Saturday, October 17, 2009

ဂဋ္ဋုန် မင်းတို့ ၏ တိုက်ပွဲခေါ်သံ


ကျုပ် အောင်လံသား ဗျ
ဒီရေသောက်..ဒီမြေမွေး..
ဒီလယ်တွေက ကျုပ်အဘိုးပိုင်မြေ.
ဖုန်းဆိုးတောကို ဒါးမတိုနဲ့ ခုတ်..
အဘိုး ယာလုပ်ခဲ့တာပေါ့.
မိသားစု အစဉ်အဆက်..
ဒီမြေမှာ ကျုပ် ဘိုးဘွား ခေါင်းချတယ်။
ကျူပ်အိမ်ထောင်ကျတော့ ခန်းဝင်အမွေ..
တင်တောင်းခဲ့တဲ့ ဒီမင်္ဂလာ ယာမြေ။

ဒီအစိုးရအကြောင်း မပြောချင်ပါဖူး..
လယ်သမားလောက်မှ ဦးဏှောက်မရှိ..
သူလုပ်တာ ဘာသောက်ဖြစ်မှ မရှိ။
ကဲကြည့်ဗျာ…ပထ၀ီအရ မကွေးတိုင်းဟာ
မိုးခေါင်ရေရှား ခြောက်သွေ့ ဒေသ..
ဝါ နှမ်း ပြောင်း ပဲ..ရေနည်းကြိုက်သီးနှံ ဖြစ်ထွန်းတဲ့မြေဗျ။
ဦးဏှောက်ပုပ်ပွ
ပင်ဂွင်းကို ရေခဲတိုက်ထဲ မွေးတဲ့အစိုးရမင်း လက်ထက်မှ
မတော်မတည့်...ဒီနေရာလာ.
စစ်တပ်အပိုင်.ကြံစက်တည်တယ်တဲ့ဗျာ။
ကျုပ်တို့ လယ်တွေ ချစ်တီးလိုသိမ်း ကြံစိုက်ကွက်
မစိုက်မနေရ အဓမ္မ..ကြံစိုက်ရမတဲ့.
ဒါးကြောက် လို့ စိုက်တဲ့ကြံ.
လုံးပတ်က.ကြူရိုးသာသာနဲ့ ..
ထွက်လိမ့်မယ် ကြံရည်...
ရလိမ့် မဲ့ ဒီသကြား..
တောမှာတောင် သွားပြောလို့ မရတဲ့စကား။

ကျုပ်တို့  ဟင်းလျှာ ဆီမရှိ.
ဟင်းရွက် ရေလုံပြုတ်သာ နတ်သဓါအတိ
ကျူပ်နွားလေးတွေ စားစရာပြောင်းမရှိ
လူရော နွားရော ဆင်းရဲအတိ။

ကျုပ်အပါအ၀င်
အောင်လံမြို့နယ် စမ်းတောင်ကွင်း၊
စားကျက်တော၊ ရွာထောင်၊ ဆာပါ၊ စမ်းကလေး၊
ကျောင်းစု၊ ရွာမစု၊ ရေတွင်းစု ကျေးရွာများက တောင်သူ ၇ဝ
မြို့လှရွာသား ၅၇ ဦး ပေါ့..လယ်တွေ စစ်တပ်သိမ်း.တော့
လယ်သမား မြေမရှိ..စားစရာမရှိဘူးပေါ့။
ဒါကြောင့် အိုင်အယ်လ်အို ကို တိုင်မိတယ်။

တိုင်ပေးတဲ့ ရှေ့ နေ ကိုဖိုးဖြူ..ထောင် ၄နှစ်
အောင်လံNLD ဒု ဥက္ကဌ ဦးအေးမြင့် ထောင် ၂ နှစ်.
ကျူပ်တို့ ကို ကူညီလို့ တဲ့ဗျာ..
ဒါ သက်သက်မတရားတာ

ILO လာစစ်တဲ့အခါ
ခိုးရာပါနဲ့လူ မိတော့..
နအဖ က ကောင်းပြီ ကောင်းရက်..
၂၀၀၉ ခုနှစ် မတ်လက..
ဒီလယ်ယာတွေကို လယ်သမားတွေ ပြန်ပြီးပိုင်စေ ဆိုလို့ 
ကျုပ်တို့ စမ်းကလေးရွာ..ယာပြန်စိုက်ပါတယ်ဗျာ။

နှမ်းနဲ့ ပဲတီစိမ်း ပင်စိမ်းလွင့်လွင့်..
ကောက်နှံပွင့်တဲ့ အချိန်ကျမှ
ပုဒ်မ (၄၄၇) နဲ့ ကိုယ့်လယ်ပေါ် ပိုင်နက်ကျူးလွန်မှု တဲ့
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ကျော်.
တချို့ ဆို တမိသားစုလုံး..ထောင်ကျ
ကလေးတွေ ဘယ်သွားနေရမလည်း..
အိမ်က ကလေးနှစ်ယောက်နဲ့
၈၀ ကျော်လောက် ပိန်တုန်ချိအမယ်ကြီး
ကျူပ်ခွေးငနီ နဲ့ ကျူပ်နွား ငညို .
အစာငတ် သေကုန်တော့ မှာဘဲ။
ချစ်တီးယူတာမှ ပုဆိုးကျန်ဦးမယ်။
နအဖ နဲ့ကျမှ ရှိတာပြောင်တယ်။

သောက်ကျိုးနည်း တော်လိုက်တဲ့ ဒီဘုရင်.
လယ်သမား ဘုရင်ဖြစ်တာထက်
သူခိုး ဒါးပြဘုရင် တက်ဖြစ်တာက ဆိုးပါ့။
တောင်သူကြီးမင်းလို သခွါးသီးခိုးတဲ့ ဒီဘုရင်
တူရွင်းနဲ့သာ ရိုက်သတ်ချင်တယ်ဗျာ..

ပြောသာ ပြောရ
ကျုပ် လယ်သမား..လူမသတ်တတ်ပါဘူး..
လူတွေကိုတော့ ထမင်းကြွေးတတ်တယ်။
သမာအာဇီဝ..ကုသိုလ်ရတဲ့ အလုပ်.
တောင်သူဖြစ်တာ..ဂုဏ် မဆုတ်ဘူး.
တကယ်ဆို ဒီတောင်သူလယ်သမားတွေဟာ
တနိုင်ငံလုံးရဲ့ ကျောရိုးပါဗျာ။
ပဲနှမ်း ပြောင်းရောင်း ဒေါ်လာရ.
ခေါင်းပုံဖြတ်နအဖသာ အပေါ်မှာမြောက်ကြွနေ..
အောက်က နင်းပြားတွေ ကတော့ သေတော့မယ်။
ဆရာစံ လို တော်လှန်ရေးစကြမှ ဖြစ်မယ်။

ယောင်းရင်းတို့ ရေ..ရဲသူလာခဲ့..
လယ်သမား သွေးနီတာ ပြစို့ ရဲ့။
တွန်ကြစို့  ဒို့ ဂဋ္ဋုန်.
တောင်ပန်ခွင်းခွဲကြမဲ့ လေဟုန်။

မသဒ္ဓါ (၁၀။၁၆။၂၀၀၉)

သတင်းအပြည့်အစုံမှာ

ကိုယ့်မြေကိုယ်ထွန်သူ ၁၂ ဦး ထောင်ကျ 16 October 2009

မကွေးတိုင်း အောင်လံမြို့နယ်မှာ ကိုယ့်လယ်ယာမြေတွေ အသိမ်းခံရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို လယ်သမားတွေက တိုင်ကြားခဲ့ကြပြီးတဲ့နောက် သူတို့ရဲ့ လယ်ယာမြေတွေကို ပြန်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့ပြန်ရထားတဲ့ လယ်ယ်ာမြေတွေအပေါ်မှာ လယ်စိုက်ဖို့ ယာစိုက်ဖို့ ပြန်လုပ်ကြတဲ့အခါမှာတော့ ပိုင်နက်ကျူးလွန်မှုနဲ့ အဲဒီလယ်သမားတွေကို တရားစွဲပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်မြို့ကနေ ကိုသိန်းထိုက်ဦးက ဆက်သွယ်စုံစမ်းပြီး အစီရင်ခံထားပါတယ်။
မြေအသိမ်းခံခဲ့ရလို့ အိုင်အယ်လ်အို ကို တိုင်ကြားခဲ့ဖူးတဲ့ အောင်လံမြို့နယ် စမ်းကလေးရွာက လယ်သမားတွေ၊ အခုတော့ သူတို့ တခါက ပိုင်ခဲ့ဖူးတဲ့ လယ်မြေထဲမှာ နှမ်းနဲ့ ပဲနီစိမ်းတွေ စိုက်မိလို့ ပိုင်နက်ကျူးလွန်မှုန့ တရားရုံးက ထောင်ဒဏ်ပစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာပါ။ ဒီလို ထောင်ဒဏ်တွေ ချမှတ်လိုက်တာနဲ့ပတ်သက်လို့ အောင်လံမြို့ခံ တယောက်က အခုလို ပြောပါတယ်။
"ကိုသန်းစိုး၊ သူက အလုပ်ကြမ်းတွေပါ ပါတယ်နော်။ သူ့ကို ၁ နှစ်၊ ပြီးတော့ မောင်သတ်က ၉ လ၊ ကိုမြင့်သိန်းက ၂ နှစ်နဲ့ ၃ လ၊ မအေးဝင်းက ၄ နှစ် ၉ လ၊ မောင်မျိုးက ၉ လ၊ ကိုသိန်းဝင်းက ၂ နှစ် ၃ လ၊ ကိုသိန်းထွန်းက ၂ နှစ် ၃ လ၊ ကိုနိုင်စိုးက ၂ နှစ် ၃ လ၊ ကိုထွန်းကြည်က ၂ နှစ် ၃ လ။ ပြီးတော့ ကိုစိုးမြင့် ၃ လ၊ ကိုဝင်းနိုင်ဦး ၂ နှစ် ၃ လ၊ မမိမာ ၂ နှစ် ၃ လ။ အဲဒီမှာ ကိုသန်းစိုးတို့က သားအဖ သုံးယောက်ပေါ့နော်။ ကိုသန်းစိုး ရယ်၊ ကိုသတ် ရယ်၊ ကိုမျိုး ရယ်က သားအဖ သုံးယောက်။ နောက်ပြီးတော့ မအေးဝင်းကလည်း လင်မယား နှစ်ယောက်ပေါ့နော်။ သူ့ယောက်ျား ရယ်၊ ပြီးတော့ ညီမ ရယ်။"
၂၀၀၇ ခုနှစ်မှာ အောင်လံမြို့နယ် စမ်းကလေး ကျောင်းစုအတွင်း လယ်သမားတွေရဲ့ ဘိုးဘွားဘီဘင်ပိုင် လယ်မြေဧက ၅၀ ကျော်ကို အောင်လံမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ စီမံချက်တခုဖြစ်တဲ့ MEC သကြားစက် အမှတ် (၅)က သိမ်းယူခဲ့ပါတယ်။ ဒီလို သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး လယ်သမားတွေက သက် ဆိုင်ရာ အစိုးရ အရာရှိတွေနဲ့ အိုင်အယ်လ်အို အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မတ် လ အတွင်း နေပြည်တော်မှာရှိတဲ့ အလုပ်သမားရေး ၀န်ကြီးဌာနနဲ့၊ အိုင်အယ်လ်အို အရာရှိတွေ ဒီ ကိစ္စနဲ့ပတ်သက်လို့ လာရောက် စစ်ဆေးခဲ့ပြီး ဒီလယ်ယာတွေကို လယ်သမားတွေ ပြန်ပြီးပိုင်စေ ဆိုတဲ့ နုတ်မိန့်နဲ့ ပြန်ပြီး လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်။ ဒီအကြောင်းကို မိသားစုဝင်တွေနဲ့ မြို့ခံတွေက အခုလို ရှင်းပြပါတယ်။
"(၄၄၇) နဲ့ တရားစွဲတာ ပိုင်နက်ကျူးလွန်မှုပေါ့။ သူတို့အခင်းကို ပြန်သိမ်းလို့။ ၄ လပိုင်း မတိုင်ခင်တုန်းကလေ သူတို့ ၀န်ကြီးတွေနဲ့ ဒီမှာ လာစကားပြောတဲ့အခါကျတော့ ပြန်ပေးတယ်ပေါ့နော်။ နုတ်မိန့်နဲ့ ပြန်ပေး သွားတယ်ပေါ့နော်။"
"၂၀၀၇ ခုနှစ်မှာ သိမ်းတယ်။ ၂၀၀၈ ခုနှစ် သူတို့ အိုင်အယ်လ်အိုမှာ တိုင်ထားတယ်။ အဲဒါ အိုင်အယ်လ်အို အရာရှိရော၊ နေပြည်တော် ၀န်ကြီးဌာနက ဗိုလ်မှူးကြီး လွင်အောင် ရော၊ အားလုံး မယက ရော၊ ရယက ရောပေါ့နော်။ အားလုံး အစုံအလင်ရှေ့မှာ - ခင်ဗျားတို့ ယာမြေတွေ ဟုတ်ပါသလား။ ဘယ်သူက ဘယ်နှစ်ဧက တုန်း ဆိုပြီး မေးတဲ့အခါမှာ သူတို့က ဧကတွေ ပြောပြတဲ့အခါကျတော့ ဒါ မှန်ကန်တယ်။ ဆိုတော့ ခင်ဗျားတို့ လယ် ခင်ဗျားတို့ ယာကို လွတ်လပ်စွာ လုပ်စားပေါ့နော်။ လွတ်လွတ်လပ်လပ် လုပ်စား စိုက်စား ဆိုပြီး ဗိုလ်မှူးကြီး လွင်အောင် က နုတ်မိန့်နဲ့ ပေးခဲ့တယ်။ နုတ်မိန့်နဲ့ ပေးခဲ့တဲ့ဟာမှာ ယာသမားတွေက ယာဆင်း လုပ်တာပေါ့။ ဒီ့ အရင်တုန်းကလည်း ယာသမားတွေက ယာပဲလုပ်စားတာ။ အဲဒါကို လယ်ယာဌာနက တရားစွဲ တယ်။ သူတို့မြေကို ဒီတောင်သူတွေက ကျူးကျော်ပါတယ်ဆိုပြီးတော့ တရားစွဲတယ်။ တရားစွဲပြီးတော့ ခုတော့ နေ့လယ် ၁ နာရီမှာ ထောင်ချလိုက်တယ်လေ။ အခု သရက် ကို ပို့လိုက်ပြီ။"
အခုတော့ လယ်သမားတွေကို ဖမ်းဆီးပြီး သရက် ထောင်ကို ပို့လိုက်ပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ မိုးဦးကျမှာ လယ်သ မား တွေက သူတို့မြေတွေကို လုပ်ပိုင်ခွင့်ရပြီဆိုပြီး ထယ်ရေးပြင်ပြီး နှမ်းနဲပဲနီစိမ်းတွေ စိုက်ခဲ့တာပါ။ ဒါ ကြောင့်လည်း ပိုင်နက် ကျူးလွန်တယ် ဆိုပြီး အောင်လံမြို့နယ် အာဏာပိုင်တွေရဲ့ စီမံချက်ဖြစ်တဲ့ သကြား စက်က ပြန်တရားစွဲခဲ့ပြီး အခုတော့ ဒီနေ့နေ့ခင်းပိုင်းမှာ သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ပြစ်ဒဏ်ချ မှတ် လိုက်တာဖြစ်ပါတယ်။
ဒီလို ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတဲ့အတွက် ကျန်ရစ်တဲ့ မိသားစုတွေရဲ့ အခြေအနေကိုလည်း လယ်သမား တွေရဲ့ မိသားစုဝင်တယောက်က အခုလို ပြောပါတယ်။
"အခုတော့ အိမ်မှာ အိမ်ထောင်ဦးစီးတွေ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေချည်းပဲ ချလိုက်တာ ဆိုတော့ အိမ်ကလူတွေ အကုန်လုံး ဒုက္ခရောက်ကုန်တာပေါ့။ လှည်းတွေရော နွားတွေရော။ အခုဆို စိုက်ပျိုးပြီးခါစပဲ ရှိသေးတယ်လေ။ အခု နောက်ပိုင်းမှာ ရိတ်သိမ်းဖို့ရော အလုပ်တွေကတော့ အများကြီးပေါ့။ အဲဒါ ဘာမှ မလုပ်နိုင်တော့ဘူးလေ။ အဲဒါ ခုတော့ မအေးဝင်း ဆိုရင်လည်း ၄ နှစ်နဲ့ ၉ လ၊ သူဆိုလို့ရှိရင် သူ့ယောက်ျားရော သူ့ညီမလေးရော။ ညီမလေးကဆို ကျပ်မပြည့်ဘူးလေ။ အခု ညီမလေးရော၊ သူ့ယောက်ျားရော ဆိုတော့ အိမ်မှာ ကလေး နှစ်ယောက်နဲ့ အဘွားကြီး ၈၀ ကျော်လောက် အမေအိုကြီးပဲ ကျန်ခဲ့တော့တယ်။ ကြည့်မယ့်သူမရှိတော့ ဒီအတိုင်းပဲ ထားခဲ့ရတယ်ဆိုတော့ နွားတွေလှည်းတွေလည်း ကြည့်မယ်သူ မရှိဘူးပေါ့။"
အိုင်အယ်လ်အို အလုပ်သမား အဖွဲ့ချုပ်ကြီးနဲ့ မြန်မာစစ်အစိုးရအကြား သဘောတူညီချက် အရ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ အတင်းအကျပ် မြေယာသိမ်းမှုတွေကို လယ်သမားတွေဘက်က တိုင်ကြား ခွင့်ရှိပြီး ဒီလို တိုင်ကြားသူတွေကို စစ်အစိုးရဘက်က လက်တုံ့ပြန် အရေးမယူပါဘူးလို့ သဘောတူထားပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရဟာ အိုင်အယ်လ်အိုနဲ့ သဘောတူထားတဲ့ နားလည်မှု သဘောတူညီမှု စာချွန် လွှာတွေအားလုံးကို ပယ်ဖျက်သလို ဖြစ်နေပြီဆိုပြီး ဒေသခံလယ်သမား တယောက်က အခုလို မှတ်ချက်ချ ပါတယ်။
"နေပြည်တော် အစိုးရနဲ့ ကျနော်တို့ အိုင်အယ်လ်အို အဖွဲ့အစည်းနဲ့ သဘောတူစာချွန်လွှာတွေ၊ လက်မှတ်ရေးထိုး ထားတာတွေကို သူတို့ကနေ လွယ်လွယ်လေးနဲ့ ဖောက်ဖျက်တဲ့သဘောလို့ ကျနော် မြင်တယ်ခင်ဗျ။ ခံစားရတာ ပြောရရင်တော့ ဒီတောင်သူလယ်သမားတွေက တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနေတဲ့ တောင် သူလယ်သမားတွေပေါ့ဗျာ။ ကျနော်တို့ သီးနှံတွေ စိုက်ပျိုးပေးနေတဲ့ တောင်သူတွေအနေနဲ့ ကိုယ့် လယ်ယာမြေကို လွတ်လွတ်လပ်လပ် လုပ်မစားရတဲ့ အခြေအနေမျိုးကို ရောက်နေပြီခင်ဗျ။ ခုတော့ တောင်သူလယ်သမားတွေဟာ၊ အဲဒီထဲမှာ အငှားလိုက်လုပ်တဲ့လူတွေရော၊ စက်အငှားမောင်းတဲ့သူတွေပါ အကုန်လုံးကို မဆိုင်တဲ့သူတွေပါ အကုန်ရောနှောပြီး ထောင်ချပစ်လိုက်တယ်ဗျ။ တော်တော်လေးကို ဒုက္ခ ရောက်နေကြပြီခင်ဗျ။"
အခု ထောင်ဒဏ်ပစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လယ်သမားတွေဟာ စမ်းကလေးရွာက လယ်သမားတွေပါ။ တခြား ကျေးရွာတွေမှာလည်း အလားတူ လယ်ယာသိမ်းခံရတာတွေ ရှိပြီး အဲဒီလယ်သမားတွေက အိုင်အယ်လ်အို ကို တိုင်ကြားထားပါတယ်။ ညံဝိုင်း၊ ရေပေါ်၊ သပြေပင် စတဲ့ကျေးရွာတွေက လယ်ယာတွေလည်း အသိမ်းခံထားရပြီး အဲဒီကျေးရွာတွေက အိုင်အယ်လ်အို ကို တိုင်ကြားထားတဲ့ လယ်သမားတွေကိုလည်း ကြံစက်က ပြန်တရားစွဲဆိုထားပါတယ်။ သူတို့ကိုလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ အမိန့်ချမယ်လို့ အောင်လံဒေသခံတွေက ပြောကြပါတယ်။
http://www.voanews.com/burmese/2009-10-16-voa12.cfm

မကွေးက အစိုးရသိမ်း လယ်တချို့  ILO ကြောင့်ပြန်ရ
19 March 2009
မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးကို ဒေသခံတွေက တိုင်းကြားချက်တွေ အပေါ် အိုင်အယ်လ်အို က စုံစမ်းစစ်ဆေးပြီး မြန်မာ စစ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ့် ကာလကို ဒီလ စောစောပိုင်းကပဲ နောက်ထပ် ၁၂လ သက်တမ်း တိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်အရ တိုင်ကြားသူတွေကို အာဏာပိုင်တွေရဲ့ နှောက်ယှက်ဟန့်တားတွေ တုံ့ပြန် အရေးယူတာတွေ မရှိအောင် အကာအကွယ် ပေးထားပါတယ်။ ဒါဟာ တကယ့် လက်တွေ့မှာ ထိရောက်မှုရှိပါသလား။ မကွေးးက တိုင်ကြားသူတွေကို ကိုယ်စားပြုခဲ့တဲ့ ရှေ့နေ ဦးဖိုးဖြူကတော့ ထောင်ဒဏ် ၄နှစ် ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မကွေးတိုင်း အောင်လံမြို့နယ်က လယ်သမားတွေရဲ့ လယ်မြေ အဓမ္မ အသိမ်းခံခဲ့ရတဲ့ ကိစ္စမှာတော့ အိုင်အယ်လ်အိုရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လယ်သမားတွေ သူတို့ရဲ့ လယ်မြေတွေ ပြန်ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က အိုင်အယ်အို အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ လယ်သမားတဦးကို မေးမြန်းထားရာမှာ သူက
“ရွာကြီး ၁၀ရွာက တောင်သူလယ်သမားတွေ အိုင်အယ်လ်အို တိုင်ကြားတဲ့အတွက် ၁၁ရက်နေ့မှာ အိုင်အယ်လ်အို အရာရှိ ‘စတိ မာရှယ်’တို့ အောင်လံမြို့ကို ဆင်းလာပါတယ်။ နေပြည်တော်က စစ်ဆေးရေး ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး ယုလွင်အောင် ပါတယ်။ အောင်လံမြို့နယ် ‘မယက’ မှာ ၁၁ရက်နေ့ မနက် ၉နာရီမှာ ဌာန အစုံကို စစ်ပါတယ်။ ‘မယက’ ကိုလည်း စစ်တယ်။ မြေစာရင်းကိုလည်း စစ်တယ်။ ရေဆင်းကိုလည်း စစ်တယ်၊ ကြံဌာနကိုလည်း စစ်တယ်။ သစ်တောကိုလည်း စစ်တယ်။ နေ့လယ် ၂နာရီခွဲလောက်မှာ သံရွာအုပ်စု ဆန်းကလေး ကျောင်းစုရွာကို ‘စတိ မာရှယ်’ တို့ ၊ ဒုဗိုလ်မှူးကြီး ယုလွင်အောင်တို့ ရောက်လာပါ တယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေကို စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ လယ်ယာတွေကို အဓမ္မ ကြံ စိုက်ခိုင်းတယ်။ ကျွန်တော်တို့က ငြင်းဆန်တဲ့အတွက် အဓမ္မ အသိမ်းခံရတယ်။ ဗိုလ်မှူးကြီး ယုလွင်အောင်က ဒီ လယ်ယာမြေတွေဟာ နိုင်ငံတော် ပိုင်ဖြစ်တယ်လို့ လယ်သမားတွေကို ရှင်းပြတော့ စတိ မာရှယ် က မြေယာဥပဒေအရ နိုင်ငံတော်ပိုင် လယ်ယာမြေဆိုတာကို သဘောပေါက်ပေမဲ့ တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားပိုင်း လယ်ယာမြေဟာ သူတို့အတွက် အသက် ရှင် ရပ်တည်နိုင်ရေးအတွက်၊ စားဝတ်နေရေးအတွက် စိုက်ပျိုးခွင့်ရှိတယ် မဟုတ်လားလို့ ဒုဗိုလ်မှူးကြီး ယုလွင်အောင်ကို မေးတော့ ရှိပါတယ်လို့ ပြောပါတယ်။ လယ်ယာမြေတွေကို ပြန်လုပ်စားပါလို့ နှုတ်မိန့် ပေးခဲ့ပါတယ်။ တောင်သူလယ်သမားတွေကလည်း ပြန်လုပ်စားဖို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။”
အောင်လံမြေစာရင်းဌာနကလည်း လာဘ်ငွေ စားတဲ့အကြောင်း လယ်ဧကတိုးချဲ့တာကို မြေစာရင်းမှာ ပါချင်ရင် ကျပ်ငွေ ၁၀၀၀၀၀ ပေးမှ ရတဲ့ အကြောင်းတွေကိုလည်း တိုင်ကြားခဲ့ကြပါတယ်။ ဒီ့နောက် အိုင်အယ်အို အရာရှိတွေနဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ လယ်တွေ ဖျက်သိမ်းခံရတဲ့ တည်ပင်အုပ်စု၊ ညောင်ဝိုင်းအုပ်စု ရွာကြီး ၉ရွာက ၀ါ စိုက်တောင်သူတွေက အဓ္ဓမ လုပ်အားပေးခိုင်းမှုနဲ့ ၀ါပင်တွေကို ဖျက်ဆီးခံရတဲ့ အတွက် တိုင်းကြားခဲ့တဲ့ လယ်သမားတွေဆီကို လည်းသွားခဲ့ပါတယ်။
လယ်သမားတွေ တိုင်ကြားခဲ့တဲ့ အမှုကိုတော့ ၁၂ရက်နေ့မှာ စစ်ဆေးခဲ့ပုံကိုလည်း ဆက် ပြောပြပါတယ်။
“စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ ၀ါပင်တွေကို ဖျက်ဆီးတာကို တိုင်တန်းပါတယ်။ အဲဒီနေ့မှာ အမှု မပြီးပြတ်သွား ပါဘူး။ အဓမ္မ ခိုင်းစေမှု မြောက်တဲ့အတွက် ဒါကို ဆက်ပြီး စစ်ဆေးပါမယ်။ အောင်လံ လ၀က ရုံးမှာ ၉နာရီ ချိန်းပါတယ်။ တောင်သူလယ်သမားတွေကို စစ်ပါတယ်။ ကျူးလွန်သူ ဗိုလ်မှူးတွေကို အရေးယူပေးပါလို့ တောင်သူလယ်သမားတွေက လည်း တောင်းဆိုပါတယ်။”
ဒီ စစ်ဆေးမေးမြန်းပွဲကိုတော့ လယ်သမား ၄၀၀ကျော် တက်ရောက်ခဲ့ပါတယ်။ လယ်သမားတွေရဲ့ လယ်တွေကို ရုံးဆိတ် သကြားစက်က သိမ်းခဲ့တာကတော့ ၂၀၀ရခုနှစ်က ဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ အိုင်အယ်လ်အိုကို တိုင်ကြားခဲ့ပြီး အခု၂၀၀၉မှာ လယ်တွေ ပြန်လုပ်စားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ လယ်တွေ သိမ်းခဲ့တဲ့ ဗိုလ်မှုးတွေကတော့ စစ်ဆေးမေးမြန်းခံရပေမဲ့ အရေးယူရတာမျိုးမတွေ့ရဘူးလို့ လယ်သမားတွေက ဆိုပါတယ်။ လယ်သမားတွေဟာ လယ်တွေ သိမ်းခံရတဲ့အတွက် တခြားလယ်တွေမှာ အငှားတွေ လုပ်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ အခုအခါမှာတော့ လယ်တွေ ပြန်လုပ်စားခွင့်ရပြီ ဖြစ်တာကြောင့် လယ်တွေကို ပြန်လည် ပြုပြင်ဖို့ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
http://www.voanews.com/burmese/2009-03-19-voa3.cfm?rss=topic1

မကွေးတိုင်း အောင်လံ တောင်သူများ အရေး
Apr 11, '08 2:31 AM
for everyone
စီမံကိန်းဝင် သီးနှံ မစိုက်ပျိုးလို၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်သို့ တိုင်တန်းမှု ပြုလုပ်ခဲ့သော တောင်သူများကို အလုပ်သမားဝန်ကြီးဌာနက အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အလုပ်သမား ဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်အောင်ဝင်း ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီသည် မကွေးတိုင်း အောင်လံမြို့နယ်သို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိလာပြီး ဦးဆောင် တိုင်ကြားခဲ့သူများကို လူတွေမေးမြန်းခဲ့သည်။
"ကြံစိုက်ဖို့ အဓမ္မ ခိုင်းစေတာကို တောင်သူတွေက မလုပ်နိုင်ဘူး။ ဒီဒေသမှာ အကျိုးမဖြစ်ထွန်းစေဘူး။ ဒါကြောင့် ဆင်းရဲမွဲတေ၊ စီးပွား ပျက်စီးနေတာကို၊ မကျေနပ်မှုတွေကို ILO ကို တိုင်ကြားတဲ့အတွက် ILO က လာပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး နအဖ ကို အကြောင်းကြား တယ်။ အခု နအဖ ကနေပြီးတော့ လာစစ်ဆေးတာ" ဟု ILO သို့ တိုင်ကြားခဲ့သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
၅ ဦးပါ ကော်မတီတွင် ဗိုလ်မှူးကြီး တင်အောင်ဝင်းက ဥက္ကဋ္ဌ ၊ အောင်လံမြို့အပိုင် သရက်ခရိုင် ခယက ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ခရိုင်တရားသူကြီး ဒေါ်ခင်ခင်ချို၊ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေနှင့် မြို့နယ်တရားသူကြီး ဦးလှမိုး တို့ပါဝင်သည်။
တောင်သူ ၁၂၇ ယောက် ကိုယ်စား တိုင်ကြားခဲ့သူ ကိုသန်းစိုး၊ ကိုစိုးမြင့်၊ မအေးအေးဝင်းတို့အား ၅ ရက်နေ့တွင် ကော်မတီက စာဖြင့် ဆင့်ခေါ်၍ စစ်ဆေးခဲ့သည်။
"အမှုမှန် ပေါ်ပေါက်ဖို့အတွက် စစ်ဆေးရေးအဖွဲ့ ဆင်းလာတယ်လို့ မြင်ပေမယ့် ခယက ဥက္ကဋ္ဌရဲ့ စစ်ဆေးမေးမြန်းချက်တွေ၊ ကျနော်တို့အပေါ် ဆက်ဆံပုံတွေဟာ ဗိုလ်မှူး ရဲနိုင်ရဲ့ အကျိုးဆောင် ရှေ့နေလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဒီကော်မတီလူကြီးတွေ လုပ်ဆောင်ပုံကလည်း သိပ်အားမရဘူး၊ ကျေနပ်မှု မရှိဘူး" ဟု ဒေသခံတဦးက ပြောသည်။
အောင်လံမြို့နယ်အပိုင် စမ်းတောင်ကွင်း၊ စားကျက်တော၊ ရွာထောင်၊ ဆာပါ၊ စမ်းကလေး၊ ကျောင်းစု၊ ရွာမစု၊ ရေတွင်းစု ကျေးရွာများမှ တောင်သူ ၇ဝ နှင့် မြို့လှရွာသား ၅၇ ဦးက အောင်လံမြို့ရှိ အမှတ် ၅ သကြားစက်ရုံမှူးက ကြံကို မစိုက်မနေရ စိုက်ခိုင်းနေ၍ ဆုံးရှုံးမှုများ ဖြစ်ရသည် ဆိုကာ ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကိုယ်စားလှယ်ရုံးသို့ တိုင်တန်းမှု ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားရာ လယ်များတွင် အစဉ်အလာအားဖြင့်  ဝါ၊ နှမ်း၊ ပဲတီစိမ်းနှင့် နွားစာအဖြစ် ပြောင်းကို အဓိက စိုက်ပျိုးခဲ့ကြသည်။
တောင်သူများ အပြောအရ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက ကြံများကို စတင်စိုက်ပျိုးရာတွင် လုံးဝ အောင်မြင်မှု မရှိဟု ဆိုသည်။
"အဲဒီ မြေတွေကဗျာ။ အခုတော့ ဘာအပင်မှ မပေါက်ဘဲ ကွင်းပြင်ကြီးပဲပေါ့ဗျာ။ အပြောင်ရှင်း မြေကွက်ကြီးတွေနဲ့၊ အဝေးကြည့်အနေနဲ့ ပေါ်ပေါက်နေတာပေါ့ဗျာ၊ ဘာမှ မရှိဘူး။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်တောင်းထားပါတယ်" ဟု ဒေသခံတဦးက ပြောသည်။
သူက ဆက်ပြီး "ကျနော်တို့ နွားတွေလည်း အစားရေစာ ငတ်ပြီးတော့ အတိဒုက္ခ ရောက်နေပါပြီ။ နွားတွေ ရောင်းပစ်ရတဲ့ လူတွေလည်း ရောင်းလိုက်ကြပါပြီ။ ဝမ်းစာလည်း လှောင်ဖို့ မရှိပါဘူး။ ဒီလို ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတဲ့အတွက် ကျနော်တို့ နွားစားကျက်တောနဲ့ လယ်တွေကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်" ဟု ပြောသည်။
ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်း (MEC) မှ ဖွင့်ထားသည့် သကြားစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူး ရဲနိုင်သည် စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်း ဖြည့်ဆည်းနိုင်ရန် ဒေသတွင်း လယ်ယာမြေများတွင် သကြား မစိုက်မနေရ စိုက်ရမည်ဟု ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂ဝဝ၇ မေလ ၁၅ ရက်တွင် စက်ရုံဌာနမှူး ဦးတင်အုန်းနှင့် ဦးကျော်ကျော်စိုး အဖွဲ့က အောင်လံ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ စမ်းတောင်ကွင်းနှင့် မြို့လှကျေးရွာ တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင် အလံနှင့် တိုင်များ စိုက်ထူကာ ကြံစိုက်ကွင်းများအဖြစ် သတ်မှတ်ခဲ့သည်။

No comments:

 
/* EOT ----------------------------------------- */