Wednesday, December 19, 2007

ဆူးကြားထဲက ဘူးသီး၊ စည်းကမ်းကလနားလည်း ကြီးမှကြီး။


အကြံကုန်၊ ဂဠုန်ဆားချက်။
နအဖ ပြည်သူသို့ သတိပေးချက်။

အင်တာနက်ဆက်။ အွန်လိုင်းတက်၊ နိုင်ငံရေးစာ မဖတ်ရ။
ဟိုတယ်ခရီးသွား၊ ကြေငြာ ဓါတ်ပုံ၊ နိုင်ငံခြားမပို့ ရ။
တယ်လီဖုံး အဆက်သွယ်။ နိုင်ငံခြားနဲ့ မပြောရ။
လမ်းမပေါ် စာရွက်ကမ်း။ လက်မလှမ်းရ၊
နံရံပေါ်သုတ်ဆေးတင်။ စာတွေမရေးရ။

ကျောင်းသားများ ကျောင်းတက်၊ အနက်မ၀တ်ရ။
ကိုယ်မေဂျာကလွဲ၊ တခြားအခန်းထဲ လူုပျိုမလှည့်ရ၊
ကျောင်းသားလူငယ် ညဘက်လည်။ တွေ့ ရင်မသင်္ကာမှု။
ကျောင်းမှ အုပ်စု၊ စကားပြောမှု၊ (၅) ဦးထက် မကျော်ရ။
ကဗျာဆရာများမွေးနေ့ ပွဲ၊ ကဗျာမရွတ်ရ။

ဘုန်းကြီးကျောင်းသော့ချိတ်၊ တံခါးပိတ် ဆွမ်းကြွမထွက်ရ။
ဘုန်းကြီးရှင်အို သေစေလို။ တကာ မလှူရ။
ဆေးလာကုသူ သံဃာလူ၊ ဆေးစာ ယူလာမှ၊
ဝါလကျွတ်တောင်။ ၀ါဆက်ဆောင်၊ ကျောင်းပြင်မထွက်ရ။
မယ်သီလတောင်။ လွဲမရှောင်။ လူ့ ဘောင်ထွက်ခိုင်းကြ။

အရှေ့ မုခ်က၊ ကြားတောရ။ မြေသိမ်းနအဖ၊
ဘုန်းကြီးကျောင်းထဲ။ စစ်တပ်စွဲ၊ အပြင်လူမ၀င်ရ။
သာသနာ့မြေပေါ် စီးနင်းနေ ။ စစ်တပ် ဘွတ်ဖိနပ်။
အပြာကားတွေကြည့်ရှုနေ၊ ကြံဖွတ်.ဒီလူယုတ်။
အလှုခံပုံး ဖေါက်ကာဘုံး၊ သူတို့ အရက်ဖိုးသုံး။

နီးရာဒါး ကိုကြောက်နေရ၊ သံဃာ့ နာယက။
ပရိယတ္တိသံဃာ့ တက္ကသိုလ်။ ဘုန်းကြီးပျို မတက်ရ။
ဆွမ်းလောင်းပွဲဆို ပါမစ်လို။ ကျောင်းသား မပါရ။
ဘုန်းကြီးစစ်လည်း။ လူလည်ထဲ ပရိတ်မရွတ်ရ။
ဘုရားဖူးသူ၊ မှတ်ပုံတင်ယူ၊ မပါသူ မတက်ရ။

မှန်ရာရေးရင်၊ တိုင်းပြည်နှင်၊ ကုလ၀န်ထမ်းဘ၀။
အမေရိကန်စင်တာ မေဒေးပွဲ၊ တက်သူ တရားစွဲ၊
ဆန္ဒပြပွဲ ဗီဒီယိုလည်း၊ ကြည့်ခွင့်မရှိစေရ၊
တရားပွဲခွေ ပိတ်ဆို့ နေ။ ရောင်းရင် ဖမ်းထောင်ချ။
စိန်စီသောညကြည့်ပါက၊ လက်ကောက်လက်ထိပ်ရ။

ရုပ်ရှင်မင်းသမီးရိုက်ရက်အား၊ အတင်းမပြောရ၊
အဆိုတော်တွေ သီချင်းဆို။ အကျီ င်္မချွတ်ရ။
ရုပ်ရှင်မင်းသားစိတ်ကောင်းထား၊ အလောင်းသွားမမြှုပ်ရ။
လူပျက် ပျက်တာ နိုင်ငံရေးမပါ။ ပါရင် ထောင်ခုနှစ်နှစ်။
ပျက်လုံးမတော် ပျက်ချင်သော်၊ အလုပ်ပြုတ်ပြီမှတ်။

အိမ်သားပြင်ပ၊ ဘယ်ဧည်သည်မှ အိမ်လည်မလာရ။
နိုင်ငံခြားသတင်း နားထောင်ခြင်း။ အလျှဉ်းမလုပ်ရ။
ကိုယ်အိမ်ကိုယ်ပင်.၀တ်ပြုလျှင်၊ ကျယ်လောင်မအော်ရ။
နအဖအကြောင်းတစေ့တစောင်း စောင်းမြောင်းမပြောရ။
အိမ်ရှင်မများဈေးဝယ်သွား၊ ကုန်ဈေးနှုန်း မငြီးရ။

ဆက်ကြေးကောက်နေ၊ ကြံ့ဖွတ်တွေ၊ မပေးရင်ဈေးမရောင်းရ။
သင်တန်းတွေပေး ဘလော့ရေး၊ မီဒီယာစစ်ဆင်ရေး။
အနေကြာရေး၊ ယတြာပေး နေကြာဘဲ စိုက်ပါ့။
ဗိုက်ကြီးသည်များ ကုသိုလ်ထား၊ ရေချမ်းမလှူရ၊
AIDS ရောဂါသည်တွေ။ တော်ရာသွား သေကြ။

၈၈၈၈ကျောင်းသား ထောင်မအား၊ ကြိုးကျတိုက်ထဲသွား၊
ခေါင်းကွဲသေသူ လလယ်ဆွမ်း၊ သွားမစားစေရ။
အဖေသေလည်း၊ အသုဘပွဲ။ ချစ်သမီးမသွားရ။
သန်းခေါင်သန်းလွဲ တံခါးမဖွင့်လည်း။ တရားစွဲမည်မှတ်၊
နိုင်ငံရေးလုပ်သူအမျိုးမှန်သမျှ၊ ပြန်ပေးဆွဲထားကြ။

အာဇာနည်နေ့  ဒို့ မမေ့၊ ဟစ်ကြွေးမအော်ရ။
ပန်းခွေချမှု ခွင့်မပြု ၊ သ၀န်တို သူတို့ က။
ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများ။ အလေးမပြုရ။
အောင်ဆန်းကဗျာ ရေးသူအား။ ဖမ်းဆီးအပြစ်ကျ။
အောင်ဆန်းအကြောင်း၊ ရာဇ၀င်ဟောင်း ပြန်ပြောင်းမပြောရ။

အောင်ဆန်းစုကြည်ချစ်သူသည်၊ ရန်သူနအဖ။
NLD ပါတီဝင်သွားလေရာ၊ အပြစ်မလွတ်ရ။
ငါးလွှတ်တာလည်း အပြစ်ဘဲ၊ ဆုလည်း မတောင်းရ၊
ပင်နီအကျီ င်္။ ယောထမီ..၀တ်ရင်မကြည်ကြ။
ကားခ မလောက် လမ်းဆင်းလျှောက်၊ ကြံ့ဖွတ်များ အားပြ။

ထောက်ခံပွဲ မတက်၊ ရာထူး မတက်၊ ကြံ့ဖွတ်ထဲ ၀င်ကြ။
နေပြည်တော်မပြောင်းချင်သူ၊ ၀န်ထမ်းလူ အလုပ်ထွက်မရ။
ပြောင်းပါသော်လည်း။ ဘန်ကာထဲ အလုပ်လုပ်တတ်မှ။
ဆရာမတွေ ပုဝါစုံချ၊ ထောက်ခံပွဲ မတက်မနေရ။
လာဘ်မပေးသူ ဒို့ ရန်သူ၊ များများလေးပါမှ။

ငွေကြာရံက ငွေဖလား၊ မင်းလှဈေးရောက်သွား။
ဘုရားစိန်ဖူးတွေ ချပြင်နေ။ စိန်ယူ..ပုလင်းကွဲတတ်။
ပြည်သူ့ အလှု သူ ကုသိုလ်ယူ၊ ခေါင်းပုံဖြတ် ဒီစစ်တပ်။
ဖွဲ့စည်းပုံ ဥပဒေထဲ၊ ဒီစစ်တပ်ဘဲ၊ သူဘဲခေါင်းဆောင်တတ်။
ချွေးနည်းစာငွေ၊ တိုက်ယူနေ။ စစ်တပ် အေးဒါးမြ။

ဒီလောက်ဆိုးသွမ်းအစိုးရ၊
အမြစ်ဖြုတ်တော့မှ။
ဒို့ များပြည်သူ၊ ညီညွတ်အတူ
ပါဝင်လက်တွဲကြ။
ရရာလက်နက် စွဲကိုင်လျှက်၊
အစွမ်းကုန်တော်လှန်မှ။

ပြည်တွင်း ပြည်ပ။ စည်းရုံးကြ။
သမိုင်းပေးတာဝန် တစ်ရပ်။
ဗမာမှန်သူ တာဝန်ယူ။
ကိုယ်စွမ်းရာ ဒေါင့်မှ၊

ကြိုးစားအောင်ပွဲ ရရှိမှ
အနာဂတ်တွင် မြန်ပြည်တခွင်
သာယာမည်မုချ။

မသဒ္ဓါ (၁၂။ ၁၉။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */