Tuesday, December 18, 2007

သူမို့ ပြောတတ်ပလေ။ အကြည်အညိုပျက်စေတယ်တဲ့လား၊


ပုဒ်မ ၅၀၅ (ခ) .
အစိုးရကို အကြည်အညိုပျက်စေတဲ့ ပုဒ်မ။
နံမည် တတ်လည်း တတ်ရဲကြ။
နအဖ ဟာဒယ..ဟာသတွေ
မဟုတ်က..ဟုတ်က
လူတွေသရော် ကုန်ပါ့မယ်။
ကွယ်ရာမှာ..လက်တို့ သာရယ်.
အော်...ပေါမှ ပေါရက် ပလေ။

သမာသမတ်ရှိ။
တရား မျှတသည့်
ပြည်သူ လိုလားသည့် အစိုးရမျိုး
ကောင်းကျိုး ဂုဏ်ပုဒ်။
ပန်းသတင်း က လေညှင်းဆောင်
ဆိုင်းဘုတ်ထောင်ကြေငြာဖို့ မလို
ပြည်သူ နဲ့ တသားထည်း
ရင်နှစ်သား ပမာလို၊ အများကြည်ညို ချစ်နှစ်လို။
နွံ့ ၌ ဘယ်မညစ် ၊ ပတ္တမြားသာ မှန်ရင်ဖြင့်။

သိက္ခာမဲ့ကင်း။ အရှက်မဲ့ခြင်း
လာဘ်လာဘ ယူ။ မှန်သူ ရှုံးနိမ့်
မြေနိုမ့် လှံစိုက်။ ဘက်လိုက်တတ်သော
ရက်စက် ကြမ်းကြုတ်။ မတရားလုပ်သော။
တကိုယ်ကောင်းဆန်။ နအဖစစ်အစိုးရ။
ဘယ်သူနှစ်သက်ပါ့။
လက်ဘဲ ထောင်ကြည့်ခိုင်းပါဦး။
ခွက်ခွက်လန်၊ မင်းဘဲရှုံး။

လူသတ်ပြီး အာဏာရှင်များ
အုပ်ချုပ်ရေးထိုင်ခုံ လုထား..
မင်းကျင့်သိက္ခာဆိုတာ. တပြားမရှိ။
နာယကဂုဏ်၊ မြူတမှုန်မျှ မရှိ။
ကြည်ညိုစရာ..ဘာတရားမှ မသိ။
လေးစားစရာ.. ဘယ်နေရာရှိ
ဝ မရှိ ၀ိလုပ်နေသူများ..
ပြည်သူ့ မေတ္တာနဲ့ ထိုက်တန်ပါလား။

မှန်ရာပြောသူ။ ဟုတ်ရာရေးသူ
ကုန်ဈေးနှုန်းချ။ ဆန္ဒပြသူ
တောင်နဲ့ တန်းကျ။ ၅၀၅ (ခ) နဲ့ပြပြပြီး
သူ့ ကိုအကြည်ညိုပျက်စေပါသတဲ့..

တကယ်ဆို..
စစ်အစိုးရ။
မင်းမှာမှ ကြည်ညိုနိုင်သော ဂုဏ်မရှိ။
မင်းမှာမှ ယုံကြည်နိုင်သော ဒြဗ်မရှိ။
တပြည်လုံး သိနေကြမှ..
အလကားဖြစ်နေရ တဲ့ ပုဒ်မ ၅၀၅(ခ)
ဥပဒေ စာအုပ်ထဲမှ
ဆွဲဆုတ်ပစ်လို့ ရနေပြီ။

မသဒ္ဓါ (၁၂။၁၇။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */