Sunday, October 25, 2009

ကြွက် အင်တာဗျုး..


ကျွိ..ကျွိ..ကျွိ....
ကွိ..ကွိ..ကွိ..
ကျူပ်တို့ နေတာ.
မြစ်ဝကျွန်းပေါ်ပေါ့.
ကျုပ် အသားအရည်..မဲမဲစုတ်စုတ်
လက်သည် မလို. ကျုပ်အမေ
ကိုင်းခြုံဖုတ်ထဲ မွေးခဲ့တာပေါ့
ကျူပ်မိန်းမကတော့ တောင်ပေါ်သူဗျ.
ချင်းပြည်နယ် ၀ါးပွင့်တဲ့အခါက.
သားကျ..လှမှလှတဲ့ ချင်းကြွက်မလေးအပျို..
ဆုန်သင်းပါလို အသံချိုတယ်..
အစားမစားရ ပြားချပ်ချပ်..
မိုးဟေကို လို မိုက်တယ်။

ကျုပ်တို့  ကြွက်ရာဇ၀င်..
ပြောရမယ်ဆို အရှည်ကြီးဗျ..
တိုတို ပြောရင်…
ကုလားပြည်မသွားချင်တဲ့ ချင်းမလေးက..
အောက်ပြည်ရွာကို ဒုက္ခသည်တန်းနဲ့ဆင်းလာတာ..
ရွာခံကျုပ်နဲ့ တန်းအကြောင်းပါတာဘဲ..
အော်..ခမျာလေး မသိရှာဘူး..
ကျုပ်တို့  အာရှစပါးကျီ..
နာဂစ်ကြောင့် လူလုံးမပီ..
မြစ်ဝကျွန်းပေါ်မှ ငတ်နေကြသည်။

ကျုပ်အဖိုး အပြောအရတော့..
မြစ်ဝကျွန်းပေါ် ဆန်ပေါ်ချိန်ဆို ကြွက်တွေ ဖီး..
ငကျွဲပေါ်ဆန်း..ကောက်ညှင်းဆန်မွှေး..
စပါးပေါ်ချိန် ကြိုက်သလောက်လွေးတဲ့..

နာဂစ် အတိုက်မှာ..
ကျူပ် အမျိုးတမျိုးလုံးရေထဲပါ..
အဖိုးနဲ့ အဖွားဘဲကျန်တယ်..
ဒီ ၂ယောက်ကနေ.
ကြွက်တစ်သောင်း မိသားစုပြန်စတာပေါ့

စားစရာမရှိ..ပုရစ်ဖမ်း..ပိုးမွှားဖမ်း
ခါးသက်သက် မြက်အမြစ်တွေဝါး..
ကြွက် အသက်ဆက်ထားခဲ့ရတာပေါ့
နာဂစ်မတိုင်ခင်က..ကြွက်ဆိုတာ ဇီးကွက် သိန်းစွန်..
မြွေပါ မြွေ..ကြွက်တွေအကုန်ကြောက်ရတယ်တဲ့
အခု..ရေထဲ မြွေတွေ သေ…
ရှိတဲ့မြွေလည်း မှောင်ခိုဈေးနဲ့  ထိုင်းရောက်ကုန်တာနဲ့ 
ကြွက်တွေချည်း..မွေးနှုန်း စပိတင်..
တဖြွတ်ဖြွတ် အဖေ သားတင်ကောင်းတာ..
ကျူပ်မောင်နှမ တအုပ်ကြီး..
လယ်ကွင်းတကျော..ဝေစုခွဲထားတယ်။
ဒီလယ်ဟာ ကျုပ်အပိုင်ပေါ့..

ကျုပ်ခေတ်ကျမှ ဆိုးတယ်ဗျာ..
မြစ်ဝကျွန်းပေါ်ကြွက်..လုယက်စားမှ ထမင်းဝတယ်..
တောင်သူတွေ ရဲ့ ကျိုးတိုးကြဲတဲ လယ်ကွက်.
မြေဆီဆုတ် အနှံမထွက်..
ထွက်ရာ မျိုးစေ့ပိန်လည်း ..ကြီးလာတဲ့ချိန်ထိစောင့်နိုင်ဘူး..
ရရာစား မျိုးပွါး..ကြွက်မျိုးမတုံးစေရာ..
သမိုင်းပေး ဒို့ တာဝန်အရေးသုံးပါး..

ဘဘရေ မင်းက အမျိုးမချစ်ပေတဲ့
ကြွက်ကတော့ ကြွက်မျိုးချစ်တယ်။
အမျိုးတိုးပွါးအောင် လုပ်ခဲ့ရတယ်။

ခက်တာက နအဖ..
ကြွက် အမြစ်ဖြုတ်ရေး စီမံချက်တဲ့
အတီးအတ အာဏာပိုင်တွေရဲ့ ကြွက်မြီး စစ်ဆင်ရေး
တစ်အိမ်ထောင်ကို တစ်ပတ်.

ကြွက်မြီး ၁၀ချောင်း နူန်းလာအပ်
မအပ်နိုင် ဒဏ်ငွေ နှစ်ထောင်ကျပ်တဲ့
အမယ်မင်းး..
လပွတ္တာ ပြင်စလူ အုတ်တွင်း
သရက်ကုန်း သာလိကာကုန်း
ရှာလိုက်ရတဲ့ ကြွက်.

ဖမ်းလိုက်ကြတဲ့ကြွက်..
ထောင်လိုက်ကြတဲ့ထောင်ချောက်..
ကျုပ်အမျိုး ထက်ဝက်လောက်ပါသွားတယ်..
ကျုပ်သမီးလေးတောင် မိ..
ထောင်ချောက်ထဲ မျက်စိတလည်လည်။။

သေပြီ ထင်တာပေါ့ဗျာ…
တော်တော်ကြာ..ပြန်လွှတ်လာပါရော..
အမြီးတို..ဖက်ရှင်.လှလှပပနဲ့ ..
အမြီးတို လင်ဘဲ ရ..ကလေးမွေးကျ..
ကျုပ်မြေးတွေ မနည်းတောင်ကြီးလှပေါ့
သူတို့ လည်း ထောင်ထဲက လွတ်..
အမြီးဖြတ် ပြန်ထွက်လာပြန်ရော

ဒီလိုဗျာ..နာဂစ်ကျတောင်
တောင်သူကို မကယ်..
ထောက်ပန့် မပေးတဲ့ နအဖ
ငတ်နေပါတယ် ဆိုမှ
ကြွက်မြီးဈေးကွက်.မှောင်ခို အမြတ်ရတဲ့အခါ.
ကြွက်ထောင် အမြီးဘဲဖြတ်
အသေမသတ် မှသာ
ခမျာများရမဲ့ အမြီးဈေးကွက်.
ပို..အမြတ်ထွက်လေလေပေါ့..
ဒီလိုနဲ့ ကျူပ်တို့ တမျိုးလုံး..အမြီးပြတ်ကြွက်…
လယ်ထဲမှာ စပါးနှံဆက်ဖျက်နေဆဲ..
သနားတယ် ဒီဘဘ..
နအဖရဲ့မေတ္တာရည်တွေပေါ့..
လယ်ကြွက် ဘ၀ကျုပ် ခပ်ကြော့ကြော့
ခရိုနီ လို..ဖား ခြေရာခွက်ထဲ မော့နေဆဲ..
ဖမ်းဦးလေ အခါတစ်ရာ..
အမြီးမရှိလည်း..အသက်နဲ့အဝေးကြီး
အမြီးမပါ..ပြန်လွတ်တာပေါ့..

မသဒ္ဓါ (၁၀။ ၂၄။၂၀၀၉)

သတင်းအစုံမှာ

ဧရာဝတီတိုင်းလယ်များ ကြွက်ကြောင့် သီးနှံပျက်စီး

20 October 2009
နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသက တချို့မြို့နယ်တွေမှာ ဒီနှစ် ကြွက်တွေ ထူးထူးခြားခြား များပြားလာတာကြောင့် စိုက်ပျိုးထားတဲ့ စပါးပင်တွေ အတော်များများ ပျက်စီးနေရပါတယ်။ ရပ်ကွက်၊ ကျေးရွာ အာဏာပိုင်တွေက ကြွက်နှိမ်နင်းဖို့အတွက် တအိမ်ထောင်ကို တပတ် ၅ ကောင်နှုန်းနဲ့ ဖမ်းဆီးခိုင်းပြီး မရသူတွေကို ဒဏ်ရိုက်နေတာကြောင့် ပြည်သူတွေမှာ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားတယ်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက်မှာ အခုလို ကြွက်သောင်းကျန်းနေတဲ့ ဒေသတွေကတော့ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာနဲ့ ဟိုင်းကြီးကျွန်း စတဲ့ဒေသတွေ ဖြစ်ပါတယ်။ လပွတ္တာနယ်အတွင်းမှာဆိုရင် ကြွက်တွေဟာ စပါးပင်အရင်းကနေ ကိုက်ဖြတ်ပစ်တာကြောင့် တချို့လယ်ကွက်တွေဟာ ရိတ်စရာမကျန်အောင်ထိ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။
“ကြွက်တွေ အုပ်လိုက်ပေါ့ စပါးပင်တွေကို ဖျက်တာ။ အခုက ရိတ်သိမ်းချိန် ရောက်ခါနီးမှ တံစဉ်လွတ်တာပေါ့။ ၁၇၅ ဧကက ၁၀၀ နီးပါးလောက်ကို ပျက်တာ။ တနယ်လုံးတော့ မဟုတ်ဘူး။ ပြင်စလူ အပိုင်ဘက်ကပေါ့။ ပြင်စလူပိုင်ဘက်က အတော်များများပျက်တာ။ ကြိုကြား ကြိုကြားပေါ့။ အကုန်လုံးတော့ တပြိုင်နက်တည်း ဖြစ်နေတာတော့ မဟုတ်ဘူးခင်ဗျ။”
လပွတ္တာနယ်အတွင်းက တချို့တောင်သူတွေဟာ မျိုးစပါးမရှိတာ၊ ကျွဲ နွား မရှိတာနဲ့ တခြား အခက်အခဲတွေကြောင့် ဒီနှစ် စပါးမစိုက်နိုင်သူတွေလည်း ရှိပါတယ်။ အခြား လပွတ္တာ နယ်ခံတယောက်ကတော့ ပျက်စီးဆုံးရှုံးတဲ့ အခြေအနေဟာ အနည်းဆုံး ၁၀ ပုံ ၁ ပုံလောက်တော့ ရှိနိုင်ကြောင်း အခုလို ပြောပါတယ်။
“ကြွက်က ဘယ်လောက်များလဲ မသိဘူး၊ ဧကနည်းတဲ့ လူတွေဆို ၁၄-၅ ဧက တကွင်းတည်းဆိုရင်တော့ ပြတ်သွားနိုင်တယ်။ များတဲ့လူ သူကြားကိုယ်ကြား ညပ်နေတဲ့လူကျတော့ ၄-၅ ဧက၊ ၈ ဧကလောက် များရင် များသလိုပေါ့။ ပျှမ်းမျှ ဆိုရင်တော့ ၁၀ ပုံ ၁ ပုံလောက် ၊ ၁၀ ပုံ ၂ ပုံလောက် ပျက်တာများတယ်။ ဒါက အများတောထဲမှာ ဖြစ်တာ။ ကြားညပ်နေတဲ့လူကျ ပြဿနာ မရှိဘဲနဲ့ ထီးတည်းကြီးသမားကျတော့ အကုန်ဝိုင်းကိုက်တာ။ တချို့ဆိုရင် တစေ့မှ မရဘဲနဲ့ အပင်တွေ အရင်းက နေပြီး ကိုက်ဖြတ်ပစ်လိုက်တာ။”
ဒီလိုဖြစ်တာကတော့ လပွတ္တာမြို့နယ် အောက်ပိုင်းဒေသက ကျေးရွာတွေမှာ အဖြစ်များပြီး ကြွက်တကောင်ကို ၅၀ သား လောက်ကနေ ၇၀ သားလောက်အထိ ရှိတယ်လို့ ဆိုပါတယ်။ အခုလို ကြွက်တွေ များပြားတာကြောင့် ဒေသခံ အာဏာပိုင် တွေက တအိမ်ထောင်ကို တပတ် ကြွက် ၅ ကောင်နှုန်း ဖမ်းခိုင်းပြီး မဖမ်းနိုင်သူတွေကို ဒဏ်ရိုက်နေတယ်လို့ လပွတ္တာနယ်ခံ က ဆက်ပြောပါတယ်။
“ကြွက်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီးတော့ လုပ်တာတော့ သီးခြားမရှိဘူး။ ရယကတွေ လိုင်းကနေတော့ တအိမ်ထောင်ကို ကြွက်မြီး ၅ ချောင်း ပေးရမယ် တပတ်ကို၊ အမှန်တော့ အဓိပ္ပာယ်ကတော့ တပတ်အတွင်းမှာ တအိမ်ထောင်ကို ကြွက် ၅ ကောင် သတ်ပေးပါလို့ ပြောတာ၊ အိမ်တိုင်းကို။ ဒါပေမဲ့ အိမ်တိုင်းဆိုပေမဲ့ ဘယ်သူက စိတ်ဝင်စားမလဲ။ လယ်သမား လယ်တောထဲမှာ ကိုက်တာပဲ၊ ငါနဲ့မဆိုင်ဘူးဆိုတဲ့ လူမျိုးတွေက များတယ်။
“မရှိတဲ့သူကလည်း ကြွက် ၅ ကောင် ရအောင်ရှာပြီး ကြွက်မြီးဖြတ်ပြီး ရယကကို ပေးလိုက်တာပေါ့။ တချို့ကျတော့လည်း မရှာတော့ဘူး။ ဒဏ်ငွေရိုက်မယ်။ ၁,၀၀၀ ပေးရမယ်၊ ကြွက်မြီး ၅ ချောင်း မပေးနိုင်ရင် ဆိုတော့ ငွေ ၁,၀၀၀ ပဲ လွယ်လွယ်ကူကူ ပေးတယ်။ ကြွက်ကို နှိမ်နင်းတယ်ဆိုတဲ့ အဆင့်က ရည်ရွယ်ချက် ပျောက်သွားပြီးတော့ ကြွက်နှိမ်နင်းတဲ့ အဆင့် မရောက်တော့ဘူးပေါ့။”
တချို့နယ်တွေမှာတော့ တအိမ်ထောင် တပတ်ကို ကြွက်မြီး ၂၀ ပေးခိုင်းနေပြီး မပေးနိုင်ရင် ကြွက်မြီးတချောင်းကို ငွေ ၂၀၀ ကျပ်နှုန်း ဒဏ်ရိုက်တယ်လို့လည်း သိရပါတယ်။ ဘိုကလေးနယ်ခံ တယောက်ကလည်း သူတို့ဒေသတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အခုကလည်း စပါးက ပေါ်လုပေါ်ခင်ပေါ့နော်။ ကြွက်အုပ် ကျသွားပြီဆိုရင် လယ်တွေက ဘယ်လောက်ထိ ပျက်စီးလဲဆိုရင် လယ် ၁၀ ဧကဆိုရင် နောက်နေ့ မနက်မိုးလင်းရင် ၂ ဧကလောက်က လုံးဝကုန်သွားတာပေါ့နော်။ အခုက ကျေးရွာ ရယက တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း ပေါ်လစီတခုက ဘယ်လိုလုပ်ထားလဲဆိုတော့ တအိမ်ထောင်ကို ၇ ရက် တပတ်ကို ကြွက်မြီး ၁၀ ချောင်း ပေးရမယ်ပေါ့။
“လယ်သမားတွေက မပေးနိုင်ရင် ပိုက်ဆံပေးရတယ်ဗျ။ တအိမ်ထောင် ပိုက်ဆံ ၁,၀၀၀ ပေးရတာတို့ ဘာတို့ အဲလိုမျိုးတွေ ရှိတယ်။ အဲတော့ ကျနော်တို့ ဒီဘက်ကနေပြီး ကြွက်မြီး သွားရောင်းစားတဲ့လူတောင် ရှိတယ်။ ကျနော်တို့ဒေသနားက ရွာတရွာက လူတယောက်ဆိုရင် ကြွက်မြီးတွေကို ဖြတ်ပြီး အဲဒီ အောက်မှာ သွားရောင်းတာ ၇၀,၀၀၀၊ ၈၀,၀၀၀ လောက် ရတယ် ပြောတာပဲ။ သူ ဘယ်လိုရောင်းခဲ့ရတယ်တော့ မသိဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လွန်ခဲ့တဲ့နှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစကတော့ ကြွက်တွေနဲ့ ငှက်တွေပါ ပျောက်ဆုံးသွားခဲ့ရပြီး အခုအခါမှ ကြွက်တွေ ပေါများလာတာ ဖြစ်ပါတယ်။ အခုလို ပေါများလာတာကတော့ ကြွက်တွေကို ဖမ်းယူစားသောက်တဲ့ မြွေနဲ့ ဇီးကွက်လို အကောင်တွေ နည်းပါးသွားတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
တချိန်တည်းမှာပဲ မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်က ပူတာအို၊ အင်ဂျန်ယန်၊ ဆွမ်ပရာဘွမ်နဲ့ ခေါင်လန်ဖူး စတဲ့ ဒေသတွေမှာ ကြွက်နဲ့ စပါးဖျက်ပိုးတွေ ကျရောက်နေတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ် လို့ ပူတာအို ဒေသခံတယောက်က ပြောပါတယ်။
ဒီလို ရိက္ခာအခက်အခဲ ကြုံနေရတာဟာ အနည်းဆုံး ရွာပေါင်း ၇၇ ရွာ၊ လူဦးရေ ၁၀,၀၀၀ လောက် ရှိမယ်လို့ ကူညီ ကယ်ဆယ်ရေး အဖွဲ့တခုက ခန့်မှန်းထားပါတယ်။ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) က တာဝန်ရှိသူ တယောက် ကတော့ သူတို့နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုက္ခရောက်နေတဲ့ ကချင်ပြည်သူတွေကို ဆန်နဲ့ ဆေးဝါးတွေ ပို့ဆောင် ပေးထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်နယ်တွေမှာ ၀ါးတွေပွင့်ပြီး ကြွက်တွေ များပြားခဲ့တာ ကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။

http://www.voanews.com/burmese/2009-10-20-voa5.cfm

ကြွက်မြီး၁၀ချောင်း= မြန်မာငွေနှစ်ထောင်

သတင်းတွေ သတင်းတွေ ဖတ်လိုက် ကြားလိုက် မြင်လိုက်တာနဲ့ စိတ်ချမ်းသာစရာတစ်ကွက်မှ မမြင်ဘူး သတင်းတွေကို ကြာတော့ မဖတ်ချင် မကြားချင် မမြင်ချင်တော့လောက်အောင်ကို စိတ်ထဲက ခံစားလာရတယ်။ အဲ့ထဲကမှ မနေ့က ထူးထူးဆန်းဆန်း သတင်းလေးတစ်ခုကို ဖတ်မိတော့ မပြုံးပဲ ၀ါးလုံးကွဲရယ်မိပါတော့တယ်။ နောက် ကြံကြံဖန်ဖန် ရွှေညဏ်တော်စူးရောက်တဲ့ ညဏ်ကြီးရှင်တွေရဲ့ ဦးနှောက်ကိုလဲ ရွှေချချင်စိတ် ပေါက်မိပါတယ်။

ကြွက်မြီး ၁၀ချောင်း သို့မဟုတ် ဒဏ်ငွေ နှစ်ထောင်ကျပ်တဲ့လေ အခုလိုမျိုး စနစ်တကျ တိုက်ကွက်ဆင်ပြီး ကြွက် အမြစ်ဖြုတ်ရေး အာဏာပိုင်တွေရဲ့ ကြွက်မြီး စစ်ဆင်ရေးစီမံချက်ကို ရယ်ချင်ပက်ကျိဖြစ်စွာ အံ့မခန်း သိလိုက်ရပါတယ်။

နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်း လပွတ္တ္ဘာမို့ထဲက ကျေးရွာတွေမှာ ကြွက်တွေ သောင်းကျန်းလို့ မိုးစပါးတွေ ပျက်စီးဆုံးရူံးရလို့ တောင်သူဦးကြီးတွေမှာ စိတ်သောကရောက်ရတဲ့အထဲက ကိုရွှေအာဏာပိုင်တွေက ကြွက်နှိမ်နှင်းရေး စီမံချက်အဖြစ်နဲ့ တခမ်းတနား ကြော်ငြာချက်ထုတ်လိုက်ပုံက တစ်အိမ်ထောင်ကို ကြွက်မြီး ၁၀ချောင်း နူန်းနဲ့ ကျေးရွာ အာဏာပိုင်တွေဆီကို လာရောက်အပ်နှံရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ တကယ်လို့ ကြွက်မြီး၁၀ချောင်းမအပ်နိုင်ရင် ဒဏ်ငွေ နှစ်ထောင်ကျပ် ပေးဆောင်ရမယ်လို့ လပွတ္တာ ပြင်စလူ အုတ်တွင်း သရက်ကုန်း သာလိကာကုန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ဒေသခံအာဏာကိုင်တွေက ခပ်တည်တည်နဲ့ အမိန့်ထုတ်လိုက်ပါတယ်။

စပါးစိုက်မရလို့ စိတ်ပိန်နေရတဲ့အထဲ အခုလိုမျိုးကြွက်မြီးစစ်ဆင်ရေးလုပ်ခိုင်းတာဟာ တကယ်တမ်း ကြွက်နှိမ်နှင်းရေးအတွက် မထိရောက်ဘူးလို့ ဒေသခံလယ်သမားဦးကြီးက ပြောပါတယ်။ လယ်ထဲကို ကြွက်တွေက တပ်စိတ်လိုက် အုံလိုက် ကျင်းလိုက် လာလာပြီး စပါးတွေကိုဖျက်ဆီးနေတဲ့အတွက် လယ်တွေအကြီးအကျယ် ပျက်လို့ လယ်သမားတွေ စိတ်ဆင်းရဲနေကြပါတယ်။

အခုလိုမျိုး နာဂစ်ဒေသမှာ ကြွက်တွေ သောင်းကျန်းနေတာဟာ နာဂစ်ဖြစ်တုန်းက လူသေအလောင်းတွေ ကျွဲနွားအလောင်းတွေ စနစ်တကျ သေသေချာချာ မမြုတ်နှံနိုင်ခဲ့တဲ့အတွက် တူးဖော်စားသောက်ရာကနေ ရာထောင်ချီပြီး ကြွက်မျိုးပွားလာရတယ်ဖြစ်တယ်လို့လဲ ပြောပါတယ်။ အခုချိန်အထိလည်း အရိုးကျနေတဲ့ အရိုးအပိုင်းအစတွေ အ၀တ်စတွေက လယ်ကွင်းတွေထဲမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။

ဆိုတော့ နာဂစ်ဒေသမှာ ကြွက်ကျလို့ တခြား ကြွက်ကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါတွေအတွက် ကြိုတင်တွေးပြီး စိတ်ညစ်နေကြရတဲ့အထဲ ကြွက်မြီးဖြတ်ခိုင်းနေတဲ့အတွက် ခလေးလူကြီး ပါမကျန် ကြွက်ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ပြီး ကြွက်မြီးဖြတ်နိုင်ရေး လယ်ကွက်တွင်း စစ်ဆင်ရေးဆင်းဖို့ ပြင်ဆင်နေရတဲ့အတွက် စပါးပြန်စိုက်နိုင်ဖို့ မိသားစု စားဖို့အတွက် ပိုက်ဆံရှာဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်ရှင်။

မဆုမွန် စဉ်းစားတာတော့ စီးပွားရေးသမား ဂွင်ဆင်ပြီး ကြွက်မြီးဆယ်ချောင်း ဒဏ်ငွေနှစ်ထောင်ဆိုတော့ ကြွက်မြီးတစ်ချောင်းကိုအနည်းဆုံး တစ်ရာ ငါးဆယ်နူန်းနဲ့များ လိုက်ရောင်းနေတဲ့ စီးပွားရေးဈေးကွက် ကြီး နာဂစ်ဒေသမှာ ဖြစ်လာလေမလားလို့ တွေးရင် ညဏ်ကြီးရှင်တွေရဲ့ ကြွက်မြီးစစ်ဆင်ရေးစီမံချက်အတွက် ရယ်ရမလို ပြုံးရမလို ဖြစ်မိပါတယ်ရှင်။
http://masumon.blogspot.com/2009/10/blog-post_16.html မှ




No comments:

 
/* EOT ----------------------------------------- */