Friday, October 16, 2009

သားဇောနဲ့  အကြွေစောခဲ့တဲ့ သစ်ရွက်ဝါ


ခေတ်ဆိုတာ..စီးနေတဲ့ရေစီးကြောင်း..
လှုပ်ရှားနေတဲ့ သမိုင်းကြောင်း..
လူငယ်တွေ က လက်ဆင့်ကမ်းသယ်..
အနာဂတ်ကို ပုံဖွဲ့ ရေးခဲ့..
ဒါ အပြစ်မဟုတ်
မြေအုတ်ကြွေ..အစားထိုးရမဲ့ ကျောက်အုတ်
သမိုင်းဆိုတာ အဖုံးအုပ်လို့  မလုံဖူး
မျိုးဆက်သစ်ဟာ ရွက်ဝါ ဆုတ်တဲ့အချိန်
စိမ်းလမ်းလှပ ပုရစ်ဖူးငုံနဲ့ ဘ၀ကိုစတယ်။
လူငယ့်အားသည်သာ လူ့ သမိုင်းကိုလှပစေတဲ့ အရာ။

ကျုပ်အဖေ က ၀ါကြွားဖူးတယ်ဗျာ..
ငတ်သေတဲ့ မသာမရှိတဲ့ ဒို့ ဗမာပြည်။
အင်းလေ..သူခေတ် မှာဟုတ်ပေမပေါ့။
အင်္ဂလိပ်ကျွန် လက်ထက်ပေတဲ့
ကိုယ်စိုက်တဲ့ စပါး ကိုယ်စားနိုင်သေးတယ်..
သူဂုဏ်ယူလောက်ပါသေးတယ်။
ကျူပ်လက်ထက်ကျ ရှူးတိုးတိုး..
မပြောရဲဘူးဗျ..လိမ်ကြွားစကားဆိုး.
ရှိတဲ့  သဘာဝသယံဇာတ..
တရုတ် ရုရှားသွားကြ..
ရန်ကုန်မှာ မီးမှိတ်နေတာကြာပါပကော..
ရွှေမြေမှာ..စပါးမဝေ..
လူတွေ ငတ်နေပြီ အဘရေ။
မိန်းကလေးတွေ.ထမင်းမဝ
အ၀ှါဖြစ်နေပြီ အဘရေ။
ကဲ အပြစ်ဆိုသမျှ ခံရမဲ့ဘ၀..
ကျူပ်တို့ ခေတ်ကျမှ ညံ့ပါတယ်ဗျ။

ဒါပေမဲ့ ကျုပ် သားလူလေးခေတ်..
ဒီလို စစ်ကျွန်မဖြစ်စေရဖူး.
ဒီလို အာဏာရှင်နွံ့  မနစ်ရစေဖူး
သားလေး သက်ဦးမောင် ရေ..
မှန်တယ်ထင်တဲ့အခါ..လုပ်ပါလေ ယုံကြည်ချက်
လူဆိုတာ..သေတာနဲ့နေတာ။။
၂လမ်းဘဲရှိပါတယ်။
ခုမသေ နောက်သေမှာဘဲ..
ပျော်ရွှင်မှုနဲ့ နေ ပီတိနဲ့ သေရင်..
တရက်ဘဲ ခံပေမဲ့အသက်..
လူ ဖြစ်ရကျိုးနပ်တယ်။
အမှောင်ထဲ အနှစ် ၈၀..
ငိုကြွေးမှုနဲ့  လူမလုပ်နဲ့ ..
လူတယောက် ရေတစ်စက် နှမ်းတစ်လုံး
အမှောင်သုန်းမဲ့နေ့ ..
လွတ်လပ်မှုကို ခူးရန်မမေ့နဲ့ ..
ယောက်ျားဘဲကွာ..မကြောက်နဲ့ ..
ထောင်အပြင် တန်းမရှိပါဘူး.

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
လက်မှတ်ထိုး ကန်ပိန်း တွေလုပ်
အင်္ဂါနေ့ ဆုတောင်းမှုတွေ လုပ်..
သူ့ အနာဂတ် အတွက် သူ လှုပ်ရှားတဲ့သား..
ရဲက ဖမ်းသွားသတဲ့ဗျာ..
အားမငယ်နဲ့ သား..
အဖေ အနားမှာရှိတယ်. ရဲစခန်းထိ အဖေလာတွေ့ မယ်။

သုမာလာလမ်းဆုံထိပ်..
ရပ်ကွက်ထဲက..စွာကျယ်ရာအိမ်မှုးပြုတ်.၀င်းချို..
ကြံ့ဖွတ်လိုလို.ပုဆိန်ရိုး..
ငွေညှစ်တောင်းနေကျ ပုလိပ်ဆိုး ပန်းသီး..
ကျူပ်နောက်ကလိုက်..
လက်ထိပ်ခတ်တယ်ဗျာ..

“ ဟဲ့ ဟဲ့ မင်းတို့ ဒီလိုမတရားမလုပ်နဲ့ လေ
င့ါသား လည်း ဖမ်း..ငါ့ကို လည်းဖမ်း
နင်တို့ ဖမ်းထား..ငါသားလေး ဘယ်မှာလည်း
ငါ့သားမျက်နှာ တွေ့ မှဖြစ်မယ်။ .
ဘာမှုတုန်း..ဘာအပြစ်တုန်း..
ဘာမှ အကြောင်းမကြား
တရားမမျှတ..ဘာပုဒ်မမရှိ ဖမ်းလို့ရရိုးလား..
ဘယ်မလည်း ၀ရမ်းပြ။ မတရားမလုပ်ကြနဲ့  ”

“ အံမာ…ဒီလူကြီးတော်တော် လျှာရှည်..
သူ့ သားကို မြှောက်ပေးနေတာ သူဘဲ သူဘဲ
ငါ XXX မသား..ခွေးကြီး…မသာကြီး..
နအဖ တွေ ဒီလောက်ကောင်း..
ဘာ ဂြိုလ်စောင်းနေသတုန်း..
နာနာရိုက်ဟ..မှတ်လောက်မှ..
ချကွ ချ..အသေသာချ”

ဒီလိုနဲ့ တစ်ချက်ပြီး တစ်ချက်…
နှစ်ယောက်နဲ့ တစ်ယောက်..
ကျူပ် မကြောက်ပေမဲ့
လက်ထိပ်နဲ့ ခတ်.ကိုယ်နဲ့ ဖိထပ်
လက်သီးနဲ့ ထိုး ဒုတ်တိုနဲ့ ရိုက်
တစ်ထောင်နဲ့တိုက်..ဒူးနဲ့ တိုက်
ဖနောင့်နဲ့ပေါက် ခြေနဲ့ ဆောင့်
အုတ်ခဲနဲ့ ထု..သွေးခြည်အု
နာကြင်မှုဆိုတာ..ပြောပြလို့ ကိုမထွက်..
စီးကျစိုရွှဲ တစ်စက်ပြီး တစ်စက်
စေးပျစ်ပူလောင်..ဒါ ကျုပ်ရဲ့ချွေးမဟုတ်ဘူး.
လူမြင်ကွင်းမှာ..
လူကို ခွေးတွေ ၀ိုင်းဆွဲကြတာ..
ရုပ်ရှင်ထဲကထက်ဆိုးတယ်။

ဘုန်းကြီးခေါင်းတွေ ရိုက်ခံရတဲ့ ဝေဒနာ..
ဘယ်လိုဆိုတာ ကျုပ် နားလည်ပြီအဘ..
ရိုက်တဲ့ရဲသားက ကျူပ်ရဲ့သားအရွယ်..
အမိုက်မဲလေးတွေ.. မိဘ မသွန်သင်..
ပညာမတတ်..လူသတ် ပညာဘဲတတ်
ဒီလို လူတွေ နေရာရ..
ကျူပ်မျိုးဆက်..ကျန်ပါ့မလားအဘရယ်…
ဝမ်းနည်းရင်းနဲ့ ..ကျုပ်မျက်ဝန်းတွေ ဝေ..
မှောင်မဲခဲ့တဲ့ အမြင်..
လွင့်ပါးတဲ့အသက်..
ကျူပ်ဘ၀..ယော်ရွက်ကြွေ..

မသဒ္ဓါ (၁၀။၁၅။၂၀၀၉)

သတင်းအပြည့်အစုံက ဒီမှာပါ
သားအတွက် သတင်းမေးသွားသူ ဖခင်ကို ရဲက ရိုက်နှက်လို့ သေဆုံး မဇ္ဈိမ(ချင်းမိုင်) ။ ။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်း လှုပ်ရှားသော သားငယ် ဖမ်းဆီးခံထားရ၍ သတင်းမေး သွားသူ ဖခင်ကို ရဲက ရိုက်နှက်၍ သေဆုံးမှုတခု မြောက်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သေသူ၏ မိသားစုဝင်များက ပြောသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ဖမ်းခံထားရသူ မောင်သက်ဦးမောင် အတွက် သွားရောက် စုံစမ်းသူ အမှတ် ၂ ရပ်ကွက်နေ ဦးကျော့မောင် (အသက် ၅၆ နှစ်)ကို ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့က သုမာလာ လမ်းဆုံ အနီးတွင် အောက်တို ဘာလ ၈ ရက်နေ့ မွန်းလွဲတွင် ဝိုင်းရိုက်ခဲ့ရာမှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက ရန်မူမှာစိုး၍ မဇ္ဈိမနှင့် ဆက်သွယ်ရရှိသူ ဆွေမျိုးရင်း တဦးက အမည် မသုံးရန် မေတ္တာ ရပ်ခံခဲ့သည်။

ဦးကျော့မောင်သည် ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူ ဖြစ်ပြီး သူ၏ မောင်သက်ဦးမောင်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် အင်္ဂါနေ့ ဆုတောင်းမှုတွင် ပါဝင်ခဲ့ဖူးသူလည်း ဖြစ်သည်။

“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ” ဟု ဆွေမျိုးရင်းဖြစ်သူက မဇ္ဈိမကို ပြောသည်။
ရဲက ရိုက်နှက်လို့ သေသူ၏ အမှု စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

မဇ္ဈိမ(ချင်းမိုင်) ။ ။ မြောက်ဥက္ကလာ ရဲက ရိုက်နှက်ရာမှ သေဆုံးသွားသည်ဆိုသော ဦးကျော့မောင်၏ အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပြုနေပြီ ဖြစ်သည်။

မြို့နယ် ရဲစခန်းနှင့် ရန်ကုန် တိုင်းကျန်းမာရေးရုံးတို့တွင် မြောက်ဥက္ကလာ ရဲစခန်းမှူး၊ တိုင်းကျန်းမာရေး ရုံးအုပ်ကြီး၊ အမှတ် ၂ ရပ်ကွက် ရယက ဥက္ကဌတို့က ကွယ်လွန်သူ၏ ဇနီးအပါအဝင် သက်သေ ၉ ဦးကို စစ်ဆေးပြီး ဖြစ်သည်ဟု မိသားစုဝင် တဦးက ပြောသည်။

အသက် ၅၆ နှစ်ရှိ ဦးကျော့မောင်သည် သားဖြစ်သူ ရဲစခန်းတွင် အဖမ်းခံထားရသော မောင်သက်ဦးမောင်၏ သတင်းကို သွားရောက် စုံစမ်းစဉ် သုမာလာလမ်းဆုံတွင် ရဲတပ်သား ပန်းသီးနှင့် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုတို့ နှစ်ဦး က သုမာလာလမ်းဆုံတွင် အောက်တိုဘာ ၈ ရက် နေ့က လက်ထိပ်ခတ်၍ ဝိုင်းရိုက်သဖြင့် ဦးခေါင်း၌ သွေးခဲ သေဆုံးခဲ့သည်ဆိုကာ မိသားစုဝင်များက လူသတ်မှု ၃၀၂ (က) ဖြင့် အမှုဖွင့် ထားသည်။

အမှုနှင့် ပတ်သက်၍ ရာအိမ်မှူးဟောင်းကို ဖမ်းဆီးထားသော်လည်း ရဲတပ်သားမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

ယနေ့တွင် သေသူ၏ ရက်လည်ဆွမ်းကျွေးမှုကို နေအိမ်၌ ပြု လုပ်ခဲ့ရာ မြို့နယ်ရဲများက ဓါတ်ပုံ ရိုက်ယူခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားခဲ့သူ ကွယ်လွန်သူ၏သား၊ မောင်သက်ဦးမောင်အား မြောက်ဥက္ကလာ ရဲစခန်းမှတဆင့် အင်းစိန်ထောင်တွင်း၌ ဖမ်းဆီးထားရာမှ ယနေ့ လွတ်ရက်စေ့သော်လည်း မလွတ်လာသေးကြောင်း မိသားစုဝင် တဦးက ပြောသည်။

ယခုလ ၇ ရက်နေ့က မြောက်ဥက္ကလာ အထက်တန်းကျောင်း တကျောင်းမှ ၉ တန်း ကျောင်းသားများ ရန်ဖြစ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ မောင်သက်ဦးမောင်အား ရဲက ဖမ်းဆီးခဲ့သည်။

1 comment:

Niyawdar said...

မမသဒ္ဓါရဲ့ အနုပညာတာဝန်ကျေပွန်မှုကို လေးစားပါတယ်။ မင်းဆိုးမင်းညစ်ဒဏ်ကို ပြည်သူ့ကဗျာများနဲ့ အပြီးသတ် တွန်းလှန်နိုင်ပါစေ။

 
/* EOT ----------------------------------------- */