Thursday, December 27, 2007

မြတ်သောမင်းကြီးသို့  သံဝေဂကဗျာတပုဒ်


တကယ်ဆို
ဘဘဟာ အကျွန်တို့ အဖေအရွယ်.
သက်ကြီးဝါကြီး. သမ္ဘာကြီး။
သိပ်ပြီးလေးစားချင်ပါတယ်။

မတရားနည်းနဲ့ဘဲဖြစ်ဖြစ်၊
တရားနည်းနဲ့ ဘဲဖြစ်ဖြစ်
နိုင်ငံတခု၏ ဦးဆောင်။
ထိပ်ဆုံးဥသျှောင် ရဲ့ နံပါတ် တစ်။
ရောက် ဖြစ်လာခဲ့။
အရည်အချင်းတော၊့ ငယ်မယ်မဟုတ်ပါ။

အာဏာ။ ပါဝါ။ ဂုဏ်ရှိန် မာန။
သိက္ခာ၊ မောဟ။ အောင်မြင်မှု ဟာ
မူလစိတ်ရင်းအသွင်။ မည်မျှပင်ကောင်းကောင်း
အပြောင်းလဲလွယ်၊
နက်မှောင် အရောင်ဆိုးစေပါတယ်။

လူသန်း (၅၂) သန်းအထက်။
တက် အုပ်ချုပ်တဲ့ မင်း
သမာသမတ် ရှိခြင်း။
မင်းကျင့်တရား ညီစေခြင်း။
အဂတိရှင်းရှင်း၊ မောဟကင်းကင်း
ဒေါသ အလျှဉ်းမဲ့၊ ကြင်နာခြင်းအတိ နဲ့ 
တရား မျှတ၊ ရင်ဝယ်သားတမျှ
ဆာလောင်သူ အတွက် အစာ
ငိုယိုသူ အတွက် ဖြေဆည်ရာ။
ခိုကိုးမဲ့ အတွက် အိမ်ယာ။
နာကျင်သူတွေအတွက် လွတ်ငြိမ်းချမ်းသာ။
ချစ်ခင်သူတွေနဲ့ ၊ ရှင်ကွဲသေကွဲတဲ့ ဝေဒနာ။
ပြည်သူများရဲ့ ကြောင့်ကျ သောက ဗျာပါဒါ။
ရင်၌ စူးနင်၊့ နားလည် စာနာ
နည်းနည်းလေးဘဲ ဖြစ်ဖြစ် ခံစားပေးလှဲ့ ပါ။

မြတ်သော မင်းကြီး
သင်၏ အချိန် တစက္ကန့် ..
ရွှေနဲ့ စက်အောင်တန်ဖိုးရှိ၊
မအားမလပ် ။ အလုပ်နဲ့ မပြတ်
တပြည်လုံး ဘာဖြစ်နေတာ အကုန်မသိ။
အနီးကလူ ပြောသမျှ။
ယုံကြည်သက်ဝင်ရ။
လက်ခံ သဘောတူမျှ
သဘာဝဘဲ နားလည်ပါတယ်။

သို့ ပါသော်ငြား
သင့်အပါး၌. ခစားနေသူ
လူယုံလူ သည်။
ရိုးသား ဖြောင့်မတ်ပါ၏ လော။
တည်ကြည် ရဲရင့်ပါ၏ လော။
အဂတိမရှိ။ တရားမျှတရှိပါ၏လော။
အမှန်မပြော။ ကပ်ဖါး ယပ်ဖား ပိုမို.
မှားရာကို ဆို၊
အချိုကိုသာ ရွှေနားတော်သွင်းနေပါ၏ လော။

မင်းနား တစ်ထောင်။ မင်းမြှောင် တစ်သိန်း
သတင်းမှန်သမျှ.သိ၏ ဆိုငြား၊
နီးရာ ဒါးကြောက်။ အမျက်ကြောင့်ပင်၊
အမှန်မဆို ။ လိမ်ညာဆိုသည်။
မင်းကြီး မြင် သိပါ၏ လော။

ပုဂံ လက်ထက်။ အနော်ရထာ့ ဒဏ်ချက်
ရွှေဖော့လုံးနဲ့ သာ၊ ရိုက်နှက် ခိုင်းသော်ငြား
သခင် အားရ၊ ကျွန်ပါးဝလျှက်
အာဏာသား ပါးကွက်။ ၀ါးရင်းဒုတ်နဲ့ နှက်
ရွှေဖျဉ်းညီနောင်တို့ ၊ အသက်ထွက်တယ်။

အမတ်ကြီး ဦးပုည။ နီးရာဒါး ကြောက်ရသမို့ 
မင်းကွန်း မြင်းခုန်တိုင်ပုန်ကန်ရေး။ အခါပေးခဲ့ရ၊
ဘုရင်က မသတ်လို။ ထိန်းချုပ် ထားတဲ့ကြား၊
မြို့ဝန် ဦးသာအိုးက၊ ဘုရင့် အမိန့် မရ။
ငါ့အမိန့် ကွ၊ ပေး ၊ အပြတ်ရှင်း၊
ထင်ရှားတယ်။
ဘုရင်ကဆို “လူကို ခွေးသတ်လေချင်း။”

စစ်ဘုရင်ကောင်း အာသောကသံဝေဂ တရားရ။ အချိန်မီ သိရတဲ့ အခါ
သွေးစွန်းသောလက်များ။
မေတ္တာနဲ့ ဆေးကျောသွား
ပြန်လည် ပြုပြင်။ ကျော်ကြားခဲ့
ဘုရား ဒါယိကာ ရဲ့ ဘုရင်။

မြတ်သော မင်းကြီး
သင့် မှာ အချိန်မနှောင်း
ပြန်ပြောင်း ဝေဖန် အကဲခတ်။
အမှန်တရား ဟာ မည်သည့်အရာ။
လိမ်ညာမှုဆို သည် မည်သူ့ ဆီ မှလာ။
သင်ဘယ်လို ရှင်ဘုရင် ဖြစ်နေခဲ့ပြီထင်။

ပြည်သူ တောင်းခံတာ…
မင်း ကြီး ရဲ့ စေတနာနဲ့ မေတ္တာ။
သင့် ကို ပုန်ကန်တာ မဟုတ်။
သင့် ဂရုဏာလက် နဲ့ 
ကြမ်းတမ်းတဲ့ အာဏာစက်ကို ပယ်ဖျက်လှည့်ပါ။

မင်းယုတ်၊ မင်းဆိုး၊ မင်းညစ်
သင့်ရာဇ၀င်ကို မထားရစ်ပါနှင့်။
တပြည်လုံး မီးဟုန်းဟုန်း..
သင့် အမိန့် ကြောင့်၊ မဖြစ်ပါစေနှင့်။
အဖ မဲ့သား။ ခင်ပွန်းဆုံး မယား။ သားမဲ့ မိဘ။
သင့် လျှာမြမြ..အမိန့် တစကြောင့်
မဖြစ်ရပါစေနှင့် ။

တပြည်လုံးဆူ။ သင့်တပ်ကူလည်း
သင်သာ တယောက်၊ ကောင်းစားရောက်စေ
တစ်သောင်း ဗိုလ်ခြေ ။ ညက်ညက် သေကြေမဲ့အဖြစ်။
မဆုံးမချင်း တိုက်မဲ့
ဗမာပြည်ရဲ့ ပြည်တွင်းစစ်
ဗုဒ္ဓဘာသာကို ကာကွယ်၊
အသက်ချင်း ဖလှယ်ရမဲ၊့ ဘာသာရေးစစ်။
သင့်ကြောင့် အဖြစ်ခံချင်ပါသလား။

မြတ်သော မင်းကြီး
ရန်ကို ရန်ခြင်း၊ တုန့် ကာနှင်း
ရေလို မပြတ်။ ကြမ္မာ ၀ိပါတ်
သစ်ငုတ် မြင့်တုံ။ မြက် မြင့် တုံတည့်
ဒါးကို ဒါးခြင်း၊ တုန့် ပြန်ခြင်း။
ဆုံးသည် မရှိ။ အမုန်း ဖြစ်၏။
ဆယ်သံသရာတိုင်၊ မပျက်သာနိုင်
ဒါးကို ဘေးချ၊ ပုတီး "မ"လော့။
မေတ္တာရည်မိုး၊ ရန်မီး ညှိုးစေ။
မုန်းငြိုး ဖြေရော့၊
ပြသ တော့လေ။
မင်းကောင်းတို့ ၏၊ ဂုဏ်ကျက်သရေ။

အကျွန် တို့ အားလုံး ဤမြေတွင်နေကြပါသည်။
ဤ နိုင်ငံကို မင်းကြီး ချစ်မြတ်နိုးသလို ချစ်ကြပါသည်။
ဤ သာသာတရားဦးထိပ်တား၊ ရတနာသုံးပါးကဲ့သို့ ကြည်ညိုလေးစားပါသည်။
ဤ ငါးပါးသီလကျင့် ဝတ်တရား၊ ခါးဝတ်ပုဆိုးကဲ့သို့  မြဲမြံကြပါသည်။

မြတ်သောမင်းကြီး
အမှန်တရားသည်၊ သင်၏လက်တကမ်း။
ရှေးဘုရင်များကဲ့သို့ ၊ သင်သိလိုလျှင်..
သင် တိတ်တဆိတ် ထောက်လှမ်း။
မင်း ခစားတဲ၊့ ကမ်းနားသစ်ပင်
သင့်နားတခွင်က၊ လူတစ်စုံတရာ
ပြုတ်မှာကြောက်ရင်။ အမှန်မပြော။
ပြည်သုတွေ ထဲဝင်၊ သင်စောကျော
မင်းကောင်းတဦး၏၊ ဖြူသောမနော
သင့်နှလုံးသားကို အမှန်၊
မှတ်ကျောက်တင် ခဲ့ပါရန်။

သင်၏ ဘ၀ဟာ ရေပွက်
မကွယ်ပျက်ကလေး လက်မတင်။
တင်ထားခဲ့ ..မင်းကောင်းစာရင်းထဲ
သင့်တဦးရဲ့ နံမည် ၀င်။

မသဒ္ဓါ (၁၂။၂၆။၂၀၀၇)
ဖတ်မိသူများမှ တဆင့် နီးစပ်သူများ ဘဘ သို့ လက်ဆင့် ကမ်းပေးကြပါရန် မသဒ္ဓါ မှ လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ သာဓု သာဓု သာဓုပါ။

3 comments:

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားပါတယ်အစ်မကြီး။ ဥပမာပေးပုံလေးတွေ ကြိုက်တယ်။ အတုယူသွားပါတယ် အစ်မ၊

thahlaoo said...

မတင်ထားခဲ့လျှင် မင်းယုတ်ရာဇ၀င် တွင် --။

thahlaoo said...

အမ အချော့နည်းနဲ့လည်းမရဘူးဆိုရင်တော့ သန်းရွှေသေသွားရင် လိုနေတဲ့နောက်ဆုံးပိုဒ်လေးကို ဖြည့်စွက်ပေးပါ။

 
/* EOT ----------------------------------------- */