Friday, December 14, 2007

တောင်ပေါ်ချယ်ရီပန်းကလေး၏ ပုံပြင်.


လွန်ခဲ့တဲ့ ငါးနှစ်၊
နှင်းကျဆောင်း နံနက်ခင်းတရက်၊
ချယ်ရီပွင့်တွေ..ဝေနေဆဲ၊
ကျမ အိမ်က ထွက်ခွါခဲ့တယ်။

ပညာတပိုင်း တစ်စ။
ဘာမှ လုပ်စားမရ။
မိုင်းထိအဖေက ဒုက္ခိတ။
ခလေးများတဲ့ အမေ။
ဆင်းရဲစွာ နေခဲ့ရ။
မိုးလ ကြယ်မြင် တဲ။
မောင်လေးတွေက နံရိုးကြဲကြဲ။
စစ်တပ် လုယက်။
ရွာတွေ မီးရှို့ ဖျက်။
စပါးက မထွက်။
နှံပိုး ကျလျှက်
တောင်ယာ ပျက်ချိန်။

ကျမ အသက် (၁၄) ၊
အလှသွေးကြွယ်။
ရွှေရင်သိမ်းသစ်၊ ဖူးပွင့်စပန်း။
စစ်ဆင်ရေး လာမဲ့ စစ်သား
ပန်းစားဘီလူး ကြောင့် မနွမ်းစေချင်။
အသွားအလာ ဆင်ခြင်။
ထင်းခွေ ရေခတ်၊ အပြင်ထွက် လျှင်။

ဒီကြားထဲ
အလုပ်ပွဲစားက တဖွဖွ၊ လာလာ စကားစ
ဘတ်ငွေ များများရ။
ဟိုဘက်ကမ်းမှ
သူပြောတဲ့ နိုင်ငံခြား။ နိဗ္ဗါန် အလားတဲ့။
မစားရ ၀ကမန်း၊ ကျမ ခေါင်းမရမ်းနိုင်၊
ကျမ၀င်ငွေသာ ရှိ၊ မိသားစုကို ပြန်ကြည့်၊
ပြင်ရမည့် အိမ်ကလေး၊
ရှင်ပြုရမဲ့ မောင်ကလေး
မိဘကို ကြည့်ရှု ပြုစု။
အော်.. ကောင်းမှုတခုပါဘဲ။
အထုတ်ကလေး ဆွဲလို့လိုက်ခဲ့ပြီ။
နယ်ခြား ရဲ့ တဖက်ဆီ။

ဘန်ကောက်က ဇိမ်ခန်း၊
ကျမအတွက် တော့ ငရဲခန်း.
လိမ်လည် ရောင်းချခံထိရ ကျမ.
လစာလည်း မရ၊ အခန်းကျဉ်း ထဲပိတ်.
တနေ့ တနေ့ ယောက်ျား၊
အယောက် အစိတ်။
အမဲဖျက် နှိပ်စက်။
ကျမဘ၀ ကြွေပျက်ခဲ့ပြီ၊
အမေရယ်.
ဆင်းရဲနိုင်ငံသူ သွားရာ၊ မိုးလိုက်ရွာသည်။

မှောင်မှိန်မှိန် အခန်းကျဉ်းထဲ။
ပုရိဿလူသား ယောက်ျား၊
အဆီပြန်နေ မျက်နှာများ
အနီရောင်ခြယ် မျက်လုံးများ
အမဲရောင် အသဲနှလုံး၊
ကာမ ၀ယ်ယူ စားသုံးသူများအတွက်
ကျမက လိင်ကျွန်။
ရာဂရဲ့ နွံ့ ညစ်
လတ်ဆတ် ချယ်ရီတပွင့်
ငယ်ရွယ် ပျိုမျစ်..ဝေနေသင့်လည်း။
အကြွေမလှ .မြေ၌ခပြီ။
AIDS ရဲ့ သားကောင်။
သမင်ပျိုမလေး တစ်ကောင်။

ဇိမ်ခန်းက နှင်ချ။
နေစရာ မရှိတဲ့ခဏ
ပြန်လာခဲ့ရပြီ။ မွေးရပ်ဌာနီ။
တောင်ပေါ်ဆီက အမေ့ရွာ။
အမေရယ် ကြိုနေပါ။

ခေတ်နဲ့ စံနစ်..
အာဏာရှင်ဖက်ဆစ် လက်အောက်
တောင်ပေါ်ပန်းလေးတွေ
ချယ်ရီပန်းလို ခဏဘဲဝေ၊
ချယ်ရီပန်းလို တခဏချင်းကြွေ
ရှမ်းရိုးမရဲ့ တောင်ပေါ်မြေ။

မသဒ္ဓါ (၁၂။၁၄။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */