Saturday, January 5, 2008

ထီးချက်စောင့်နတ်သမီး၏ သြ၀ါဒ

မြတ်သောမင်းကြီး။
ထပါဘိလော့။ နာကြားဘိလော့၊
အကျွန်ပ်သည်။
သင် ၏အပါး။ စောင့်ရှောက် သွားရန်
ဘိုးတော် သကြား။ မိန့် တော်ထားသည့်
ထီးချက် စောင့်နတ်၊ မနေအပ်၍
ဤဆုံးမချက်၊ နှုတ်မှထွက်သည်.
သင်သည်
နာခံ လိုက်နာလော့။

သင်နားဆင်ချင်၊ မဆင်ချင်ငြား
ပြောကြားသမှု။ ကျွန်ပ် ပြုမည်။
ဆုံးမ နာယူ။ လိုက်နာ ယူက
သင်၏ အသက်။ ချမ်းသာ ဖြစ်စေ
ငါသည် စောင့်လျှောက် ပြုပေအံ့။

ဆုံးမ နာယူ။ မလိုက်နာမူ
စိတ်ထားမကောင်း၊ သင့် ဦးခေါင်းသည်။
ရှစ်စိတ်အမွှာ ကွဲကြေ စေသား။
ငါ၏ သစ္စာ။ ကျိမ်စာသို့ ထက်။
မင်းယုတ် ဆိုစေ၊ ဇီဝိန် ကြွေလော့။

မြတ်သောမင်းကြီး။
“ဓမ္မေန မဟာဇနံ ရဉ္ဇေတီတိ ရာဇာ”
တိုင်းသူပြည်သား၊ သတ္တ၀ါ များ၏
စိတ်နှလုံးကို၊ တရား မျှတ၊
ပျော်ရွှင် ရအောင် ၊ ပေးဆောင် သူသာ။
မင်းရာဇာ ဟု ခေါ်တွင်ပြုသည်။
မင်းကောင်းမြတ်၏
ဂုဏ်ရည်နှင့် ဒြဗ်၊ သီရိကျက်သရေ
အသင်မှတ်ယူ ဆင်ခြင်စေသောဝ်။

တရား မရှိ၊ သစ္စာ မရှိ၊
မမှန် စကား ၊ လိမ်လည်ခြင်းအား၊
ရှောင်ကြဉ်ဘိလော့ ။
သည်းခံအမျက်၊ ပြင်မထွက်နှင့်။
ခံစားကာမဂုဏ် ။ အပျော်ဟုန်၍.
တိုင်းရေးပြည်မှု၊ လျှစ်လျှူရှု ခြင်း
သုံးချက် ရင်းမှာ.
ကောင်းမြတ်မင်းတို့ ၊ ကြဉ်ရှောင်အပ်၊
***********
မင်းကောင်းမည်က။ (၄) ပါး သင်္ဂဟတရား မျှစေ။ ကျင့်ကြံပေလော့.

သဿမေဓ။ သင့်တင့် မျှစေ
ဆယ်ဖို့တဖို့၊ အခွန်သို့ သာ
ကောက်ယူရာ၏။

ပုရိသမေဓ။ ရဲမက် စစ်သည်
မှုထမ်းသည်အား။ ရိက္ခာ လစာ
ဖူလုံ စွာလျှင်၊ ပေးကမ်း ကြည့်ရှု
ချီးမြှောက်မှု။

သမ္မာပါသ။ ကုန်သည် ပွဲစား
လယ်သမားတို့ ။ လွတ်လပ် ကုန်စည်
ရောင်းဝယ်စေမည်။
အရင်းမဲ့သူ၊ ဆင်းရဲသူအား.
ထောက်ထားညှာတာ။
မတည် အရင်း၊ ချေးဌားခြင်း။

ဝါစာပေယျ။ ဖရုဿဝါစာ၊
ရှောင်ကြဉ်ပါလေ။
ပီယ ၀ါစာ။ ချစ်ဖွယ်ရာသို့ ၊
ချေငံစွာဖြင့်၊ ဆက်ဆံ ပြောစေ
ဤ လေးထွေသည်။
စည်ပင် ပြည်ရွာ သာစေကြောင်း.။
************
ရှစ်ပါးအစုံ၊ ရာဇဂုဏ် သည်။
မင်းကောင်းဟူက၊ ကျင့်အပ်ကြ၏။

သိကြားမင်းသို့ကျင့်။ ချီးမြှင့် ကောင်းသူ။
ဆိုးသူ အပြစ်။ စီရင် ချင့်လော့။
တန်ရာ ကုသိုလ်၊ အကုသိုလ်နှင့်။
မြတ်သောမင်း၏၊ ကျင့်စဉ်ထုံး။

နေကဲ့သို့ကျင်ကြံ။ အခွန်တော်ချ.
အဖို့ ရစေ။ ဖြေးညှင်း သာယူ
ကောက်ယူုတော်မူ။

လေကဲ့သို့ကျင့်စဉ်။ ပြည်သူ ရင်၌
ဖြစ်တည် သမှု။ ထောက်လှန်း ရှာဖွေ
တသား ထဲနေ။ ချင့်စာနာစေ။

ယမမင်းကဲ့သို့။ ချစ်မုန်း မဆို
မျက်နှာ မလိုက်။ အမှန်ကြိုက်သူ။
လျှော်ညီ အမှု။ ပြစ်ဒဏ်ပြု။

သမုဒ္ဒရာမှန်က၊ ရေကို မတောင့်တ၊
မြစ်ကြီးငါးသွယ်၊ မြစ်ငယ် ငါးရာ
ချောင်းရေ မြောင်းရေ။ ဘယ်ရေမဆို
ဝင်လာ သမျှ၊ လက်ခံရ၏၊
မင်းတို့ မည်သည်၊ ဥစ္စာလောဘ မတောင့်တနှင့်၊
ရသင့်သည်သာ၊ ခံယူရာသည်။

လပြည့်ဝန်းနှယ် ရွှင်လန်း ချိုမြ။
နာပျော် စကား။ ခပ်သိမ်း ဗိုလ်လူ
ချစ်ခင်သူတို့ ။ ၀မ်းမြောက် ဖို့ ရာ.
ရွန်းပ သာလော့။

ဤမြေပံသု။ ပထ၀ီ ထုနှယ်
မှီခို ရာထား၊ သတ္တ၀ါများတို့ 
စောင့်ရှောက် ကိုးကွယ်။
ပြည်တင့်တယ်စေ၊ သင်ကျင့် ပေရော့။

ဝသန်မိုးရေ. စိုစွတ် စေသား.
အမှုထမ်းသူ၊ အရာထမ်းလူ
ပေးကမ်းစွန့် ကြဲ၊ ဒါနမြဲစေ.
လျောက်ပတ်စေရ၊ ချီးမြှင့်မှ
မင်းကောင်းမြတ်၊ ဟူလေသတတ်။
****************
နာယကတရား ၊ ၆ ပါး ရှိ၏။
သင်ပြည့်စုံစေ။ မင်းမြတ် အဆွေ။

ခမာ မည်၏။
မြေကြီးကဲ့သို့သည်းခံတတ်စေ။

ဇာဂရိယ.. ထကြွနိုးကြားခြင်း
အသွားအလာ၊ နေထိုင်ရာမှာ
သတိ မလပ်၊ ဆင်ခြင်အပ်။

ဥဋ္ဌာန.. ငယ်သားတို့ထက်
ထကြွလုံလ၊ ရှိတတ်မှသည်
ဤသူ မင်းကောင်းခေါ်သတတ်။

သံဝိဘာဂ.. ဝေဖန် ဆင်ခြင်၊
ပိုင်းခြား ထောက်ရှု၊ ခွဲခြား နိုင်မှု။
ရင်မှ ဖြစ်ငြား။ သားငယ်လားသို့ 

ကြင်နာ ဒယာ..
ချစ်ခင်ပါလော့၊

ဣက္ခနာ... ဥာဏ် ပညာရှိ
ထို က၀ိအား၊ ချဉ်းကပ် ဆည်းယူ ။
နာခံယူလော့။
မင်းကောင်းများ၏၊ လေးစားဂုဏ်။
****************
ဒီမိုကရေစီ နိုင်ငံတော်၏၊
မရှူံးနိမ့်ကြောင်း။ နည်းလမ်း ကောင်းသည်
အပရိဟာနိယတရား ၊ မင်းကျင့်စဉ်၏ (၇)ပါး

၁။ သန္နိပါတ

စည်းဝေး မပြတ်။ ဆုံးဖြတ် ညီညာ
ပြည့်ကောင်းမှု။ ဆွေးနွေး ပြုသည်
မင်းကောင်းမည်၏ ။

၂။ သမဂ္ဂ ၊ အများနဲ့ အမှု
ညီညွတ်ပြုလော့၊ အများသဘောတူရာ၊
ဆောင်ရွက်ရာ၏။
ဆုံးဖြတ်ချက်အား၊ စုရုံးလုပ်ဆောင်၊
ပြည်ကောင်းအောင်။

၃။ ပညတ္တိပဋိပဇ္ဇန၊ ရှေးမင်း ပညတ်၊
ရာဇသတ်များ၊ စည်းမျဉ်း ဥပဒေ ၊
ထုံးတမ်းစဉ်လာ၊ မပျက်သာစေ
လိုက်နာစေရ။

၎။ သုဝစ၊ လူကြီး သူမ၊ ရိုသေကြ
ပညာကြီးသူ၊ ဆည်းကပ်ယူလော့။

၅။ အပသယှ၊ အားအင်နည်းသူ
မိန်းမသူများ ၊ မစော်ကားရ။
အနိုင်အထက် မသိမ်းယူရ။ မနှိပ်ကွပ်ရ။

၆။ လူမျိုးဆိုင်ရာ၊ ဓလေ့ထုံးစံ၊
စောင့်ရှောက်ပြန်သည်၊
ပြည်ရွာစည်မှု၊ အားထုတ်ပြု။

၇။ ဂုတ္တိ၊ ပြည်တွင်းသံဃာ၊
ကိုင်းရှိုင်းစွာဖြင့် ၊စောင့်လျှောက်ချီးမြှင့်
ဂုဏ်ပြုသင့်သည်၊ အဝေးသံဃာ။
ရိုသေ စွာဖြင့်၊ ဖိတ်ခေါ်စောင့်ရှောက်၊
မင်းချီးမြှောက်စေ၊ သာသနာဝေလော့၊
*******************
ထိုမျှမက
ပြည်သူ မြတ်နိုး။ မင်းမျိုးကောင်းသည်။
“မင်းကျင့်တရား၊ (၁၀) ပါး”၏ ဂုဏ်ကုံလုံပြည့်စေ။ စောင့်ရှောက်ပေ၏။

(၁) စွန့် ကြဲ ပေးကမ်း၊ လှူဒါန်း ကြည်ဖြူ။
အလှူ ဒါန။ ပြုအမျှဖြင့်၊

(၂) ငါးပါး သီလ၊ ဆောက်တည်ရ၏။
သူ့ သက်မသတ်။ မမူးရစ်တတ်၊
မကျူးလွန်ရ၊ ပြစ်ကာမကို
လိမ်လည်မှုရှင်း. လုယက်ခြင်းမရှိ။
စောင့်ထိန်းရာ၏။

(၃) ပရိစ္စာဂ- စွန့် ကျဲပေးကမ်း
မင်းမှုထမ်းတို့ ၊ မပင်ပန်းစေ၊
ကြည့်ရှူလေလော့။

(၄) သမ္မာပဋိပန္န (အဇ္ဇ၀) - ဖြောင့်မတ်ရမည်။
မရိုးမသား၊ မလှည့်စားသင့်။
မင်းကောင်းအကျင့်။

(၅) မုဒုက (မဒ္ဒ၀) နူးညံ့ပျော့ပြောင်း၊
စိတ်ထားကောင်းစေ။ သိမ်မွေ့ပြောဆို။
နှလုံးချိုလော့။

(၆) ဥပေါသထ (တပ)- ကောင်းသောအကျင့်
မြတ်သောအကြံ။ ဥပုဒ်ဆောက်တည်.
မင်းမြတ်မည်၏။ နာခံဘိ။

(၇) အက္ကောဓ ရန်ငြိုးအမျက်၊
စိတ်မကွက်နှင့်၊ မိခင် စိတ်ထား
ရင်ဝယ်သားသို့ ၊ စောင့်ရှောက်ဖို့ ၊

(၈) အ၀ိဟိံသန- တိုင်းသူပြည်သား
သတ္တ၀ါများကို ၊ နှိပ်စက်ညဉ်းဆဲ။
မိုက်မဲသမှု၊ ရှောင်ကြဉ်ပြုလော့။

(၉) ခန္တီ သည်းခံ၊ ဒေါသမာန်ကို။
မောဟဖယ်ဖျောက်။ အမျက်ပျောက်စေ။
မေတ္တာရေနှင့်၊ ပြည်အေးစေလော့

(၁၀) အ၀ိရောဓ- ရဟန်း၊ ရှင်၊ လူ၊
ပြည်သူ မှူးမတ်၊ မဆန့်ကျင်အပ်၊
လွတ်လပ်သမှု၊
ဤ ဆယ်ခုသည်၊ မင်းမြတ်တို့ ၏ ကျင့်ဝတ်ပေ။

မြတ်သောမင်းကြီး။
ဤစကားသည်။ ဗုဒ္ဓမြွက်ကြား“ရာဇောဝါဒ သုတ္တန် ” လာ
သင်မှတ်ရာသို့ ။ ဆင်ခြင်ဖို့ ။

ငါကားအားကြီး။ ခွန်အားရှိ၍
တိုင်းသားပြည်သူ၊ ဂရုမမူ။
ငါ၏စနက်။ ငါ့လက်ချက်ဖြင့်
ငါ့အာဏာစက်။. တိုင်းပြည်ဖျက်အံ့။
ငါ၏အလို ။ မပြုလိုက
တိုင်းပြည်ပြိုစေ။ မိုက်မဲထွေသော်။
ဤသည် ပြည်ရွာပျက်ကြောင်းတပါးတည်း။

မြတ်သောမင်းကြီး။
“ဤလောက၌
မိမိပြုလုပ်၊ကံ(အလုပ်)သည်
ယခု (ပစ္စုပ္ပါန်)၌၊ ချက်ချင်း အကျိုး
ပြန်ရောက်မျိုးကို။ မင်းကြီးဝေဖန်သုံးသပ်လော့။"

မြတ်စွာဗုဒ္ဓ၊ ဟောကြားပြသည်.
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
(မတည်မမြဲခြင်း၊ ဆင်းရဲခြင်း၊နှင့် အမြဲမရှိခြင်း)
တရားသွင်းလော့။

ရေပွက်ပမါ။ သင့်ခန္ဓာသည်။
ကွေးသောလက်၏။
ဆန့် သည့်ခဏ
ပျောက်ကြွေကျမည်။
သင်မသေမီ။ ကောင်းမှူကောင်းကျိုး
ပြည့်အကျိုးအား၊ ပံ့ပိုးတည်မှု။
စောင့်လျှောက်ပြုစေ။
ပြည်ရွာအေးမြ သာစေကြောင်း။

ဆုတောင်း အနုမောဒနာ..
သင့်ထီးချက်စောင့် နတ်ကညာမှ..
ဆုတောင်းထွေဖြာ. ပန်လိုက်ပါ၏။
မင်းကောင်းမြတ်၏ ဂုဏ်ကျက်သရေ
မြတ်သောမင်းကြီး ပြည့်စေရာ။

မသဒ္ဓါ ( ၁။ ၅။၂၀၀၈) ..
မှတ်ချက်. ကိုးကား.ယောမင်းကြီး ဦးဖိုးလှိုင်ရေးသားတဲ့ “ရာဇဓမ္မသင်္ဂဟကျမ်း”
မေဒါဝီ ၏ ရာဇဓမ္မ သင်္ဂဟ http://maydar-wii.blogspot.com/2007/08/blog-post_27.html
ဟစ်တိုင် လူမင်းနှင့်ကျေးမင်းပြဇာတ် http://www.hittaing.org/feature/2006/lumin.html
( ဒီဃနိကာယ ၂ ၊ ၃ ၊ မဟာပရိနိဗ္ဗာနသုတ္တ )
ရွက်ဝါ၏ ဗုဒ္ဓနှင့် ဒေ၀ဒတ် တို့၏ နိုင်ငံရေး သဘောထားများ ttp://ywetwar.blogspot.com/2007/10/blog-post_22.html
http://htunhlaing1.blogspot.com/

1 comment:

မေဓာဝီ said...

မသဒ္ဓါရှင့်
ညီမရဲ့ ဘလော့ထဲမှာ ကွန်မန့်ချထားခဲ့တာ တွေ့လို့ပါ။ မမကဗျာတွေကို အရင်ကတည်းက ဖတ်ခဲ့ နှစ်သက်ခဲ့ပါတယ်။ “ထီးချက်စောင့် နတ်သမီး၏ သြ၀ါဒ” ကဗျာက အဓိပ္ပါယ် ပြည့်ဝတဲ့အတွက် အလွန်နှစ်သက် မိပါတယ်ရှင်။

 
/* EOT ----------------------------------------- */