Saturday, June 28, 2008

ပုဆိုးလေးတစ်ထည်ရဲ့ ပုံပြင်


ဘ၀တကွေ့  မေ့ မရတဲ့တနေ့ ..
မိုးယံကမဲ..လေသဲတဲ့နေ့ .
လိမ့်လူးလာ ဒီလှိုင်းများ..
ရေမှုန်တိမ်တောင်အလား..
အိမ်ခြေရာ..မြို့ ပြရွာ..
အရည်ပျော်ဆင်း..ပင်လယ်တွင်းဆီ။

သေကံမရောက် သက်မပျောက်..
တွယ်ရာ သစ်ပင်တပင်ပေါ်ရောက်.
ရေစိုတုန်ယင်.ဒိတ်ဒိတ်ခုန်တဲ့ရင်
စူးစပ်တဲ့ မျက်လုံး ခေတ္တအမှောင်ဖုံး..
အတွေးထဲမှာ…ဘုရားစာ..
ကဘောက်တိ..ကဘောက်ချာ..
ဘုရားကယ်ပါ.. အမေရယ် ကယ်ပါ..
ကျနော်မသေချင်သေးပါဘူး.

ရေစီးသံ ငရဲတိုးသံ
မျောပါကျ..လူသားများ..
တလောင်းပြီးတလောင်းသွား..
ဘုရား..ဘုရား..
ငါ့အလှည့်များ ရောက်တော့မှာလား..

ပဲကြီးခွံပွလက်…ချမ်းခိုက်တုန်လျှက်
သစ်ကိုင်းကို ဆုတ်
ပွန်းပဲ့ စုတ်. လက်ဖ၀ါး
နာကြင်တာ.ဂရုမစိုက်အား
အေးစက်တဲ့လေကြမ်း…သရမ်းတဲ့ လှိုင်းလေ
လက်အံသေ..ဘယ်တော့များပြုတ်ကျ.
ပြောမရတဲ့ ကံကြမ္မာ..
ရှင်သန်ရေးအတွက် အသက်ဆက်ရေး.
နောက် တမိနစ်တောင်မတွေးရဲ..
ကွေးသောလက်မဆန့် ခင်.
အသက်နဲ့ကိုယ်များ အိုးစားကွဲ
ဒါဟာလေ..လောကရဲ့ ငရဲ..

မိုးလေပြင်း အရပ်..
တက်လှိုင်းနဒီ..အဆုံးသတ်ချိန်
သစ်ပင်ထိပ်ဖျားက ကျနော်..
ကံကောင်းတာက အသက်မထွက်.
ကံဆိုးတာက..ပုဆိုးမပါ တဲ့အရှက်..

အမေမွေးတဲ့ အ၀တ်မဲ့ခန္ဓာ..ရှက်စရာပေမဲ့
တွေ့ ရတဲ့ ဆာလာအိတ်ခွံကလေး..
မလုံတလုံ ဖုံးနိုင်သေးတာ ၀မ်းသာစရာ။
ကျနော် ကံကောင်းသေးပါတယ်ဗျာ။

ရွာပျက် စစ်တလင်း..
လှည်လည်ရှာဖွေရင်း..
ရလာတဲ့ မိန်းမ၀တ်ဂါဝန်တထည်။
ချေးများဖို့ မရှိ..ဝတ်ရန်သာသိ
အရှက်လုံရန်သာ အရေးကြီး၏။

ဖုန်းကညာတပါး..
လုံးရာကပြားတယ်ဆိုဆို..
ကျနော် ဂါဝန်ဝတ်နဲ့ ကိုလူပျို..
ဘ၀ရဲ့ လှိုင်းဂယက်အောက်
ဘယ်တော့မှ လက်မမြှောက်..
ဘယ်တော့မှဒူးမထောက်.
ဂါဝန်ဝတ်တိုင်း..ကျနောမဟုတ်ဘူး...အခြောက်။

ရွာဆီလာတဲ့ ပဲ့ထောင်လှေ
ကယ်ဆယ်ရေးအဖွဲ့ အလှူဝေ.
ကျနော့ ကိုမြင်
ဒီမှာ…ပုဆိုးလေးတစ်ထည်တဲ့… ရော့
ဘ၀ရဲ့ အပျော်ဆုံးနေ့ ကလေးပေါ့။

မသဒ္ဓါ (၆။၂၇။၂၀၀၈)
မျိုးချစ်မြန်မာ.၏ ဂါဝန်ဝတ်ထားသော ယောက်ျားလေးတဦး ၏ ဓါတ်ပုံကို ကြည့်ရှုခံစားထားပါသည်။ အမှန်ဖြစ်ရပ်ကို ပြသသော ဤသတင်း အတွက် မောင်လေးမျိုးချစ်မြန်မာအားကျေးဇူးတင်ပါသည်။
http://myochitmyanmar.blogspot.com/2008/06/blog-post_1373.html/

အပြည့်အစုံသို့ 

Friday, June 27, 2008

ရှင်ကွဲ ကွဲခြင်း၏ ဝေဒနာ

ပေါင်းလောင်းရဲ့ရေကြည်
နေရီရီ ရေချိုးဆင်း
ပျော်ရွင်ခြင်းနဲ့ ကျမ
ကျွဲမလေး..မဒီ

အိမ်ပေါက်အတူနေ..
သန်မာတဲ့ ခွန်အား..
လှည်းတူတူဆွဲဖက်..
ချစ်ရတဲ့ သက်လျှာ.
ကျွန်မချစ်တဲ့..ကျွဲညိုပြာ။

သစ်ဆွဲတဲ့ ကျွဲ
စပါးခင်းအလည် ထယ်ထွန်ဆဲ
ပဲခူးနယ်ရဲ့ ပေါင်းလောင်းမြစ်သောင်စပ်.
ကျွန်မချစ်တဲ့ မွေးမြေရပ်.

ဧရာဝတီရဲ့ မုန်တိုင်း
ရွေဝါမြေရဲ့ သမိုင်း.
လယ်တွေပျက် လူတွေသေ
စပါးစိုက်ရန် ကျွဲမရှိချေ။

မင်းအာဏာစက်
ကျမ သခင်ဆီသက်တယ်
ကျွဲတရှဉ်း..မျိုးစပါးက ဆယ်တင်း
မရှိလည်းပေး..ရှိလည်းပေး
မပေးရင် "ထောင်"၊ ပေးရင် "ပြောင်" ပေါ့
ကိုလိုနီခေတ်ချစ်တီးထက်..ဓါးထက်တဲ့နအဖ..
ကျွန်မတို့ မောင်နှံကို..လုယက်
ဘ၀လည်း ပျက်ရပြီ။

ကျွန်မမှာ ပိုင်ဆိုင်တာ ခလောက်ကလေးတလုံး
ဘဝမှာ နောက်ဆုံးတွေ့ တာ
ကျွန်မရဲ့သခင့်မျက်ရည်.
နှုတ်ဆက်ခဲ့ရပြီ..ကျွန်မရဲ့မွေးရပ်မြေ..

ချစ်လင်ညိုပြာနဲ့ အဖေါ်ပြု
ရောက်ခဲ့ ရပြီ..ခရီးတဝေး
ဧရာဝတီ လတာပြင်ဘေး။

လူကြီးမင်းတို့ ရယ်
ကျွန်မတို့  ဘ၀ တူတူ လှည်းဆွဲ
ကျွန်မရဲ့ချစ်လင်..ကျွဲ
ခွဲမထားပါနဲ့ ..
ကွဲမသွားပါရစေနဲ့ရှင်တို့ ရယ်.
ကျွန်မရဲ့ ၀မ်းကြာတိုက်
သူ့ ရင်သွေးလေးရှိတယ်။

ဘယ်လောက်ပဲ ငိုငို..
ဘယ်လောက်ဘဲ..အသနားဆိုဆို..
ကျွန်မတို့ ကြင်ဖေါ်ကိုခွဲ..
တယောက်ရယ် တနေရာရာဝေစုခွဲ.
ဘယ်တော့ ဘယ်အခါ..ဘယ်လိုလိုက်ရှာ..
ပြန်တွေ့ ရန် ခက်ခဲတဲ့..ကိုညိုပြာ
ကျွန်မသားလေးမွေးလာရင်.အပြောခက်
မင်း အဖေဘယ်သူဘယ်ဝါ..ဘယ်မှာ..

ရက်စက်တဲ့မိုးမုန်တိုင်း
ဧရာဝတီမှာတင်ရိုင်းတာမဟုတ်
ရွေ့ ပြောင်း..အဓမ္မ ပေါ်တာဆွဲ..
ကျွန်မ တို့  ပေါင်းလောင်းကကျွဲလည်း..
ဘ၀တကွဲ..ကြင်ဖေါ်တကွဲ..
အသည်းနာရင်ကွဲ..
နအဖကြောင့်..ရှင်ကွဲကွဲခဲ့ပြီ။

မသဒ္ဓါ ( ၆။၂၆။ ၂၀၀၈)
နအဖ၏ အဓမ္မ.အကြမ်းဖက်၍ ခေါ်ယူလာသော ရွေ့ ပြောင်းဒေသများမှ..ကျွဲနွားများသို့  စာနာစွာဖြင့်..အမှတ်တရ

အပြည့်အစုံသို့ 

Thursday, June 26, 2008

သမိုင်းသုတေသီဟူသည်…

သမိုင်းဆိုတာ..
အပိုကို မလို..
အမှန်ကိုဘဲဆိုတယ်..

ကမ္ဘာ့ သမိုင်းတလျှောက်.
တော်သူကိုချီးမြှောက်..
ရဲရင့်သူကို..ဂုဏ်ပြု
မှန်ကန်သူ အမည် ပန်းလိုမွေး
ကောက်ကျစ်သူအမည်က ညစ်ထေး
ရက်စက်သူနံမည်ကို.အမဲရောင်ခြယ်..
မင်းကောင်းဆိုရင်..ကျော်စောထင်ရှားမယ်.။

ဘယ်သူဘာတွေ လုပ်ခဲ့လုပ်ခဲ့
သမိုင်းရဲ့ စာမျက်နှာများ အထင်ရှား..
မုသားမပါ..ရွှေရောင်ဆေးမစွက်..
ရာဇ၀င်ဆိုတာ..ရိုးသားစွာ
အဖြူရောင် သက်သက်။

ရာဇ၀င်ဖျက်ချင်တဲ့ ဦးနေ၀င်း..
ရာဇ၀င်ဆရာမ ကို..မဟေသီပေး
ကောင်းတဲ့ရာဇ၀င် အရေးခိုင်းလည်း..
ယုံကြည်ချက်နဲ့ သမိုင်းဆရာမ..
အမှားကို လိမ်ညာမပြခဲ့ပါ။
အမှန်ဆိုတာ ဖုံးမရတဲ့အရာ။

အားမငယ်နဲ့  ညီမလေး
ဘယ်သူ လက်ညှိုးထိုးထိုး..
ကိုယ်သယ်ပိုးတဲ့ ပြည်ကျိုး
စေတနာနဲ့တန်ဖိုး..
ကိုယ်သာလျှင် သိပါခြိမ့်
မနာလိုသူတွေ မရှုစိမ့်.
ကဲ့ရဲ့စကားဆိုတာ ..ခုနှစ်ရက်သာခံပါလိမ့်။

မှန်သောစေတနာ
မျိုးဆက်သစ်များအတွက် ဂရုဏာ
ကိုယ့်လမ်းမပေါ်..ကိုယ်နင်း..
သမိုင်းကို ကဗျည်းထိုးနေခြင်း.
လေးစားစွာ ဂုဏ်ပြုပါချင်။
သမိုင်းသုတေသီရှင်..ညီမလေး မသက်ဇင်..

မသဒ္ဓါ ( ၆။၂၅။၂၀၀၈)

ညီမလေး..မသက်ဇင် http://mathetzin.blogspot.com/ သို့ 
cbox မှာ..မိကောင်းဖခင်သားသမီးမပီသစွာ..လာလာဆဲနေတာ..မမတို့ လည်း အကြိမ်ကြိမ်..ခံရဖူးပါတယ်.။ အမှန်ကိုဆိုတဲ့အခါ..လက်မခံနိုင်တဲ့ ရေပေါ်ဆီတွေက..ဆတ်ဆတ်ထိမခံ...ခါးတာအမှန်ပါဘဲ..အနာပေါ် တုတ်ကျတာပေါ့ ။ ဗမာ ယောက်ျားရင့်မကြီးတွေထဲက ပညာတတ်မိန်းမတွေ အပေါ် နှိမ်ချကြည့်ချင်တဲ့ လူတွေပေါ့။
ဆဲတာလည်းအမှန်ပါဘဲ..ချီိးမွန်းလည်း ခုနှစ်ရက်. ကဲ့ရဲ့လည်း ခုနှစ်ရက်မို့ ..ညီမလေးရေ..ကိုယ်.ထမင်းကိုယ်စား..ကုလားမကြား နားမကြားသာထားလိုက်ပါ..ခွေးလှေးခုန်လို့ ဖုန်မထပါဘူး..ရဲရင့်စွာ..ဆက်လျှောက်ပါညီမ.အားပေးစမ်းပါရစေ။

အပြည့်အစုံသို့ 

Monday, June 23, 2008

ငါစိုက်တဲ့ဆန်တွေ မင်းစား..ငါ့ကျ သူတောင်းစားတဲ့ လား..

ကျုပ်နံမည် ကံကောင်း
အကြောအချင် က သံချောင်း
အရပ် ထောင်ထောင်မောင်းမောင်း
ခွန်အားဗလ..အားကောင်းမောင်းသန်
ဧရာဝတီရဲ့..လယ်သမားကောင်းအမှန်..

နေတာက ဒေးဒရဲ..
အဖေ့ အမွေရ..
စပါးလယ်ဧက ၁၀ ပွဲ
ခိုင်းကျွဲက ငါးကောင်
စပါးကျီ. မျိုးစပါးခေါင်မိုးထိအောင်.
ကျွန်းတိုင်ထူအိမ်နဲ့ ကျွန်းကြမ်းခင်း..
စီးပွါးဥစ္စာ တောင့်တင်း။
ဘုရားတကာအသင်းဝင်ဖြစ်တယ်။

မိုးရေတိမ်တောင်ကျိုးကျ
ပင်လယ်ရေတွေ..ဆူပွက်ထတဲ့ခဏ
နာဂစ်ဆိုတဲ့မုန်တိုင်း.
ရိုင်းစိုင်း လှတဲ့ သဘာဝရိုင်း.
ရွှေဝါမြေကို..ဝိုင်းစေတဲ့ရေ..
အိုးအိမ် ကျွဲနွား..လူ့ အသက်များ..
မျိုးစပါး ဆန်ရေ..
မျောပါခဲ့ပြီ..ပိုင်ဆိုင်ဥစ္စာတွေ
ပင်လယ်ရဲ့ အော်ခေါ်သံ..
မိစ္ဆာငရဲ ..တံခါးဖွင့်ပြန်။

ကုန်းကောက်စရာမရှိမွဲ..
သင်းပျက်တဲ့..မိသားစုကတကွဲ..
၁ဝတန်းရောက်သားကြီး…
သူသွားချင်တဲ့တက္ကသိုလ်နဲ့  ဝေးပြီး.
မြစ်ရိုးတလျှောက်..သူ့ အရိုးကျရောက်ခဲ့ပြီ.

မွေးကင်းစမြေးမနဲ့ သမီး..
လှိုင်းကြီးအောက်..မျက်စိတမှောက်..
လွင့်စင်ပျောက်ခဲ့..

အလှူရေစက်..
နှစ် ၃၀ အတူလက်ဆက်တဲ့ ချစ်ဇနီး
ဒီလှိုင်းထဲက သူ့ ရဲ့အော်သံ
ကျူပ်အိမ်မက်ထဲမှာတောင် ကျန်တယ်ဗျာ။

၉ယောက်သော မိသားစု..
ကျုပ်နဲ့ ၅နှစ်သား. သားလေး...
လက်ချောင်း.နှစ်ချောင်းကွေးစာဘဲကျန်တယ်။

အမွေရအိမ်..
အမွေရကျွဲ..
အမွေရ စပါးကျီ..
ပင်လယ်ဆီ..
ဆားငန်ဝင်သည့် လယ်ဆယ်ပွဲ
ထွန်စရာကျွဲမရှိ.
မျိုးစပါးလည်းနတ္တိ
သိုက်မြုံပျက်သည့်
အသက် ၅၀..
ဘဝရဲ့မုန်တိုင်း..ရက်စက်တာနှိုင်းမမီ။
လက်ပလာနဲ့ ဘဝတစ်ခုဆီ။

ဂုဏ်သရေရှိလယ်သမား..
လက်ဖြန့် ခံစား..
ဆန်ကလေး နို့ ဆီတစ်ဗူးရအောင်..
အလှူလူတန်းမှာ..တနေ့ လုံးစောင့်
အစာမ၀ ရေစာစား..
ပိန်ချူံးလာတဲ့ ခန္ဓာ..
အရိုးပေါ်အရေတင်သာကျန်တယ်။

အားငယ်နေဆဲ..
အမေကွဲ.အငယ်ကောင်ရဲ့..ညဖက်ရှိုက်သံ..
ဒါ...ရန်သူမျိုး ငါးပါးရဲ့ရန်။
ရေဒဏ်ကြောင့် သေကံမရောက်..
ကျန်ရစ်တဲ့ သားအဖ နှစ်ယောက်.
လတ်တလော..ဝမ်းစာ..အသက်
ဘေးအန္တာရယ်..သက်တဲ့ ခဏ..
လမ်းမပေါ် အစာရှာထွက်..
လက်ဖြန့် ခက်။ ခပ်ရှက်ရှက်
အဲဒါ..သူတောင်းစားတဲ့ လားဗျာ..

ရက်စက်တဲ့မင်း..သူမို့ မညှာမတာပြောရက်ချင်း။
ရေနစ်ခြင်းကို ..၀ါးကူထိုးရက်တယ်။
သူတောင်းစားဖြစ်ရတာ..သူခိုးထက်တော့ ဂုဏ်ရှိတယ်။

မသဒ္ဓါ (၆။၂၂။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, June 12, 2008

ပါးစပ် မြည်.သေနတ်။ အားပြတ်နေတဲ့ဒေါင်း။

ဒိုင်းဒိုင်း နဲ့ တဒက်ဒက်..
ပစ်နေတဲ့ လက်နက်..

ကိုယ်ကလွဲ..ခေါင်းကိုတောင်မယုံ..
မိမိသာလျှင်ပြည့်ဝတဲ့ ပုံ..
ဟိုရေး ဒီရေး ပရောဂျက်..
မယားစားဖို့ ဘဲ ဘတ်ဂျက်..

ဆင်ဖမ်းမယ်..ကျားဖမ်းမယ်
လမ်းပြမယ်..ဦးဆောင်မယ်..
ထပ်ပြန်လဲလဲ..လေလုံးထွားဆဲ
တကယ်ကျ..
နယ်စပ်တောင် မကျော်ရဲ..

ကိုယ်သာဘဲ မှန်.
သူများဆို လက်ညှိုးထိုးပြန်..
သူများခြေတွေနင်း..အတ္တ များနေခြင်း.
ငါသာ ခေါင်းဆောင်...
နံမည်ယူချင် မျက်နှာပြောင်..
သေစရာရှိရင်..မျိုးဆက်သစ်..
စစ်တလင်းမှာ ထိုးကြွေး.
ခေါင်းဆောင်သွေးမရှိတဲ့ခေါင်းဆောင်.
အရှေ့ ဆုံးတွေမှာ အူကြောင်ကြောင်..

