Thursday, August 13, 2009

သတ္တိ ဗျတ္တိ နှင့် နတ္တိ။ သင်..မည်သူလည်း ရဲဘော်..


မင်းပျိုမင်းလွင် တပင်ရွှေထီးဘဝ
နားထွင်း သျှောင်ထုံးမဲ့ မင်္ဂလာပွဲတော်
ရန်သူရဲ့ မွန်နယ် နမိတ်..
ရွှေမောဓော စေတီတော်ရင်ပြင်ပေါ်
ကျင်းပလိုတဲ့ စိတ်ဆန္ဒ
" ဘယ်သူ သတ္တိရှိ လိုက်ရဲကြမလည်း" တဲ့

အတူသွားရန် အဖော်ရဲမက်
အယောက် ၅၀၀ အတွက်..
ရွှေးချယ်ရန် စံပြု
လက်သည်းကြားကို အပ်ထုတယ်။
ချွန်မြအပ်ဖျား..လက်သည်းကြားမှာ..
ရိုက်သွင်းတဲ့အချိန်..
မတုန်လှုပ်သူက ရဲဆု.လိုက်ခွင့်ပြုမယ်
နာကြင်မဲ့ရွှဲ့ တွန့် လိမ်သူ..
ကျန်ရစ်ခဲ့စေဟု။

ပထမဦးအစ က
ဘုရင့်နောင် ကျော်ထင်နော်ရထာ..
မိမိ ဖာသာ အပ်ဖျား..
လက်သည်းကြားထဲ ရိုက်သွင်းပြတယ်။
အပြုံးတစ်ချက် မပျက်..
အောင်ပန်းဆွတ်လျှက်..
" ရဲပေ့ နောင်တော် မင်းလိုက်ခဲ့ "

တယောက်ပြီးတယောက်..
တဦးပြီးတစ်ဦး..
ဆန်ခါတင်ရွေးချယ်ပွဲ.
ယောက်ျားဘသား
သူရဲကောင်း ဘယ်သူလည်း။
"သတ္တိရှိသူ ဒီဘက်လာ"


တပင်ရွှေထီးဘုရင်ရဲ့
ဖွားဖက်ငယ် ကျွန်တော်
သူရဲကောင်း“ဗလမင်းထင်” ရဲ့ အလှည့်
အပ်စိုက်လိုက်ခိုက် အသားနာကြောက်ရွံ့ 
အမှတ်တမဲ့ တွန့်သွားတဲ့ အခါ
" သွေးသောက်ရာ..ကြောက်တတ်ရန်ကော"
ရယ်ပွဲဖွဲ့ ..လှောင်ပြောင်စရဲ့
" မောင်မင်း နန်းတော်စောင့်ပြီး နေခဲ့"

မျက်နှာနီမြန်း ရက်ရမ်းရမ်းနဲ့  ဗလမင်းထင်
အရှက်လွန်ပြီး မျက်မှောင်ကုပ်
သူ့ခါးကြားက ဓားမြှောင်ကိုထုတ်လို့ ၊
သူ့ဝမ်းဗိုက်ကို သူခွဲချ
သူ့လက်နဲ့ သူ့ အူတွေကို ဆွဲထုတ်ပြတယ်။

“ ဒီမှာကြည့်ပါ ရဲမက်တို့ 
အပ်ထက် နာကြင်တဲ့ ဗိုက်ကွဲနာ
ဒါ...ဗလမင်းထင်မှာ ရှိတဲ့ သတ္တိ..
အားလုံး မြင်သိစေ”
အူတစ်စကို ဘုရင့်နောင်ရဲ့ လက်ထဲထည့်
အူခွေ ဆုံးထိ နောက်ဆုတ်ပြေးပြ..
အသက်နဲ့ သက်သေပြတယ်။
ဗလမင်းထင် ရဲတယ် မရဲတယ်။
သူ့ အရှင် တပင်ရွှေထီးက
တခွန်းသော စကားဘဲဆိုတယ်။

“ငါ့၏ ကျွန်တော်ရင်း
အသင်ဗလမင်းထင်
အသင်သည် မိုက်ကား..မိုက်၏။
သို့သော် သတ္တိကား မရှိပေ”

ဤမှတ်ချက် အားမှန်လေ၏။
အကျိုးရှိသော ရွက်ဆောင်မှုတခုကြောင့်..
သေလွန်ရသော်…သတ္တိ မည်၏။
အကျိုးမဲ့သော ရွက်ဆောင်မှုတခုကြောင့်..
သေလွန်ရသော်…မိုက်မဲခြင်း မည်၏။

နောင်တစ်ခေတ်၏ အောင်စစ်သည်..
ဗိုလ်ချုပ် ဖွဲ့ သော စစ်တပ်နဲ့  ပြည်သူကို သတ်မည်လော။

သင်မိရိုးဖလာ ဗုဒ္ဓ ဘာသာကို
သင့်ဝမ်းတစ်ထွာအတွက် နင်းချေရက်သည်လော။

သင်၏ နှမ အပျိုစင်အား
သင်၏ကိုယ်ကျိုးအတွက်..ပန်းဦးဆက်မည်လော။

အာဏာရူးတစ်ယောက်၏ နျူကလီယာ အိမ်မက်အတွက်..
သင်သည် ဦးဆွေးဆံမြေ့ ရဲရင့်၏ လော။

သတ္တိ ဗျတ္တိ နှင့် မိုက်ခြင်း ၏ ခြားနားမှု
ရဲရင့် ခြင်း၏ အဓိပ္ပါယ်..သုံးသပ်လေ့လာ..
သင် ကိုယ်တိုင် အဖြေရှာ
သင်သည်..အပ်လက်စိုက် မတွန့် တတ်သူလော
သင်သည်..အူခွဲ..မိုက်ရူးရဲမည်လော…

သင်၏ အမည်သည် သင်ပိုင်သည်။
သင့်၏ ဂုဏ်သိမ် သင်နဲ့ သာဆိုင်သည်။
ရွေးချယ်ပါ..နှစ်သက်ရာ။
သတ္တိ ဗျတ္တိ လူ သို့ မဟုတ်…
အကြွင်းမဲ့သော နတ္တိလူ။

မသဒ္ဓါ ( ၈။ ၁၂။ ၂၀၀၉) မြန်မာ တပ်မတော်သားစစ်စစ်များအတွက်

ဓါတ်ပုံ ကိုမိုးသီး blog မှ ရယူပါတယ်။

No comments:

 
/* EOT ----------------------------------------- */