Friday, July 24, 2009

သရက်တစ်ပင်..အနာဂတ်ကို သင်ပြင်လော့


ရှေးသရောအခါ..
လူပေါ်ကြော့ အိမ်ရှေ့မင်းသား
တောကစားသွားတယ်။

သမင်လိုက်ရင်း လမ်းပျောက်
ဆာလောင်အာခြောက်တဲ့ အချိန်
ဟိုးရှေ့ နားက ရွာဇနပုဒ်
ရေ ရှာဖွေရန် ခပ်သုတ်သုတ်

ပူလောင် နေခြစ်ခြစ်
တံလျှပ် ပူထ ရွာလည်လမ်းနဘေး
တူရွင်းတစ်ချောင်းလေးနဲ့ 
တွင်းတူးနေတဲ့အဖိုးအို
မင်းသားကတွေ့ တော့ ဆိုတယ်။

"အသင်အဖိုးအို။
ကျွန်ပ်သည် ရေမြေသနင်း
မင်း၏ အိမ်ရှေ့ စံသား
တောကစား အလာ..
ရေဆာတော်မူတဲ့အတွက်
ရေတခွက်လောက်ဆက်သပါ။"

အဖိုးအိုက ပြာပြာသလဲ
ရေအိုးထဲက ရေကိုဆက်သတယ်။

" သောက်တော်မူပါ အရှင့်သား.
သူဆင်းရဲသားမို့ ရှိတဲ့ အုန်းမှုတ်ခွက်
အမျက်တော်မသက် စေချင်ပါတယ်။
အရှင်...ဆာလောင်တော်မူခဲ့ရင်များ.
အကျွန်ုပ်မှာ ကြီးမားဖွံ့ ထယ်..
သရက်သီးများ ရှိပါတယ်။
စားလိုပါက သုံးဆောင်ပါ အရှင့်သား"

စေတနာများနဲ့ဆိုတယ်။

အိမ်ရှေ့မင်းသားက ခရီးတထောက်နား..
ရေနဲ့ သစ်သီးကို သုံးဆောင်တယ်။
ရွာလည် လမ်းနံဘေးတစ်လျှောက်.
သရက်ပင်တန်းက ဖြိုးမောက်.
ခွေးကလေးတွေခွေးမ နို့ စို့ သလို
သရက်သီးတွေက လှပ ၀င်းစို။
သရက်သီးမှည့်က ချိုမှ ချို

ဒီအချိန်..အဖိုးအိုက
ချွေးကို သုတ်ရင်းဆိုတယ်။
" အသင်မင်းသား
အကျွန်ုပ်မှာ အလုပ်များရှိပါတယ်။
ကြိုက်သလို အနားယူ..
ကျွန်တော်မျိုးကို ခွင့်ပြုတော်မူပါ။"


မင်းသားက စဉ်းစားတယ်။
ဒီ အဖိုးအို.. ရှုံတွ အသားမည်း
အတော်ဘဲ သက်ကြီးရွယ်အို
ပျဉ်းတွဲကျတဲ့ လက်မောင်း..
အားအင်ကောင်းလည်းဆုတ်ယုတ်နေ
ဝေသီတဲ့ မျက်လုံး
မှုန်ရီရီ..၀ိုးတ၀ါးအခြေအနေ.
ပိန်သေးသော ကိုယ်လုံး..
ချွေးစိုရွဲတကိုယ်လုံး…
ဂရုဏာသက်စွာ သူကဆိုတယ်။

" နားပါဦးလော့ အဖိုး..
ရာသီ ကလည်း ပူပါဘိ
အဖိုးလည်းချွေးပြိုက်ပြိုက်ကျနေ၏။
ဘာတွေ ကြောင့်ကျ သင်ပိုနေပါသလဲ
ဘာတွေ လုပ်ရန်
အဖိုး ကျင်းတူးနေပါသလည်း။
ဒီရွာက စမ်းပေါက်.
ရေကြည်သောက်ရန် ရှိတယ်။
ဆာလောင်ရင် စားသောက်
သရက်ပင်တန်း ကြီးတလျှောက်..
စားမကုန်အောင်ပေါဘိ။
သက်တောင့်သက်သာနေပါဘိ အဖိုး"

" မှန်ပါအရှင့်သား..
အချိန်ရှိခိုက်ကြိုးစား
သရက်ပင်ပျိုများ စိုက်ရန်
ကျင်းတူးနေကြောင်းပါ။"


" အော် အဖိုးအိုနှယ်။။
ဘ၀က တိုပါတယ်။
သင့်အားအင်တွေကို ချွေတာ
နေပါတော့လား သက်သက်သာသာ..
ဒီလောက် များတဲ့ သရက်ပင်တန်း
စားစမ်းပါ့ သင်ခေါင်းမချမီ
ဖူလုံပါပေသည် အဖိုး။
သောကတွေ သင်မပျိုးပါနှင့်
သင်၏ ယခု စိုက်သောသစ်ပင်
အသီးများ မတင်ခင်..
သင့်ဘ၀ ကွယ်လွန်မည်မုချ။
အလဟသအားအင်တွေ မဆုံးပါစေချင် အဖိုး။ "

ရယ်သွမ်းသွေး မင်းသားကဆိုတယ်။

" မှန်လှပါမင်းသား
ယခုမြင်ရ သရက်တောတန်းဟာ
ကျွန်တော်မျိုး အဖိုး စိုက်ခဲ့ကြောင်းပါ။
အဖိုးရဲ့ ကုသိုလ်တပြုံတမ
ယခု အခါ ကျွန်ုပ်တို့  စားသုံးရပါတယ်။
ကျွန်ုပ် စိုက်သော သရက်ပင်
ကျွန်ုပ်စားရန် မဟုတ်
ဘိုးဘွားတွေ ရဲ့တာဝန်အရ..
မြေးမြစ်များ အတွက် စေတနာချ
စိုက်နေရကြောင်းပါ။
အသင် မင်းသား
သင်သည် တစ်နေ့ 
ပြည့်ရှင်မင်း ဖြစ်လာတဲ့အခါ
တိုင်းပြည်ကို သာယာအောင်
အုပ်ချုပ်ပေးတော်မူုပါ။
မြေးမြစ်များအတွက် စည်ပင်မဲ့ဌာနေ
မင်းကောင်းတစ်ဦးရဲ့ အမွေ…
အနာဂတ်ကို ဖူးပွင့်ပါစေ။ "

" မိမိရသည့် မြေတလက်မ..
ဘိုးဘွားတွေ အသက်ပေးခဲ့ရ..
သင် မမေ့စေလိုချင်..
သို့ မှသာ သင်သည်
မင်းကောင်း အရှင်.."


မင်းသားခမြာ ရင်ဆို့ နင့်
ရှက်လည်း ရှက်မိပါလင့်
အဖိုးအိုရဲ့ စေတနာ..
ချီးကျူး ထောပနာပြုရဲ့
ဒီ ဆုံးမမှူရဲ့ နောက်ကွယ်..
မင်းကောင်းတပါးမွေးဖွားခဲ့တယ်။

ကျမတို့ အတွက် ဘိုးဘွားတွေ..
ချန်ထားခဲ့ပါတဲ့ အမွေ..
သယံဇာတ..ပေါကြွယ်ဝ
ကျွန်းသစ် ဆန်ရေ..
ဖူလုံတဲ့ ဧရာရေ..
တနပ်ဖဲစား..ဒို့ တွေ ဒီအတိုင်း ဆက်သွားမလား..
မြေးမြစ်တွေ အတွက် အလေးထား.
ကောင်းမွေကလေးများ မချန်သွားတော့ဘူးလား..

ပုံပြင်ထဲက အဖိုးအိုလို
အောင်ဆန်း က လွတ်လပ်ရေးကို
အပင်ပျိုးခဲ့..
ဒို့  လက်ထက်မှ..
ပေါင်းသင် မပြုစုခဲ့ချင်ဘူးလား.
ဒို့ ခေတ်ကျမှ လက်မှိုင်ကျ..
သစ်ကိုင်းပိုးကျတာ..ရပ်ကြည့်နေကြသလား။
ဒို့ တတွေ က လူညံ့..
ဘိုးဘွားဖျင်းတွေလား။
သင့်ရာဇ၀င်..အသင်ရေးသည်။
သင့် အရှက်သည်
သင်၏ အလုပ်ဖြစ်၏။

ကဲ သရက်ပင် စိုက်ရန်..
ဘယ်သူ ၀ိုင်းကူကြ မလည်း။
အချိန်ရှိနေသေးခင်..
မြေးမြစ် အကဲ့ရဲ့ သင်မခံချင်ရင်..

ဒီနေ့ စိုက်မဲ့ သရက်တစ်ပင်..
အနာဂတ်မှာ စိမ်းရွက်ဆင်..
စေတနာသာ အားအင်..
သတိမြင်လော့
စိုက်ကြလော့

မသဒ္ဓါ (၇။ ၂၃။ ၂၀၀၉) ဘိုးဘွားတာဝန် သင်တာဝန် ကျေပြွန်စေချင်ပါသည်။

2 comments:

HRmyanmar said...

စစ်အစိုးရရေ.. အသစ်မစိုက်ပေးရင်တောင် စိုက်ထားပြီးသားတွေ
ခုတ်လဲပစ်နေတာတော့
ရင်နာတယ်ဗျာ

ဒီနေ့ စိုက်မဲ့ သရက်တပင်..
အနာဂတ်မှာ စိမ်းရွက်ဆင် စေသား

kiki said...

အရိပ်နေနေ အခက်ချိုးချိုး
ဒီသကောင့်သားမျိုးတွေ
ကိုယ်ကျိုးသာကြည့်
သစ်ပင်ပါလှဲ မြေကြီးထဲက
သယံဇာတ အကုန်တူးဆွကြတာ
ဒီ နအဖ အစိုးရ ပါဘဲ။။။။

သင့်ရာဇ၀င်..အသင်ရေးသည်။
သင်အရှက်သည်
သင်၏ အလုပ်ဖြစ်၏။

လေးစားပါတယ် မသဒ္ဒူ့ါ ရေ..

 
/* EOT ----------------------------------------- */