ယောက်ျားအစစ်.. ဆိုရင်..
ပါးစပ်နဲ့ သေနတ်မပစ်.
တိုင်းပြည်ကို လိမ်ညာပြီးမချစ်။

လေတွေကို လျှော့..
အားတင်းပါတော့..
နိုးကြားပါလော့
စည်းလုံးပါတော့
ခွပ်ချိန် တန်တဲ့ ဥဒေါင်း
တောင်ပံ မညောင်းစေချင်..
တိုက်ပွဲဝင် တိုက်မောင်းဒူဒူ..
ခွပ်လိုက်ကြပါစို့  ညီညာတူ။
ဒါမှသာ..သတ္တိနဲ့ လူ။

မသဒ္ဓါ ( ၆။၁၁။၂၀၀၈)




Rest of your post

အပြည့်အစုံသို့ 

တွယ်ရာမဲ့ ..ဆားလေး တစ်ဒယ်..

လေနဲ့ မိုး..မိုးနဲ့ လေ..
ရေတွေ..ရေတွေ..
ဒေါသထန်တဲ့ ပင်လယ်..
ဆူပွက်ဖေါင်းကြွ သမုဒ္ဒရာရေဝယ်..
ရေစိုတဲ့ လူများ..ပုရွက်ဆိတ်အလား.
အသက်ဆုံးပါးခဲ့တယ်။

အဖေရော..အမေ..
မျောပါခဲ့ လှိုင်းထန်ရေ..
ညီမငယ်လေးက အဝေး..
"အကိုကြီးရေ..ကယ်ပါ..ကယ်ပါ"ဆိုတဲ့ စကားသံရေးရေး..
ဖက်တွယ်ထားတဲ့ သစ်ကိုင်းတဖျား..
သူ့ အတွက်တော့ ကောက်ရိုးမျှင် တခုအလား..

ခုမြင်..ခုပျောက်..အသက်တွေ
ရေထဲမျောတဲ့..ရုပ်အလောင်းမရေနိုင်ချေ။
အိမ်တိုင်ကျွတ် ရွာလုံးမျော..
ကြိုးပြတ်တဲ့စွန်အလား. လှေ..သမ္ဗန်တွေ
ရွာတွေ က..တစပြင်ချောက်သွေ့ နေ.
စစ်ရှုံးတဲ့ တလင်း
မုန်တိုင်းချင်းနင်း...ညှိုးခဲ့ ရက်စက်ပြီ..
ခလေးငယ်ရဲ့ ဘ၀တခုဆီ။

၁ဝ နှစ်မပြည့်တဲ့ သား
ပြောင်သလင်းခါရွာများ..
လတာပြင် နဲ့  ဓနိတော..
မိသားစုပျောက်ရှာသော..
ဟိုခြုံကြား..ဒီခြုံကြား..
အဖေရယ်........ရှိမလား..
အမေရယ်........ရှိမလား..
ညီမလေးများ.....ရှိမလား.

ရှာတွေ့ တဲ့ ဆားဒယ်ကိုလှေလုပ်..
တက်မရှိ လက်နဲ့ သာလှော်
ချောင်းရေပြင်ပေါ်
တကျော်ကျော်အော်..
အလောင်းတွေ..လိုက်ကြည့်
ဖွေရှာခဲ့မိ ပါသော်လည်း..
မတွေ့ တဲ့ မိသားစု..
တယောက်ထဲ..သူဘဲ သိုက်မြုံပျက်ဌက်ကလေး..
ကယ်သူဝေး..ဆယ်သူဝေး..
မုန်တိုင်းဘေးနဲ့ မသေ..
ငတ်မွတ်လို့ သေခဲ့တယ်..
ပေါလောမျောနေတဲ့ ဆားဒယ်ထဲဝယ်။

မသဒ္ဓါ (၆။၁၁။၂၀၀၈)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */