Sunday, December 30, 2007

ကေသရာဇာမင်း.. စစ်မှန်စေချင်ရင်


တောလုံးတခေါင်၊ တောင်လုံးတခွင်း
ကျော်ကြားဘိခြင်း၊
အသင် ကေသရာဇာမင်း၊

သင်၏ ရဲရင့်မှု။
ရန်သူအပေါ် ရက်စက်ကြမ်းကြုတ်မှု။
သင့်မာန။ သင်ဒေါသ။
သင့် အမျက်
မျက်စောင်း တစ်ချက်ကြောင့်
သေကျေခဲ့ အသက်ပေါင်း။
နာကြင်ခဲ့  ဝေဒနာ အပေါင်း။
ငိုကြွေးခဲ့ မျက်ရည်စက်များစွာ။
အဓိက အရာဟာ
သင်၏ လောဘ။ သင်၏မောဟ။
သင်၏အတ္တ။ သင်၏ ဥပေက္ခာ။
သင်၏ မုန်းအမျက်.
တတောလုံး သွက်သွက်ခါ။

သင်၏အနား၊ ခစားသူမူးမတ်။
သင်သာ အမိန့် တော်မှတ်
တတောလုံးကိုသတ်မဲ့ မြေခွေး
ဝံပုလွေ၊ ခွေးအ၊ ဌက်ဠင်းတ နဲ့ 
ပြောတိုင်းယုံမဲ့ ပုတ်သင်ညို
ကြံ့ဖွတ်မွဲ၊ ပဒတ်အို၊
ပညာမတတ်သူများ၏ ညီလာခံကို
အမှန် မပြောတတ်သူများ။
မင်း အကြိုက်ပြော ခစား။

ကြီးသူရဲ့ ဂုဏ်နတ္ထိ။
ငါရဲ့ အတ္တ တံခွန်ထိ။
အဆုံးမရှိ လောဘ။
ကိုယ်ထက် ကျော်ကြား။
လှုပ်ရှားတဲ့ ဣဿာ မစ္ဆရိယ။
လက်သည်းထုတ်ပြ။ ခြိမ်းချောက်ဟိန်းဟောက်
တောလုံးပျောက်အောင်
ရာဇမာန်တက်။
မာန်တင့် လက်မထောင်။

မင်း ခံတွင်းရဲ့ ပုတ်လှီခြင်း
မင်း နာမ၏ ဆိုးသတင်း
မင်း လုပ်ရပ်၏ ကြမ်းကြုတ်ခြင်း။
မင်းဖာသာမင်း သိရှိအပ်။
မင်းဘာလည်း မင်းသတိချပ်။
သေဖော် ညှိချင်လို့ ။
နားဝင်ချိုစရာ.လိမ်ညာပြောရေး။
ခစားသူတွေ.ကိုစတေး။
အသက်ဘေးနဲ့ ယှဉ်တဲ့တခဏ။
ကြောက်ရွံ့ တဲ့ အဂတိ အမှောင်ချ
အခါးကို သကာဖုံးခဲ့ကြ။
မဲ့ပြုံးနဲ့ မုသားဥာဏ်ဆင်၊
လိမ်မာသူ မှန်ရင်။ ပြောမှာဘဲ။
“အကျွန် နှာစေးနေပါတယ် အရှင်။”

တတောလုံး နှာစေး။
ဆုတ်ယုတ်တဲ့ ပြည်ရေး.
မုသား အမှန်ဖြစ်နေတဲ့ တရား
မင်းဖာသာ မင်းလှည့်စား

မတရားတဲ့..တရားမဲ့ 
မင်းယုတ်အမည် မကျန်စေရေး
နံစော် တဲ့ ခံတွင်း မွှေးစေရေး
မင်း ဖာသာမင်း
အာပုပ်ဆေး ကြည့်ပါလားကွယ်၊

မသဒ္ဓါ (၁၂။၂၉။ ၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */