွေ ကျင့်ခဲ့တယ်
မြန်မာ မင်းသမီးငယ် တရုတ်ထံဆက်
ရှမ်းစောမွန်လှ မြန်မာနဲ့ လက်ဆက်
သီဟိုဃ် မင်းသမီးငယ် ပုဂံနန်းတက်
အမျိုးမယှက်ရတဲ့ ဥပဒေသ.
လူ့ ဘောင်လောကမှ မတည်ရှိ။

ရဟန်းအမ ၀ိသာခါ
အမျိုးမတူသူကို ယူရပေမင့်
တက္ကဒွန်း အယူမှားသူ
ယောက္ခမ ကို ကယ်ဆယ်ချင်တာနဲ့ 
ကျမ ယောက္ခမကြီး..အဟောင်းစားသူ လို့ ရဲရဲဝံ့ဝံ့ဆိုခဲ့သူ

အမျိုးတူတူ မတူတူ အရေးမဟုတ်
အတွေးမတူ ၀ါဒမတူသူကို ကယ်ထုတ်
ဗုဒ္ဓဘာသာဝင်ကို ဖြစ်စေခဲ့တာ
သောတာပန် ရဟန်းအမ မိဂါရ မာတာ
သို့ မဟုတ် ယောက္ခမ၏ မိခင်ကြီး ၀ိသာခါ

မိမိ၏ အရွယ်၊ အလှ၊
မိန်းမသားတို့ဘ၀၊
ဣနြေ္ဒ၊ တန်ဖိုးများကို ထမ်းသိမ်းခဲ့တာ
ဒါန အရာ ဧတဒင်္ဂရ ကျောင်းအမကြီး ၀ိသာခါ

လောကဓံ၏ တရားရှစ်ပါး..
ဘုရားပင် မလွန်ဆန်နိုင်သောတရား.
ချစ်သူလည်းရှိ၊ မုန်းသူရှိ၏။
ချီးမွမ်းသူရှိ၊ ကဲ့ရဲ့ရှိ၏။
မှန်သည်မြင်၏၊ မှားသည်မြင်၏
ပဓါနသည်..မိမိ၏စေတနာ..
ပညာမရှိသူ လက်ညှိုးထိုးကဲရဲ့.
သိက္ခာ မရှိ..မရှက်သူ ပြောကြပါစေ။
အများထုချစ်..တယောက်က ဆဲဖြစ်တာ
ဒါဟာ အရှက်မရှိသော သူ့ ၏သိက္ခာ။

ဒေါ်စုကို အမျိုးမတူသူယူ၊ ဘယ်သူဝေဖန် မလည်း။
သင်လည်း..အမျိုးမတူတူတူ၊ နှစ်သက်ရင် ယူမှာပါဘဲ။
မရ၍ မေးငေါ့၊ ဒီစိတ်ဓါတ်တွေ ယုတ်ညံ့ပါဘိတော့
ဘယ်အမျိုးတူတူ အသွေးအရောင်မတူတူတူ
ကြိုက်သူ ယူခွင့်ရှိတယ်။
ပဓါန အရင်းခံ..မိမိ အယူကိုသာ ရည်သန်
အဝေးရောက်စေ ဆံပင်ရှည် ထမီဝတ် ပန်းပန်
အိနြေ္ဒ သိက္ခာ ထိုက်တန်သူသာ ယူခဲ့သူပါ။

ဗုဒ္ဓဘာသာ၏ မိခင်မှန် အလှူဒါန ထက်သန်
သားများကို ရှင်ပြု ဘာသာကို ရှင်သန်ပြုစုသူ..
သူတော်ကောင်းသာ ပြုနိုင်သောတရား..
ကြွယ်ဝသမျှ နိုဘယ် ဆုလာဘ်ငွေသား
အိပ်သွန် ဖာမှောက် မခြွင်းချန် တချပ်တပြား
နိုင်ငံ သို လှုရဲ သော ဒီမိခင်
ခေါ်တွင်ထိုက်သူ မြန်မာ၏ မိခင်
ဒီလူကိုမှ သမိုင်း မတင်
မသဒ္ဓါ တို့  ညံ့လိုက်သပါ့ ရှင်။

မြင်အောင်ကြည့်ပါ ဝေဖန်သူရယ်။
ရှင့် မျက်ချေးရေးရေး ရေစိုအ၀တ်လေးနဲ့ ဆေးပါဦး
သိပ်မကြာပါဘူးရှင်…စောင့်ကြည့်ပေါ့
အဟောင်းစားသူ လူယုတ်
ဗေဒင်ဆရာ တက္ကဒွန်းကို ကိုးကွယ်သူပုပ်
သန်းရွှေကိုပင် ငြိမ်းချမ်းစွာ မေတ္တာပြ
အယူမှားကို ချွတ်နိုင်တဲ့အချိန်ကြရင်
ငယ်သူကို သန်းရွှေက ဦးညွှတ် ဒူးထောက်
ခေါ်လောက်မဲ့ ဒီနာမည်။
မြန်မာ့မိခင် အောင်ဆန်းစုကြည် ဆိုတာ
သန်းရွှေ၏ မာတာ။

မသဒ္ဓါ (၁၁။၂၄။၂၀၁၀)

ဝိသာခါ ဆိုတာ ဘယ်သူလည်း သိချင်သူများအတွက်
ဝိသာခါကျောင်းအစ်မ

ဒါနာဘိရတ ဧတဒင်္ဂရ ဥပါသိကီ
“ရဟန်းတို့ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါတိကာတို့တွင် ၀ိသာခါသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ မြတ်စွာဘုရား၏ ဧတဒင်္ဂထားခံရသော ဒါယိကာမကား “မိဂါရမာတာ” ခေါ် ၀ိသာခါပေတည်း။

ရှေးလွန်လေပြီးသော ကမ္ဘာ တစ်သိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရားပွင့်တော်မူသည်။ ရဟန်းတစ်သိန်း ခြံရံသည်။ ခမည်းတော် မယ်တော်တို့မှာ သုနန္ဒာမင်းကြီးနှင့် သုဇာတာ မိုဖုရားကြီးတို့ဖြစ်ကြပေ၏ ။

ထိုအခါဝယ် ၀ိသာခါလောင်းလျားသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဒါယိကာမနှင့် ရင်းနှီးသော အဆွေခင်ပွန်း ဖြစ်ခဲ့၏။ ထိုမြတ်သော အလုပ်အကျွေး ဒါယိကာမသည် မြတ်စွာဘုရား အမှူးပြုသော သံဃာတော် အရှင်မြတ်များနှင့် အကျွမ်းဝင်၏ ။ ရှစ်ပါးသောဆိုကို ရ၏။ မိခင်အရာ၌တည်၏။ မြတ်စွာဘုရားထံတော်သို့ ညရော နံနက်ပါ မပျက်မကွက် ရောက်လေ့ရှိပြီး ပစ္စည်းလေးပါးဖြင့် လုပ်ကျွေး၏ ။

ဝိသာခါလောင်းလျာ ဒါယိကာမသည် သူ၏ခင်ပွန်းမကို အားကျ၏ ။ ထို့ကြောင့် မြတ်စွာဘုရားထံတော်တွင် လျှောက်ထားစုံစမ်းသည်။ ထို့နောက် မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို အိမ့်သို့ ပင့်ဖိတ်သည်။ ခုနှစ်ရက် ပတ်လုံး ဆွမ်း၊ ခဲဖွယ်နှင့် အဖျော်ယမကာများကို ဆက်ကပ်လှူဒါန်းပြီးလျှင် နောက်ဆုံးနေ့တွင် သင်္ကန်းလျာ ပုဆိုးတို့ကိုပါ လှူဒါန်းကာ ဆုတောင်းမှုပြုသည် ။

“ ဘုရားတပည့်တော်မဟာ သည်ကောင်းမှုကုသိုလ် အကျိုးဆက်အဖြစ် နတ်စည်းစိမ်ကို မလိုချင်ပါဘုရား။ မင်းစည်းစိမ်ကိုလည်း မတောင်းတပါဘုရား ။ ရှင်တော်ဘုရားလို တစ်ဆူသော မြတ်စွာဘုရားထံတော်မှာ ဆုရှစ်ပါရတဲ့ မိခင်အရာတည်ရပါလို၏ဘုရား ။ မြတ်စွာဘုရားအမှူးပြုတဲ့ သံဃာတော် အရှင်မြတ်များကို ပစ္စည်းလေးပါးနဲ့ မပြတ်လုပ်ကျွေးနိုင်စွမ်းရှိတဲ့ မြတ်သောအလုပ်အကျွေးဖြစ်ရပါလို၏ဘုရား ”

ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုဒါယိကာမ တောင်းသောဆုသည် လာမည့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူမည့် ဂေါတမမြတ်စွာဘုရား၏ ရွှေလက်ထက်တော်၌ ပြည့်လတ္တံဟု ဗျာဒိတ်ပေးတော်မူ၏။

ထိုဒါယိကာမသည် အသက်အတိုင်းနေပြီးနောက် ကွယ်လွန်၏။ နတ်စည်းစိမ်ကို မလိုချင်သော်လည်း တာဝတိသာနတ်ပြည်၌ ဖြစ်သည်။ ဤသို့ဖြင့် လူဖြစ်လိုက်၊ နတ်ဖြစ်လိုက် ကြိမ်ဖန်များစွာ ကျင်လည်ပြီး
ကဿပမြတ်စွာ၏ ရွှေလက်ထက်တော်ဝယ် ကာသိကရာဇ်မင်း၏ သမီးတော်“သံဃဒါသီ”ဖြစ်လာခဲ့သည် ။

ကာကိကရာဇ်ဘုရင် ကကီမင်းတရားကြီးတွင် သမီးတော် ခုနှစ်ပါးရှိရာ သံဃဒါသီမှာ အငယ်ဆုံးဖြစ်သည်။ သမီးတော် ခုနှစ်ပါးသည် အိမ်ထောင်မပြုဘဲ ဒါန သီလ ဘာဝနာမှုတို့ကိုသာ ပြုခဲ့သည်။ သံဃဒါသီ မင်းသမီးသည် ဒါနာဘိရတ ဧတဒင်္ဂရဆုကို ကဿပမြတ်စွာဘုရားထံတော်တွက်လည်း ထပ်မံ ပန်ခြွေခဲ့သည် ။

သံဃဒါသီ မင်းသမီးသည် ထိုဘ၀မှ စုတေခဲ့သောအခါ လူ့ပြည် နတ်ရပ် အထပ်ထပ် ကျင်လည်ခဲ့ပြီးနောက် ယခုနောက်ဆုံးဘ၀တွင် ဓနဉ္စယသူဌေးသမီးဖြစ်လာ၏ ။

ဗိမ္မသာရမင်းကြီး စိုးစံတော်မူသော ရာဇဂြိုဟ်ပြည်တွင် အတိုင်းမသိ ပစ္စည်းဥစ္စာပေါများသော သူဌေးကြီးငါးဦးရှိ၏ ။ ဇောတက၊ ဇဋိလနှင့် မေဏ္ဍာက၊ ပုဏ၊ ကာက၀လ္လိယတို့ဖြစ်ပေ၏။

ဝိသာခါသည် မေဏ္ဍာက သူဌေးကြီး၏ မြေးဖြစ်၏ ။ အဖမှာ ဓနဉ္စသူဌေး၊ အမိ သုမနဒေ၀ီဖြစ်၏။ ၀ိသာခါမှာ ကလေးဘ၀ ကတည်းက သောတာပန်တည်ပြီးသူဖြစ်သည် ။ အကြောင်းမှာ သူငယ်စဉ်က ဘဒ္ဒိယမြို့သို့ မြတ်စွာဘုရား ကြွမြန်းတော်မူစဉ် အဖိုးဖြစ်သူနှင့် ကျောင်းတော်သို့ လိုက်သွားကာ မြတ်စွာဘုရား၏ တရားတော်ကို နာယူခဲ့ရသောကြောင့်ပေးတည်း ။

ထိုအတောအတွင်း၌ ၀ိသာခါ၏ ဖခင်မှာ နေရာပြောင်းရန် အကြောင်းဖန်လာခဲ့သည်။ ဖန်လာပုံမှာ ဤသို့ဖြစ်သည် ။

ကောသလမင်းနှင့် ဗိမ္မသာရမင်းသည် မောင်လှယ်နှမလှယ် သမီးယောက်ဖများဖြစ်ကြသည်။ တစ်နေ့သောအခါတွင် တာဝတ္ထိပြည့်ရှင်ဘုရင် ကောသလသည် သူ့နိုင်ငံ၏ ဓနအင်အားတွင် စစ်ကြည့်သောအခါ လောက်လောက်လားလား သူဌေးကြီးခေါ်လောက်သောသူ တစ်ယောက်မျှ မရှိသည်ကို တွေ့ရသည်။ သို့ဖြင့် သူသည် ယောက်ဖတော် ဗိမ္မသာရမင်းထံသို့ရောက်သွားသည် ။

“ အဆွေတော်မင်းကြီး၊ ကျွန်ုပ်ရဲ့ နိုင်ငံတော်မှာ အဆွေတော်ရဲ့ နိုင်ငံထဲက သူဌေးကြီးငါးယောက်နဲ့တူတဲ့ သူဌေးတစ်ယောက်မျှ မရှိဘူး။ ဒါကြောင့် တိုင်းနိုင်ငံရဲ့ ကျက်သရေဆောင်ဖြစ်အောင် တစ်ယောက်ပေးပါ”

ဇောတိက....အစရှိသော သူဌေးကြီးများမှာ ဆင် မြင်း ကျွဲ နွာနှင့် လူသူအခြံအရံမှာ လွန်စွာများပြား၏။ ထို့သို့သော တစ်ယောက်ယောက်အား အရွှေ့အပြောင်းခိုင်းလျှင် အလွန်းခက်ခဲသောဝန်ကို အထမ်းခိုင်းခြင်းနှင့် မခြားတော့ချေ။ တစ်နည်းအားဖြင့် မဟာပထ၀ီမြေကြီးကို ရွှေ့ပြောင်းသကဲ့သို့ရှိ၏။

ထို့ကြောင့်ဗိမ္မိသာရမင်းသည် ကောသလမင်းကျေနပ်အောင် ရှင်းပြပြီးနောက် ဓနဉ္စယသူဌေးကိုခေါ်ကာ မေတ္တာရပ်ခံ၏။ ဓနဉ္စယသူဌေးသည် ဘုရင်နှစ်ပါးကျေနပ်စေရန် ကောသလမင်းနောက်သို့ လွန်စွာများပြားသော လူသူ နှင့် ဆင် မြင်း ကျွဲ နွား ဥစ္စာဘဏ္ဍာများကိုရွှေ့ပြောင်းသယ်ယူလျက်လိုက်ပါလာ၏။ သို့သော် သူ့ပရိတ်သတ်မှာ သာဝတ္ထိမြို့ မဆံ့သောကြောင့် မြို့နှင့် ခုနှစ်ယူဇနာကွာအရပ်ရှိ ရေမိုးအဆင်ပြေပြီးမျက်နှာပြင် ညီညွတ်သောအရပ်၌မြို့တည်ကာ နေထိုင်၏။ မြို့ကိုလည်း “သာကေတ”ဟု အမည်ပေး၏ ။

ဝိသာခါသည် သာကေတမြို့ ၌အရွယ်ရောက်လာ၏။ ထိုအခါ သာဝတ္ထိမြို့သား မိဂါသူဌေး၏သား ပုဏ၀ဃုနနှင့် ထိမ်းမြားလက်ထပ်ရသည်။ မျိုးရိုးတူမျှသည်ဆိုကာ ဓနဉ္စယသူဌေး သဘောတူ ပေးမြန်းခြင်းဖြစ်ငြား မိဂါရသူဌေးသည် စိတ်ထားသေးသိမ်သည်.။ အ၀တ်မ၀တ်သော တက္ကတွန်းများကို ကိုးကွယ်သည့် မိစ္ဆာဒိဠိလည်းဖြစ်ပေသည် ။

မိဂါရသူဌေး၏ စိတ်ထားသေးသိမ်ပုံတစ်ခုကို ဖော်ပြရသော် ဤသို့ဖြစ်ပါသည်။

ပုဏနှင့်ဝိသာခါတို့လက်ထပ်ပြီးနောက်တွင် ၀ိသာခါမှာ လင့်အိမ်သို့လိုက်ရတော့မည်။
ထိုအခါ ဓနဉ္စယသူဌေးက “သမီးနောက်ကို လိုက်ချင်သူတွေ လိုက်သွားကြ” ဟု ခွင့်ပေးသည်။ အမှုလုပ်ယောက်ကျား မိန်းမများစွာတို့သည် အထုပ်အရွက်များဖြင့် ထွက်လာကြသည်။ ဤသည်ကို ကြည့်သော မိဂါရသူဌေးက “ ဒါလောက် များတဲ့လူတွေကို ငါမကျွေးနိုင်ဘူး” ဆိုပြီးခဲဖြင့်ပစ် တုတ်နှင့်ရိုက်သည်။ ၀ိသာခါသာ ၀င်ရောက်အတားမြစ်လျှင် ၀ိသာခါနောက်သို့ တစ်ယောက်မျှ ပါလာဖွယ်မရှိ။ ယောက္ခမအိမ်သို့ ၀ိသာခါရောက်ပြီး မကြာမီ တစ်ခုသောနံနက်တွင်ဖြစ်၏။ မိဂါရသူဌေးသည် ရေမရောသောနို့ထမင်းကို ရွှေခွက်ဖြင့်ထည့်လျက် သုံးဆောင်နေ၏။ ၀ိသာခါက ယောက္ခမအားယပ်လေခတ်ပေးနေ၏။ ထိုအချိန်တွင် သဃံတော် တစ်ပါးသည် အိမ်ရှေ့၌ ဆွမ်းရပ်တောမူ၏။ မိဂါရမှာ ရတနာသုံးပါးအား မကြည်ညိုသူဖြစ်ရာ မမြင်ယောင်ဆောင်နေ၏ ။

သို့အတွက် ၀ိသာခါက လှမ်းပြီးလျှောက်ထားသည် ။
“ တပည့်တော်မရဲ့ယောက္ခမဟာ အဟောင်းကိုသာ စားသူဖြစ်တဲ့ အတွက် ကန်တော့ဆွမ်းပါဘုရား”

မိဂါရသူဌေးသည် သူသိသမျှ ကြားဖူးသမျှ အပေါ်တွင် မူတည်ကာ ဒေါသတကြီး ထအော်သည်။
“ သည်ကျွန်မကို ဆွဲခေါ်ပြီး အိမ်အပြင်ကို မောင်းထုတ်လိုက်ကြစမ်း”

ရွှေခွက်ကို ဘေးဖယ်ပြီး မိဂါရ အော်သော်ငြား ၀ိသာခါအား မော့ကြည့်သူပင် မရှိပါ။ တစ်အိမ်လုံးတွင် ရှိရှိသမျှ လူအားလုံးမှာ ၀ိသာခါအား ချစ်မြတ်နိုးသူတွေချည်းဖြစ်နေသောကြောင့်ပေတည်း..။

သို့တစေ ၀ိသာခါက ဤကိစ္စကို ဤတွင်ပြီးပြီးပျောက်ပျောက် လုပ်မပစ်ပါ။ ယောက္ခမသူဌေးအား ညင်သာစွာပြောသည်။

“အို ဖခင်၊ မိခင်တို့ဟာ ကျွန်တော်မကို လမ်းက ကောက်ယူလာတာမဟုတ်ပါဘူး။ ကျွန်တော်မဟာ ရေဆိပ်ကဆောင်ယူလာတဲ့ ကျွန်လည်းမဟုတ်ပါဘူး။ ကျွန်တော်မရဲ့ဖခင် ဓနဉ္စယသူဌေးကြီးက သူကြွယ်ကြီးရှစ်ယောက်ဆီမှာ ကျွန်တောမကို အပ်နှံပြီး လွှတ်လိုက်တာပါ။ ဒါကြောင့် သူကြွယ်ကြီးတွေကို ခေါ်ပေးပါ။ ကျွန်တော်မမှာ အပြစ်ရှိမရှိ သူတို့ရှေ့မှာ သကာင်္ရှင်းပါရစေ”

မိဂါရသူဌေးသည် လင့်အိမ်သို့ ၀ိသာခါ လိုက်ခါနီး၌ ဓနဉ္စယသူဌေးက အပ်နှံလိုက်သော သူကြွယ်ကြီး ရှစ်ယောက်ကို မိမိအိမ်သို့ပင့်ဖိတ်သည်။ လူစုံညီလျှင် သူက စတင်ပြီး စွဲချက်တင်တော့၏။

“ ရေမရောတဲ့ နို့ဃနာကို ရွှေခွက်နဲ့ထည့်ပြီး သုံးဆောင်နေတဲ့ ငါ့ကို အညစ်အကြေးစားသုံးသူ လို့မင်းတို့ သမီးက ဆိုသကွ”

ထိုအခါ သူကြွယ်ရှစ်ယောက်က “ ချစ်သမီး အဲသည်လို ဆိုတာ ဟုတ်သလား” ဟု ၀ိသာခါအားမေး၏ ။
“ အဖေတို့၊ ကျွန်တော်မရဲ့ယောက္ခမဟာ ရေမရောတဲ့ နို့ဃနာကို ရွှေခွက်နဲ့ထည့်ပြီး သုံးဆောင်နေတုန်းမှာ မထေရ်ရှင်တစ်ပါး ဆွမ်းရပ်လာတာကို အရေးမလုပ်ဘဲ နေတဲ့အတွက် “ သြော်၊ ငါ့ယောက္ခမကြီးဟာ ဤကိုယ်၏ အဖြစ်၌ ကောင်းမှုကိုမပြု ။ ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုကံ၏ အကျိုးကိုသာခံစား နေပါတကား” လို့တွေးမိတဲ့အတွက် “ ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်မရဲ့ယောက္ခမကြီးဟာ အဟောင်းကိုသာ စားသောက်ပါတယ် လို့ လျှောက်ထားမိတာ အပြစ်ရှိပါသလား”

ထိုအခါ သူကြွယ်ကြီးများက မိဂါရအားပြိုင်တူမေးကြ၏ ။
“သည်စကားကြောင့် ကျုပ်တို့သမီးမှာ တစိုးတစိမျှ အပြစ်မရှိ။ အဲသည်လို အပြစ်မရှိဘဲနဲ့သူဌေးကြီးဘာကြောင့် ဒေါသဖြစ်ရတာတုံး”

သို့သော် မိဂါရ သူဌေးက သူမြုံထားခဲ့သော ၀ိသာခါ၏ အပြစ်များကို စီတန်းကာ ဖော်ထုတ်ပြီး စွဲချက်တင်၏။

ယင်းတို့မှာ...
တစ်ရံသောအခါ သန်းခေါင်ယံအချိန်၌ ၀ိသာခါသည် အစေအပါး ယောကျာင်္မိန်းမများခြံရံလျက် အိမ်နောက်သို့ဆင်းသွားခြင်း။

လင့်အိမ်သို့ လိုက်ပါသွားမည့် သမီးအား ဓနဉ္စယသူဌေးကြီးက အတွင်းမီးကို အပြင်သို့မထုတ်ရ။ အပြင်မှ မီးကို အတွင်းသို့ မသွင်းရဟု မှာကြားလိုက်ခြင်း။

ထို့အပြင် စုစုပေါင်းဆယ်ချက်ဖြစ်၏ ။
ဤသည်တို့ကို ၀ိသာခါသည် တစ်ချက်ချင်း ပြေလည်အောင်ရှင်းလင်းပြလိုက်ရာ မိဂါရသူဌေး မချေပနိုင်တော့။ မချေပနိုင်ရုံသာမက သူသည် လူပေါကြီးလုံးလုံးဖြစ်သွာတော့သည်။

“ ဟုတ်ပါပြီ ရှိပါစေတော့ ”

သို့လျှင် မိဂါရသူဌေးကျေနပ်သွားငြား ၀ိသာခါ မကျေနပ်ပါ။
“ ကျွန်တော်မမှာ ဘာအပြစ်မှမရှိဘူးဆိုတာ သကာင်္ရှင်ပြီးတဲ့နောက်မှာ ယောက္ခမကြီးရဲ့ ဆန္ဒ အတိုင်း သည်အိမ်ပေါ်ကဆင်းပါမယ်”

“ ဟဲ့သမီး သွားဖို့မလိုတော့ဘူးလေ နေမြဲနေပေါ့” မိဂရတားမြစ်သည် ။
“ အဖေ ကျွန်တော်မသည် ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ရတနာသုံးပါးနဲ့မွေ့လျော်ခဲ့သူပါ။ အခုလို ဘုရားအစရှိတဲ့ သံဃာတော်များကို မဖူးမြင်ရ မလှူဒါန်းရတဲ့ နေရာမျိုးမှာ မနေပါရစေနဲ့တော့”

ဝိသာခါက ပေါ်လာသောအချက်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။

“ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ငါ့သမီး သဘောကျပင့်ဖိတ်လှူဒါန်းဖို့လည်း ခွင့်ပြုပါတယ်ကွယ်”

သူကြွယ်ကြီးရှစ်ဦးရော ၀ိသာခါပါ အတိုင်းထက်အလွန် ၀မ်းမြောက်ကြရသည်။ ထိုနေ့မှစ၍ ယခင်က ကိုယ်လုံးတီး တက္ကတွန်းများလွှမ်းခြုံနေခဲ့သော မိဂါရ သူဌေး၏ အိမ်မှာ မြတ်စွာဘုရားနှင့်တပည့်သာဝကများအား ဆည်းကပ်သောအိမ် ဖြစ်လာလေ၏ ။

တစ်နေ့သ၌ ၀ိသာခါသည် မြတ်စွာဘုရားနှင့်သံဃာတော်များအား ပင့်ဖိတ်ပြီးဆွမ်း ခဲဖွယ် ဘော်ဇဉ်များ ဆက်ကပ်လှူဒါန်းသည် ။ ဆွမ်းအနုမောဒနာတရားနာရန် အတွက် ၀ိသာခါသည် ယောက္ခမကြီးကိုခေါ်သည် ။

မိဂါရသူဌေးထွက်မလာသဖြင့် ချွေးမက ဒုတိယအကြိမ် သွားခေါ်ပြန်သည် ။
“ အဖေ သည်ကပဲ နာတော့မယ် သမီး ”

သူဌေးသည် တင်းတိမ်ယံအတွင်းမှ အမှန်ပင် တရားနာပါသည် ။ တရားတော်အဆုံးတွင် သူသည် သောတာပန်တည်သွားရာ အခန်းတွင်းမှ ပြေးထွက်လာ၏ ။ မြတ်စွာဘုရား၏ ခြေတော်အစုံကို နမ်း၏ ။

“ မြတ်စွာဘုရား တပည့်တော်ဟာ အသက် ဒါလောက်ရလာတာတောင် သာသနာတော်မြတ်ကြီးမှာ ပေးလှူရတဲ့ အကျိုးဟာ ဒါလောက်ကြီမားတယ်ဆိုတာ မသိခဲ့ပါဘူး ဘုရား ။ အခုမှပဲ တပည့်တော်ရဲ့ ချွေးမကို အမှီပြုပြီးသိရတဲ့ အတွက် အပါယ်ဆင်းရဲက လွတ်ရပါပြီ ဘုရား ။ ၀ိသာခါဟာ တပည့်တော်ရဲ့ အမေ ဖြစ်သွားပါပြီဘုရား”

ဤသို့ဖြင့် ၀ိသာခါမှာ ထိုချိန်မှ အစပြုပြီး မိဂါရသူဌေး၏ အမေ “မိဂါရမာတာ” ဟူ၍ အမည် တစ်မျိုးတိုးလာလေ၏ ။

ဝိသာခါမှာ သူ့အဖေ ဓနဉ္စယသူဌေးက မင်္ဂလာတန်ဆာအဖြစ် ဆင်ယင်ပေးလိုက်သော မဟလ္လတာ တန်ဆာရှိသည် ။ ထို မဟလ္လတာတန်ဆာတွင် ကွမ်းစားလေးစလယ်ရှိသော ၀ရဇိန်ကျောက်၊ ပုလဲ ၁၁ စလယ်ကွမ်းစား၊ သန္တာ၂၂ စလယ် ကွမ်းစား၊ ပတ္တမြား ၃၃ စလယ် ကွမ်းစား ပါဝင်ရငွေရှိတိုင်းမ၀တ်ဆင်နိုင်ပေ ။ တစ်ကွမ်းစားမှာ တစ်ပြည်နှင့်ညီသောကြောင့် ဆင်ပြောင်ကြီးငါးစီး၏ အားနှင့်ညီသော ခွန်အားဗလ ရှိသည့် ၀ိသာခါသာ ၀တ်ဆင် နိုင်သည် ။

ထိုတန်ဆာကို ထိန်းသိမ်းသယ်ယူရန် ၀ိသာခါနှင့် တန်းတူ ခွန်အားဗလရှိသော မိန်းမတစ်ယောက်ကို သီးခြားထားရတသည် ။ ထိုသို့ မလွယ်ကူသောကြောင့် ယောက္ခမ မိဂါရသူဌေးက “ ဃနမဠက”တန်ဆာကိုပြုလုပ်ကာ ချွေးမအားပေးသည် ။

ထို့နောက် မကြာမီ ၀ိသာခါသည် မြတ်စွာဘုရား အမှူးပြုသော သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းကပ်ပြန်သည် ။ ဤအကြိမ်ဆွမ်းအနုမောဒနာတရားတော်အဆုံးတွင်ကား မိဂါရသဌေးကတော်မှာ သောတာပန်တည်လေ၏ ။ မိဂါရသူဌေး၏အိမ်သည် ထိုချိန်မှစတင်ပြီး မြတ်စွာဘုရား၏ သာသနာတော်အတွက် ဟင်လင်းပွင့်သော တံခါးမရှိသည့်အိမ် ဖြစ်လာတော့သည် ။

တစ်ရံခါသော် ၀ိသာခါသ်ည မြတ်စွာဘုရား၏ ကျောင်းတော်သို့ မဟလ္လတာတန်ဆာကို ၀တ်ဆင်ပြီး သွားသည် ။
သို့သော် မြတ်စွာဘုရား၏ ရှေ့တော်သို့ ၀င်ကာနီ၌ ထိုတန်ဆာကိုချွတ်ပြီး အထိန်းမိန်းမသို့ ပေးသည် ။
အထိုင်အထ လွတ်လပ်ပေါ့ပါးသော ဃနမဠက တန်ဆာကို ပြောင်းလွဲ ဆင်းမြန်းသည် ။

ဝိသာခါသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီးနောက် လျှောက်ထားစရာရှိသည်များကို မေးမြန်းလျှောက်ထားပြီးလျှင် အိမ်သို့ပြန်လာသည် ။ အိမ်ရောက်မှ မဟလ္လတာတန်ဆာ ထိန်းသိမ်းသည့် မိန်းမသည် အလန့်တကြားအော်ဟစ်ကာ ကျောင်းတောသို့ ပြန်ပြေးသည် ။ မဟလ္လတာတန်ဆာထုပ် မေ့ကျန်ခဲ့သောကြောင့် ဖြစ်သည် ။

ပစ္စည်းထုပ်ကို ရွက်လျက် ထိုမိန်းမပြန်လာသောအခါ ၀ိသာခါက စစ်ဆေးကြည့်သည် ။ ထိုအထုပ်ကို မြတ်စွာဘုရားရှေ့တော်၌ မတွေ့ ။ ကျောင်းတော်ရှေ့ တန်ဆောင်းထဲမှ ယူခဲ့ရကြောင်း ။ တန်ဆောင်းထဲသို့ ထိုအထုပ်ရောက်ရခြင်းမှာ အရှင်အာနန္ဒာ ရွှေ့ထားခြင်းဖြစ်ကြောင်းသိရသည် ။

“ အရှင်မြတ်ရဲ့ လက်တော်နဲ့ ကိုင်ပြီးသားပစ္စည်းကို ငါဝတ်ဆင်ရင် မရိုသေရာ ရောက်တော့မယ် ။ သည်ပစ္စည်းကို ရောင်းပစ်ပြီး ကျောင်းဆောက်တာ ကောင်းဆုံးပဲ ”

သို့ကြောင့်ဝိသာခါသည် ပန်းတိမ်ပညာရှင်များ အား အိမ်သို့ခေါ်ကာ မဟလ္လတာတန်ဆာကို အဖိုးဖြတ်ခိုင်းသည် ။ ပညာရှင်များက ထိုပစ္စည်းအတွက် လက်ခ တစ်သိန်း၊ ပစ္စည်းတန်ဖိုး သိန်း ၉၀၀ ဟု တန်ဖိုးဖြတ်ကြသည် ။ ၀ိသာခါ၏ ပစ္စည်းထိန်းသည် မဟလ္လတာတန်ဆာကို ယူဆောင်လျက် ရာဇဂြိုဟ်မြို့တွင်းသို့ လှည့်လည်ကာ ကိုးကုဋေတစ်သိန်းဖြင့် ရောင်းချသည် ။ လက်ရာကို ကြိုက်၊ ပစ္စည်းကို သဘောကျသော်ငြား ၀တ်ဆင်နိုင်သော ခွန်အားဗလမရှိသောကြောင့် မ၀ယ်ဝံ့ကြပေ ။

သို့အတွက် နောက်ဆုံး၌ ၀ိသာခါပင် သူ့ပစ္စည်းကို ပြန်လည်ဝယ်ယူကာ မြတ်စွာဘုရား ကျောင်းတော်ဆောက်လုပ်ရန် မြေနေရာက်ကို ကိုးကုဋေဖြင့် ၀ယ်ယူသည် ။ မြေနေရာမှာ ရာဇဂြိုဟ်မြို့၏ အရှေ့တံခါး အနီးတွင်ဖြစ်သည် ။ ထို့နောက် အဆောက်အအုံ လောက်လုပ်ရန်အတွက် အသပြာ ကိုးကုဋေကို ၀ိသာခါ၏ အိတ်ထဲမှ စိုက်ထုတ်သည် ။

ဝိသာခါ၏ ကောင်းမှု ကျောင်းတော်ကြီးမှာ “ပုဗ္ဗာရုံ” ဖြစ်၏ ။ ဘုံခုနှစ်ဆင့်ရှိပြီး တိုက်ခန်းတစ်ထောင်ဖြင့် ဖွဲ့စည်းထားသော ကျောင်းတော်ကြီးမှာ အရှင်မဟာမေဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ကူညီစောင့်ရှောက် သောကြောင့် ကိုးလဖြင့် ပြီးစီး၏ ။

ပုဗ္ဗာရုံကျောင်း ဒါယိကာမကြီး ၀ိသာခါသည် သားသမီး နှစ်ကျိပ်မွေးဖွားသည် ။ သားဆယ်ယောက်၊ သမီးဆယ်ယောက်ဖြစ်သည် ။ သူသည် အသက် ၁၂၀ ရှည်သောငြား ဆံပင်မဖြူ အရွယ်မကျ ၁၆နှစ်သမီးကဲ့သို့ ရှိသည် ။

သားသမီးနှစ်ကျိပ်သည် တစ်ယောက်လျှင် သားတစ်ကျိပ် သမီးတစ်ကျိပ်စီ ပေါက်ဖွားပြန်သောအခါ မြေးပေါင်း ၄၀၀ ဖြစ်လာသည် ။ ထိုမြေးများကလည်း အထက်နည်းအတိုင်းပွားစည်းပြန်ရာ ၀ိသာခါ၌ သားသမီး မြေးမြစ် စုစုပေါင်း ၈၄၂၀ ရှိသည် ။

ကျောင်းဒါယိကာမကြီးဝိသာခါသည် ထိုသားသမီး မြေးမြစ်များ ခြံရံလျက် မြတ်စွာဘုရား၏ ကျောင်းတော်သို့ သွားသည် ။ ဘေးမှမြင်ရသူတို့သည် မည်သူ ၀ိသာခါဟု မခွဲခြားတတ်ကြချေ ။ ၀ိသာခါ၏ နုပျိုမှုကြောင့်ဖြစ်သည် ။
သူသည် ကျောင်းတော် ရေစက်ချပွဲကို ကိုးကုဋေကုန်ကျခံကာ ကျင်းပအပြီး၌ သားသမီး မြေးမြစ်များ ခြံရံလျက် ကျောင်းတော်ကို လှည့်ပတ်ကြည့်ရှုသည် ။ အဆောင်ဆောင်အနန်းနန်း စုလစ်မွန်းချွန်များဖြင့် တင့်တယ်နေသော ကျောင်းတော်ကြီးကို ကြည့်ကာ ၀ိသာခါသည် ဥဒါန်းကျူးရင့်၏ ။

“ ငါဟာ ထုံး အင်္ဂတေ မြေနီ မြေဖြူတွေနဲ့ လိမ်းကျံထားတဲ့ နှလုံးသားမွေ့လျော် ပျော်ဖွယ်ရာရှိတဲ့ ပြသာဒ်ကျောင်းကြီး တစ်ဆောင်ကို ဘယ်အခါမှ ပေးလှူဒါန်းရပါမတုံးလို့တောင့်တခဲ့တာဟာ ကနေ့ပြည့်ဝပြီ ”

“ ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှို၊ ခေါင်းအုံး၊ အိပ်ရာနေရာ၊ ကျောင်းဘဏ္ဍာတွေကို ဘယ်အခါများမှာ သံဃာတော် အရှင်မြတ်များကို ပေးလှူရပါမတုံး ဆိုပြီး တောင့်တခဲ့တဲ့ ငါ့ ဆန္ဒ ကနေ့ ပြည့်ဝပါပြီကော ”

“ ငါဟာ အမဲ သားငါး အစရှိတဲ့ ဆွမ်းဘောဇဉ် အလှူကို ဘယ်အခါများကျမှ ပေးလှူခွင့်ကြုံပါမလဲလို့ တောင့်တခဲ့တာ အခုပြည့်ဝပါပေါ့လား”

“ ကာတိတိုင်းဖြစ်အ၀တ်၊ ခေါမတိုင်းဖြစ် အ၀တ်၊ ၀ါချည်ပုဆိုးအ၀တ်ဖြစ်တဲ့ သင်္ကန်းတွေကို ဘယ်အခါများမှ ပေးလှူပါမတုံးလို့ငါ တောင့်တခဲ့တာ ကနေ့ပြည့်ဝပြီ ”

“ ထောပတ်၊ ဆီဦး၊ ပျား၊ တင်လဲ ဆိုတဲ့ဆေးအလှူကို ဘယ်အခါများမှ လှူရပါမလဲလို့ တွေးတောစိတ်ကူးခဲ့သမျှဟာ ကနေ့ပြည့်ဝပြီ”

ကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်မြတ်များသည် ၀ိသာခါ၏ အထက်ပါ ကျူးရင့်သံကို ကြားရသဖြင့် ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြ၏ ။

“ အရှင်မြတ်ဘုရား ဒါယိကာမကြီး ၀ိသာခါ တေးချင်းဆိုတာကို တပည့်တော်တို့တစ်ခါမျှ မကြားခဲ့ဖူးပါဘူး ဘုရား ။ ကနေ့မှာတော့ ဒါယိကာမကြီး ၀ိသာခါဟာ သားသမီး မြေးမြစ်တွေ ခြံရံပြီး ကျောင်းတော်ကို လှည့်ပတ်သွားရင် တေးချင်းဆိုပါတယ်ဘုရား ။ ဒါကြောင့် ကျောင်းအစ်မကြီးဟာ ရုးသွပ်သွားပြီလား ဘုရား ။ ဒါမှမဟုတ် သည်းခြေများ ပျက်စီးရော့သလား ဘုရား ”

“ ချစ်သားရဟန်းတို့ ငါ၏ သမီးဝိသာခါသည် တေးချင်းဆိုခြင်းမဟုတ်၊ သူ၏ အလိုဆန္ဒပြည့်ဝလေပြီ ။ သူ၏ တောင့်တအပ်သော ဆုတောင်းတို့အထွတ်အထိပ်ရောက်ရပေပြီဟူ၍ နှစ်သက်ဝမ်းမြောက်သော စိတ်ဖြင့် ဥဒါန်းကျူးရင့်ဖြင်း ဖြစ်ပေ၏ ။

ရှင်တော်မြတ်ဘုရားက ရှင်းလင်း မိန့်ကြားတော်မူ၏ ။ ထိုမှအဖန် ရဟန်းတော်များ မေးလျှောက်သောကြောင့် ၀ိသာခါ ၏ ပုဗ္ဗကမ္မကို ဟောကြားပြီးလျှင် ဤသို့ မိန့်တောမူ၏ ။

“ ချစ်သားရဟန်းတို့ ဥပမာ မည်သည်ကား ” လိမ္မာလှစွာသော ပန်းသည် သည် အထူးထူးသောပန်းတို့ကို အစုအပုံကြီးပြု၍ အထူးထူးအပြားပြားသော ပန်းကုံးတို့ကိုပြုသကဲ့သို့” ဤအတူသာလျှင် ၀ိသာခါ၏ စိတ်သည် အထူးထူး အပြားပြားသော ကောင်းမှုတို့ကို ပြုခြင်းငှာညွတ်၏”

ကျောင်းဒါယိကာမကြီးဝိသာခါသည် မြတ်စွာဘုရားထံတော်မှ ဆုရှစ်ပါးကိုလည်း ရရှိပေသည်။ ထိုဆု ရှစ်ပါးရရှိပုံမှာ ဤသို့ဖြစ်လေ၏ ။

အခါတစ်ပါးဝယ် ၀ိသာခါသည် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များအား “ နက်ဖြန် နံနက်မှာ တပည့်တော်မရဲ့ ဆွမ်းအလှူကို ကြွရောက်ခံယူတော်မူပါဘုရား ” ဟု ဖိတ်မန်ထား၏။

နောက်တစ်နေ့ အာရုံတက်ချန်တွင် ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို ဖြန့်ကြက်ရွာချသော မိုးကြီး သည်းထန်စွာ ရွာလေ၏ ။ ရဟန်းတော်များလည်း မြတ်စွာဘုရား၏ ခွင့်ပြုချက်ဖြင့် မိုးရေထွက်ချိုးတော်မူကြ၏ ။

ထိုအခါ ၀ိသာခါ၏ လက်သုံးအမျိုးသမီးတစ်ယောက်သည် ဆွမ်းကပ်ရန် အသင့်ဖြစ်နေကြောင်းလျှောက်ထားရန် ကျောင်းတော်သို့လာသည် ။ ရေချိုးနေသော အရှင်မြတ်များကို မြင်သောအခါ အိမ်သို့ပြန်ပြေးလာပြီး ၀ိသာခါအားတိုင်တန်း၏ ။

“ အရှင်မ၊ ရဟန်းတော်တွေဟာ အစေလက တက္ကတွန်းတွေလို အ၀တ်ချည်းစီးနဲ့ ရေချိုးနေကြလို့ မြတ်စွာဘုရားဆီကို ကျွန်တော်မ မရောက်ခဲ့ပါဘူး ”

ထိုအချိန်က သံဃာတော် အရှင်မြတ်များသည် မြတ်စွာဘုရား ခွင့်ပြုထားသည့် သင်္ကန်းသုံးထည်သာ သုံးဆောင် တော်မူကြရ၏ ။ မိုးရေခံ သင်္ကန်းကို ခွင့်မပြုသေးသဖြင့် ထိုကဲ့သို့ ရေချိုးတော်မူကြရခြင်းဖြစ်၏ ။ ဤအကြောင်းများကို ၀ိသာခါသိသည် ။ သို့ဖြင့်၍ ထိုနေ့က ဆွမ်းအနုမောဒနာ တရားနာပြီး၌ မြတ်စွာဘုရားအား ဤသို့ နားတော် လျှောက်ကြား၏ ။

“ ဘုန်းတော်ကြီးလှပါတဲ့ အရှင်မြတ်ကြီးဘုရား တပည့်တော်မဟာ အရှင်ဘုရားဆီက ဆုရှစ်ပါး တောင်းခံပါရစေဘုရား ”

ိထိုအခါ ရှင်တော်မြတ်ဘုရားက မိန့်တော်မူ၏ ။

“ ၀ိသာခါ မြတ်စွာဘုရားတို့သည် ဆုပေးခြင်းမှ လွန်မြောက်တော်မူကြကုန်၏ ”
“ အရှင်မြတ်ဘုရား တပည့်တော်မ တောင်းခံမယ့်ဆုတွေဟာ အပြစ်လည်း ကင်းတဲ့အပြင် အပ်လည်း အပ်ပါတယ် ဘုရား ”

“ ဤသို့ဖြစ်က ဆိုပါလော့ ၀ိသာခါ ”

မြတ်စွာဘုရားခွင့်ပြုတော်မူသဖြင့် ၀ိသာခါ တောင်းသောဆုများမှာ၊

၁။ တပည့်တော်မဟာ သံဃာတော်အရှင်မြတ်များကို မိုးရေခံသင်္ကန်းများ အသက်ထက်ဆုံး လှူဒါန်းပါရေစေ ဘုရား။
၂၊ အာဂန္တုရဟန်းတော်များကို ဆွမ်းဘောဇဉ် လှူဒါန်းပါရစေဘုရား။
၃။ ခရီးသွားသံဃာတော်ရဟန်းများကိုလည်း ဆွမ်းဘောဇဉ်ဆက်ကပ်ရပါလို၏ ဘုရား ။
၎။ အနာရောဂါ ကပ်ရောက်နေတဲ့ မကျန်းမာတဲ့ ရဟန်းတော်များကို ဆွမ်းဘောဇဉ် ဆက်ကပ်ခွင့် ရရပါလို၏ ဘုရား ။
၅။ ဂိလာန ပုဂ္ဂိုလ်များကို စောင့်ရှောက်နေတဲ့ ရဟန်းဆောင်များကိုလည်း ဆွမ်းဘောဇဉ် ဆက်ကပ်ခွင့် ရလိုပါတယ် ဘုရား
၆။ မကျန်းမာတဲ့ ရဟန်းတော်များကို ဆေးဝါးအမြဲလှူခွင့် ရချင်ပါတယ်ဘုရား ။
၇။ ရဟန်းသံဃာကို ယာဂု အမြဲတမ်းကပ်ခွင့်ပေးတော်မူပါဘုရား ။
၈။ ရှင်တော်မြတ်ဘုရား တပည့်တော်မဟာ ဘိက္ခုနီတို့ကို ရေသနုပ် သင်္ကန်း လှူဒါန်းခွင့် ရလိုပါတယ်ဘုရား ”

ထိုအခါ ရှင်တော်မြတ်ဘုရားက ၀ိသာခါအားမေးတော်မူသည် ။
“ သင်သည် အဘယ်အကျိုးအာနိသင်ကိုမြင်၍ ဤဆုရှစ်ပါးကိုတောင်သနည်း ”

“ အရှင်ဘုရား ၀ါကျွတ်တဲ့ ရဟန်းတော်များဟာ အရှင်ဘုရားကို ဖူးမြော်ဖို့အတွက် သာဝတ္ထိကို ရောက်ကြတဲ့အခါ ၀ါတွင်းကာလက ပျံလွန်တော်မူခဲ့တဲ့ ရဟန်းတော်များရဲ့ အမည်နာမကို လျှောက်ထားပြီးသူရဲ့ လားရာဂတိကိုလည်း စုံစမ်းကြမှာပါပဲ ဘုရား ။ အရှင်ဘုရားကလည်း ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ ရဟန္တာ စသည်ဖြင့် မြင်တော်မူတဲ့အတိုင်း မြွတ်ကြားပါလိမ့်မယ် ဘုရား ”

မြတ်စွာဘုရားထံတော်၌ ဆုရှစ်ပါး တောင်းခံရခြင်းအကြောင်းကို မရောက်သေးသဖြင့် ၀ိသာခါက ဆက်လက်လျှောက်ထားသည် ။

“ အဲသည်လို အရှင်ဘုရားရဲ့ အမိန့်တော်သံကို ကြားရတဲ့တပည့်တော်မက “အရှင်ဘုရား ပျံလွန်တော်မူသွားတဲ့ အဲသည်ကိုယ်တော်ဟာ သာဝတ္ထိပြည်ကိုရောက်ဖူးပါသလား ဘုရား” လို့ တပည့်တော်မက စုံစမ်းမိတဲ့အခါမှာ “ရောက်ဖူးတယ်” ဆိုတဲ့ အဖြေကိုကြားရရင် အဲသည် အရှင်ဟာ တပည့်တော်မရဲ့ အလှူကို ခံယူဖူးသူပါကလဘားလို့ သိရပါလိမ့်မယ် ဘုရား ”

“ ဤ သို့သိရသိဖြင့် သင့်တွင် မည်ကဲ့သို့ အကျိုးရှိသနည်း” ဟု ရှင်တော်မြတ်ဘုရားက မေးတော်မူသည် ။

“ တပည့်တော်မရဲ့အလှူကို ခံယူသူရယ်လို့ သိရရင် အဲသည် အလှူကို အောက်မေ့ဆင်ခြင်ပြန်တဲ့အတွက် တပည့်တော်မမှာ ၀မ်းမြောက်ရပါမယ် ဘုရား။ ၀မ်းမြောက်တော့ နှစ်သက် ။ နှစ်သက်တဲ့အတွက် ချမ်းသာခံစားရ ။ ချမ်းသာကိုခံစားရလို့စိတ်ဟာ တည်ကြည်။ အဲသည် တည်ကြည်ခြင်းကြောင့် တပည့်တော် ဣနြေ္ဒပွားပါလိမ့်မယ် ဘုရား ။ ဣနြေ္ဒပွားတဲ့အတွက် ဖိုလ်ကိုလည်း ပွားစေမှာပါဘုရား ။

ဝိသာခါ၏ ရှည်လျားသော ကြောင်းကျိုးဆက်စပ်သည့် ရှင်းလင်းချက်ကို မြတ်စွာဘုရားက သာဓုခေါ်တော်မူ၏ ။

“ ၀ိသာခါ၊ ကောင်းပေစွ ကောင်းပေစွ ။ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာမြင်သောကြောင့် ငါ၏ထံ၌ ဆုရှစ်ပါးကို တောင်းခံခြင်းမှာ ကောင်းပေစွ။ သင့်အား ထိုဆုရှစ်ပါးကို ငါပေး၏ ၀ိသာခါ ”

ကျောင်းဒါယိကာမကြီး ၀ိသာခါသည် အောက်ပါ အလှူများကိုလည်း သူ၏အိမ်၌ မပြတ်ထားရိသည် ။

၁။ နေ့စဉ်နေ့တိုင်း စားရေးတံဆွမ်း ၅၀၀ ။
၂။ ၁၅ ရက် တစ်ကြိမ်လှူသော ပက္ခဆွမ်း ၅၀၀ ။
၃။ နေ့စဉ် ယာဂုဆွမ်း ၅၀၀ ။
၎။ ၁၅ ရက်တစ်ကြိမ်လှူသော ပက္ခယာဂုဆွမ်း ၅၀၀ ။
၅။ အိမ်ဦး၌ထားပြီး လှူသောဆွမ်း ၅၀၀ ။
၆။ ခရီးသွား ရဟန်းတို့အား လှူသောဆွမ်း ၅၀၀ ။

သို့ကြောင့် ၀ိသာခါ၏နေအိမ်မှာ နံနက်ချိန်ခါတွင် သံဃာတော် အရှင်မြတ်များပြည့်လျက် ရွှေသင်္ကန်းရောင် တောက်ပ၀င်းထိန်နေ၏ ။

ဒါယိကာမကြီးသည် ဤသို့ တမနက်လုံး မမောနိုင် မပန်းနိုင် လှူဒါန်းပြီးနောက် ကျောင်းတော်သို့သွားကာ ဆေးဝါးနှင့် အဖျော်များဆက်ကပ် လှူဒါန်းပြီး တရားတော်ကို နာယူသည် ။

သို့အတွက် “ ရဟန်းတို့၊ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် မိဂါရမာတာ ၀ိသာခါ သည် အမြတ်ဆုံးဖြစ်၏ ” ဟူ၍ ရှင်တော်မြတ် ဘုရားမိန့်တော်မူကာ ၀ိသာခါအား “ ဒါနာတိရတ” ဧတဒဂ် ထားတော်မူခြင်းဖြစ်၏ ။


ဦးအောင်သိမ်းမြတ်၏ ( ဗုဒ္ဓ၏ ဧတဒဂ်ရ အမျိုးသမီးများ ) စာအုပ်မှ ကောက်နုတ်ပါသည်။
http://coralnyo.blogspot.com/2009/08/blog-post_12.html%20

အပြည့်အစုံသို့ 

Tuesday, November 23, 2010

ဘိတ်ချေးကျသွားသော ဘိတ်သား


ဆေးမစားမီပုံ
ဝက်ဆေးစားပြီးပုံ

ကျနော်က ဘိတ်သား
အမျိုးက ဟိန္ဒြူကုလား..
ငယ်နာမည်က အပ္မနား
စိတ်ကူးယဉ်တာက ဓါတ်ရှင်မင်းသား

ရပ်ကွက်ထဲ နာမည်ကျော်
ပျော်ပျော်နေ..စားပြီးအိပ်.
မဟုတ်တာဆို ပထမချိပ်
အောက်တန်းကျကျ ကျနော့ စိတ်
အတန်းစာဆို..ညံ့ပါ့ ဘိတ်
ရူးမိုက်ဆိုးသွမ်း ကျနော်ထိပ်
လူလိမ္မာတွေ မလာနဲ့ တံခါးပိတ် ဂျိတ်

နှုတ်ခမ်းမွေးငုတ်စိ လူပျိုပေါက်
၁၀ တန်းတဖုန်ုးဖုန်း အပေါ်မရောက်
ရည်းစားတွေ တောင်းနဲ့ လိုက်ကောက်
စတိုင်ခပ်ပေးပေး…ကြာလူလီလေး တစ်ယောက်
ရှောက်ပြန်သံပေး ရွာရိုးကိုးပေါက်

တိုတိုသာ ပြောရရင်..
အဖေ အတိုးချတဲ့ နေပြန်တိုး..
ကိုယ့်ငွေနဲ့  ကိုယ် မီးထိုး..
ထိမ်းမရတဲ့ ရုပ်ရှင်ပိုး
အကိုမောင်သီက ဒါရိုက်တာ
ကျနော်ကတော့ မင်းသားနေရာ
မဟုတ်တုတ်တုတ် ဟုတ်တုတ်တုတ်
ကျနော် အညုကောင်းလိုက်တာ
ကံကောင်းစွာ ချေးပုံ ခွေးဟပ်ခိုက်
ကျနော်ဖြစ်တယ်ဗျ လွင်မိုး ဇာတ်လိုက်

မိုးလေမမြင် အနှစ်၂၀ ကျော်
လက်မထောင် ကျနော် ရွှေမင်းသားပေါ့..
ဖက်လိုက်ရတဲ့ မင်းသမီး
နှက်ခဲ့ရသော မင်းသမီး..
အကောင်တောင် မရေအားဘူး..
နာမည်ရ..လွင်မိုး နှာဘူး
ဖိုးဝရုပ်ကလေးလို အနော်က ချစ်စရာလေးပါနော်..


တနေ့ တခြား ခြောက်သွေ့ စပြု မျက်နှာပြင်
တဖြေးဖြေး ဖြူလာတဲ့ ဆံပင်
ခပ်ပါးပါး ကြဲလာတဲ့ ခေါင်း
ပါးကြီးလည်း ဖောင်း
ဗိုက်ခေါင်းလည်း ကျယ်
စီပိုင်းကို ဘောင်းဘီဝတ်သည့်နှယ်
အခေါက်ထူ အဆီပြန်
နှာခေါင်းကလည်း တိုလာပြန်တော့
ဝက်နဲ့ တူတူ လာခဲ့ ကျနော့ရဲ့ ရုပ်ရည်
ဘုရား ဘုရား ခုများ..မတွေးရဲပေါင်
ကျနော့ အသက် ၄၀ တောင်

မင်းသားဘ၀က ရာထူးတိုး..
အဖေခန်းကျလည်း ..လုပ်ချင်ဘုးဂျာ..NO NO..
ကျနော် လိုင်းပြောင်း ဓါတ်ပုံဆရာ..
အကြံကုန် ဂဠုန် ဆားချက် ရာ
ပင်လယ်ပြင်ထွက် တောင်ပေါ်တက်
အရင်းမရ ကွဲလိုက်သမှ ၀က်ဝက်

မပိုင်ရင်တောင် ခြင်မရိုက်
ဇေကမ္ဘာဦးခင်ရွှေ ရဲ့ အောက်ဆွဲနောက်လိုက်
စီးပွါးရေးသမားတွေနဲ့ အရက်သောက် ဖဲရိုက်
ဆောက်လိုက်မယ်..လေတဲက တိုက်

နောက် (၅) နှစ်ကြာ ကျနော်လည်းလေ
ဖြစ်ချင်တယ်..ကြံ့ဖွတ်အမတ်
သေချာအောင် ခုဘဲ စရံသပ်
ဘယ်လောက် လာဘ် ပေးရမလည်း
ထည့်မယ်လေ..ကြံဖွတ်ကိုမဲ တစ်မဲ
ဧရာဝတီ မှာ ကြေငြာဗုံး ၀င်ကြဲ
ကျနော့ ထမင်းရှင်တွေ..သောက်မြင်ကပ် ကော်ဆဲ
မျက်နှာမရ..အိုးမည်းကျတယ်။

မှားပါတယ်ဗျာ…
သုမန ကျောမှာထင်ခဲ့ပြီ..ဒီအနာရွတ်
ကျနော့နာမည် လွင်မိုးကြံ့ဖွတ်
အခုကျနော်လေ.. မျောက်သစ်ကိုင်းလွတ်
ငိုခဲ့ရပြီ..မျက်ရည်ဝဲ..ရွှတ်..ရွှတ်..

မသဒ္ဓါ (၁၁။၂၂။ ၂၀၁၀)

လူဆိုတာ ကံကံ၏ အကျိုး ဘယ်သူ မပြု မိမိမှု..။ မကောင်းမှုပြုက..မကောင်းမှု သည် လားရာ ဖြစ်၏။ ကောင်းကင်ပေါ်မော့ထွေးသောတံတွေး၏ ပေကျံရာသည် ထွေးသူ၏ မျက်နှာ..

အပြည့်အစုံသို့ 

အခက်အခဲတွေရှိပါစေ..ကျနော် ဆက်ဆက်လာမယ်။

ချစ်သော အမေ..
မှတ်မိပါ့မလား ကျနော် အမေ့သားလေ
မတွေ့ ရတာ နှစ်တွေ ကြာရှည်
ကျနော့ အသက် ၃၃ တောင်ရှိပြီ။

မှန်းဆ တမ်းတ..အမေ့အခြေအနေ
ကြမ်းတမ်းဆင်းရဲ အရိုးနဲ့ အရေ
အော်..အမေရယ် ပင်ပန်းနေမှာ..

မိုင်..ထောင်သောင်းဝေးဝေး
တွေ့ ခွင့်လေးများရရင်..
ဘာ အန္တရာယ်တွေဘဲ ဆီးဆီး..
နီးနီးလေးပါ
ကျနော် အရောက်လာခဲ့မှာ.

ညအိပ်ရာဝင်တိုင်းကြားယောင်တာ အမေ့ အမျှဝေသံ
ညလေပြေသွေးတိုင်းသတိရတာ..အမေ့ဆံပင်က ပန်းသင်းနံ့ 
ညနေစာစားတိုင်း တမ်းတတာ မီးဖိုချောင်က အမေ့ဟင်းနံ
အိမ်မက်ဆိုးတွေမက်တိုင်း..လွမ်းရတာ အမေ့ ရင်ခွင်

အမေရဲ့ ကြမ်းတမ်းတဲ့ အချုပ်နှောင်ရက်တွေထဲ.
ကောင်းအတူ ဆိုးဖက် အမေနဲ့နေချင်ခဲ့ပေမဲ့
ဇူဇကာပုဏ္ဍားလို ရက်စက်..
လူကြမ်းတွေ လက်ထဲကနေ..
" အမေ့ သားတွေအတွက် နောက်ဆံမငင်နိုင်ဖူး။
အမေ့ လူမျိုးတွေအတွက် အကြွေးတင် အမေမခံနိုင်ဖူး။
သားလေးရယ် လွတ်ရာမှာနေတော့
မင်းအဖေကိုသာ အမေ့ကိုယ်စားစောင့်ရှောက်တော့။"
“Good Bye my son” ဆိုတဲ့ စကားတလုံးနဲ့ 
အမေ ကျနော့လွတ်မြောက်စေခဲ့
ငယ်စဉ်ကတော့ ထင်မိတယ်
" ရက်စက်လိုက်တာ အမေရယ် " လို့ 
အရွယ်ရောက်တဲ့ အခါ..အမေ့ စေတနာ
ကျနော် နားလည်လာရတယ်..
မျက်နှာလွှဲတဲ့အခါ အမေရယ် ၀မ်းနည်းနေမှာ။

သားဆီ..စာလေးတောင်ရေးခွင့်မရတဲ့ အမေ့ ဘ၀..
သားကို. စကားလေးတောင် ဆိုခွင့်မရှိတဲ့ အမေ့ ဘ၀..
အဝေးကသာ လွမ်းနေခဲ့တဲ့ကျနော်
သတင်းဓါတ်ပုံတွေထဲက အမေ့မျက်နှာ..
ဇရာကြောင်း ထင်လာသော်ညား
အရင်လိုဘဲ ကြင်နာမျက်လုံးတွေ.
အရင်လိုဘဲ တက်ကြွတဲ့ခြေလှမ်းတွေ
အရင်လိုဘဲ ခိုင်မာသော စိတ်ဓါတ်တွေ
ကျနော် ဂုဏ်ယူတယ်..
ကျနော်လေ အမေ့သားပါ။

အဖေက ပြောဖူးတယ်။
“ နားလည်ပေးပါ..သားတို့အမေ
သာမညမဟုတ်သော ပါရမီ မိန်းမသား
သူ့ မွေးရပ်မြေအတွက်..သူ ကျေးဇူးဆပ်နေတယ်။
ဂုဏ်ယူပေးပါ..မင်းရဲ့အမေ..
လူသားတွေအတွက်.. သူ ငြိမ်းချမ်းစွာတောင်းဆိုနေတယ်။
အာဇာနည်ရဲ့ သွေးဆက်ဆိုတာ..
ရှင်သန်နေတဲ့ မြစ်တစ်စင်း..
အတားအဆီးမဲ့ ဖွင့်လှစ်စီးဆင်းဖို့ 
ကမ်းနဖူးလို ကာကွယ်ထောက်ပို့ 
ပါရမီဖြည့်ဖို့ က သားတို့ ရဲ့တာဝန်၊”

အမေရဲ့သွေးနဲ့ လူဖြစ်ခဲ့တာကျနော်ပါ
အမေရဲ့အားအင်နဲ့  လမ်းလျှောက်ခဲ့တာကျနော်ပါ။
အမေ့စိတ်ဓါတ်..အမှားဘက်မရပ်နိုင်တာ ကျနော်ပါ။
ဒါပေမဲ့ အမေကိုလွမ်းတဲ့အခါကြည့်ဖို့ 
အမေ့ချစ်တဲ့ ပြည်သူတွေနဲ့အတူ..
ကျနော်လည်း ဒေါင်းသွေးဆက် ပါဘဲ
အောင်ခွပ်ဒေါင်း အလံလွှင့်ထူကြောင်း..
လက်မောင်းပေါ်မှာ ရေးထိုးထားတယ်။

အမေရယ်..
အနှစ် ၂၀ ကျော်ကွဲခဲ့တဲ့သားရဲ့ ဦးခေါင်းကို
အမေ့ရင်မှာဝှက်..
ပီတိရင်မှာ သက်ပါရစေ။
" သားလာပြီအမေ.
လေယာဉ်ကွင်းကို အမေလာ.
ဒီနေ့ ဟာ သားတို့ အတွက် မင်္ဂလာ.
ရွှေလည်တိုင်မောမော့ .
မျှော်လှဲ့ ပါတော့ ချစ်သောအမေ"


မသဒ္ဓါ ( ၁၁။၂၂။၂၀၁၀)
သားငယ် မောင်ထိန်လင်း ခေါ် Kim Aris အတွက်…မိခင်တဦး အနေဖြင့် စာနာ နားလည်ခံစားလိုက်ပါကြောင်း..

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */