Friday, July 10, 2009

ခွပ်ဒေါင်းတစ်ကောင် ရဲ့ သိုက်မြုံသို့ လွမ်းချင်း..


ကျနော်ဟာ..
ပျံနေဆဲ ခွပ်ဒေါင်းကလေးပေါ့
ဒဏ်ရာတွေ သဲပေမဲ့ ပျံနေဆဲ..
သွေးရဲရဲ..ဇွဲနဲ့ ပျံနေဆဲ


ဘယ်နေရာ အမြစ်တွယ်တွယ်
အရောင်မပြယ်တဲ့..ဒေါင်း
ဘယ်နေရာ ခိုအောင်းခိုအောင်း
ခွပ်ရှိန် ကောင်းနေဆဲ ဒေါင်း.
နိုင်ငံအတွက်တော့ သားကောင်းပေါ့
အမေရယ် ဂုဏ်ယူပါတော့

အနားတီတာတာပြော..အမေကို ချစ်သော
အမေ့ကိုလွမ်းတတ်တဲ့ သားကလေးပေမဲ့
အမေ့ ရင်ထဲက ပြေးထွက်ပျံခဲ့တာ..
နှစ် ၂၀ တောင် ကျော်ခဲ့ပြီ..

သံစဉ်တွေ နှစ်သက်တဲ့ သား..
အဖေ တီးတဲ့ မယ်ဒိုလင်သံတွေ
အမေ လိုက်ဆိုတဲ့ ခေတ်ဟောင်းသီချင်းတွေ
အိမ်မက်ထဲတောင် ကြားတယ်..

သာယာပျော်ရွှင်တဲ့ အိမ်ကလေးရဲ့
မီးဖိုချောင်ထဲက အမကြီးရဲ့ ငြုတ်ကျည်ပွေ့ သံ
နားထဲ အမြဲကြားယောင်တယ်.

အမလတ် ရဲ့
ကျနော့ ကို တောက်တီးလှုပ်နှိုးသံ
"ဟဲ့ ကောင်လေးမပျင်းနဲ့ ထ.တော့
မျက်နှာသစ် ရေချိုးတော့
ကျောင်းသွားရမယ်..နောက်ကျတော့မယ် "

ကျနော်ကတော့
ဘယ်ကနေ ညာနံတောင်းကို စောင်း
တေတေပေပေ..ပြန်အိပ်ခဲ့ဖူးတယ်။
မွေးရပ်မြေက.
ဒီအိမ်ကလေးကို
ကျနော် တကယ်လွမ်းတယ်။

အမေ ချက်တဲ့ အိမ် ထမင်းဟင်းနံ့ ..
အိမ်မက်နေရင် သွားရည်တောင်ကျဖူးတယ်.
နိုးလာတဲ့ အချိန်..
ကျနော် အိပ်နေတာ ကဒုတ်ကျင်းထဲ..
အမေ့ အိမ်ရဲ့ အဝေးမှာ..

အမေ့ လက်ဖက်ရည်ကြမ်းအစား
သောင်ရင်း မြစ်ရေသောက်ရတဲ့ကျနော်
သေနတ်ကိုင်စွဲတဲ့ ကျနော်..
တကယ်ဆို ကျောင်းသားတပ်မတော်ရဲဘော်..

နှစ် ၂၀ ဆိုတာ..
လူတယောက်အတွက်..ခဏလေးပါဘဲ..
ဗေဒါ လို အတက်အကျ..
လှိုင်းကြီိးလေထန်..အစမှာ..
မြုပ်သူလည်းရှိ..ပေါ်သူလည်းရှိ..
သက်မသေကျန်နေသည့် ကျနော်..
အမေ..၀မ်းသာတော့နော်..

အမေ ကျနော်မှာ.
အခု ဒေါင်းမလေးရှိတယ်..
ခြေရာနင်းမဲ့ ဒေါင်းပေါက်ကလေးရှိတယ်..
အဖေလို..အိမ်သာယာအောင်..
ကျနော် စွမ်းဆောင်နေဆဲ..
မိသားစုတွေ ရဲ့အဝေးမှာ..
သားကောင်းဟုတ်မဟုတ် မသေချာသော်လည်း
ကျနော့ သားအတွက် အဖေကောင်းတော့ ဖြစ်တယ်။

မျှော်လင့်တယ်..အမေ..
ကျနော့ မွေးမြေ မှာ
အမေ တော့ အခုထိ သက်ထင်ရှားရှိနေမှာဘဲ..
ကျနော် မွေးခဲ့တဲ့ အိမ်ကလေး တဖြေးဖြေးသာအို..
အမေ့လက်ရာ..လှပသန့် စင်နေမှာဘဲ
စောစော မနက်ထ ဘုရားဝေယျာဝစ္စ..
သေမသေ မသိရ နှစ် ၂၀ ပျောက်သားကို..
အမျှ ဝေနေမှာဘဲ…ကျနော်သိတယ်.

လွမ်းတယ်..အဖေ..
အဖေ့ ဆံပင်တွေ အဖြူဆွတ်.
ပိတ်ဖြူစင်ကြယ်ဝတ် အဖေ၀တ်တက်နေမှာဘဲ
တေးဂီတကို ဖော်ကြူးတဲ့ လက်
ကြေးစည်လွင်လွင်..အဖေနိဗ္ဗါန်လမ်းသို့ ပြင်နေမှာဘဲ
နှစ် ၂၀ က အိမ်ပြေးသားကို..အခု
အဖေ ခွင့်လွှတ်နိုင်တော့မှာပါဘဲ ကျနော်သိတယ်.

ခွင့်လွှတ်ပါလေ..ချစ်သော အမကြီိးများ.
ငယ်စဉ်ကတည်းက ကျနော့ ကိုကြွေးမွေးသုတ်သင်
လိမ်မာ ယဉ်ကျေး..ပြုစုပေးတဲ့ အမကြီးတွေ
အိမ်ထောင်တွေ ကျ..
တူတူမတွေ များရနေပြီလား..
အပျိုကြီးဘ၀ မိဘအနားနေ..
သမီးကောင်းဘ၀ ဂုဏ်ယူနေမလား
သေချာတာက ကျနော် ပြန်ခဲ့ရင်..
ကျနော်ကို ဖက်ငိုမှာသေချာတယ်
မောင်လေးမိုက်ကို နှစ် ၂၀ စာဆူပူဦးမယ်
ကျနော် နားပူဦိးမယ်..သိတယ်.

လွမ်းတယ်..ဆရာဆရာမများ.
ဆယ်ကျော်သက်သားဘ၀အထိ..
ပညာသင်ပေးတဲ့ လက်ဦးဆရာတွေ
၁၉၈၈ ကျနော် စာသင်ကျောင်းကိုစွန်ု့ ..
အမိမြေဖို့  လက်နက်ကိုင်ဖို့  နောက်မတွန့် ခဲ့တာ..
ခွင့်လွှတ်ပါဆရာတို့ 
ကျနော် ဘယ်ရောက်ရောက်
ဆရာတို့ ရဲ့ အသိအလိမ်မာ ဦးထိပ်ပန်ပါတယ်။
ကျနော်ပြန်လာရင်..
ဆရာတို့ နဲ့ တွေ့ ချင်ပါသေးတယ်။

သတိရတယ်..သူငယ်ချင်းများ.
ငယ်ငယ်က ဒိုးပစ်ဖော်..
ဘော်လုံးကန် ဂေါ်လီရိုက်ဖော်.
ရင်တုန် ပန်းတုန်..
အတန်းထဲက မျက်လုံးကစားဖော်..
အားလုံးကို အမှတ်တယ
မသေသေးရင်တော့ တွေ့ ချင်မိတယ်..
ဟဲ့ကောင်ကြီး မင်းမသေသေးဖူးလား..
တရင်းတနှီး လက်ဝါးရိုက် နောက်ပြောင်မဲ့ သူငယ်ချင်းကို
ကျနော် လိုချင်တာ..အခုထိပါဘဲ..

ဒါပေမဲ့
ကျနော့ တာဝန်တွေ မဆုံးသေးဖူးအမေ..
ကျနော့ သားမြေးတွေ..အနာဂတ် ပျော်နိုင်ဖို့ 
ကျရာ တာဝန်ထမ်းဖို့ ..
ကျနော်..နှစ် ၂၀ ကျော်တောင်..
အတောင်တွေ ချ မနားနိုင်သေးဖူး.
အခုထိ အိမ်ပြန်မရောက်သေးဖူး..
ရုန်းကန်နေဆဲ ကျနော် ကတော့..
သေချာသလား..
ရေရာမလား မသိပေမဲ့
မသေခင်တော့ ပြန်ရောက်ချင်တယ်..
မွေးရပ်မြေ..အလှ ကြည့်ချင်လှသေးတယ်။

အမေ့ရင်ခွင်ထဲက နေ..
ငိုချင်သေးတယ်..
အမကြီးခေါင်းခေါက်တာ ရယ်ကြဲကြဲ
စပ်ဖြဲဖြဲ လုပ်ချင်သေးတယ်..

ပြန်လာမယ်အမေ တနေ့ နေ့ ..
ကျမ်းမာအောင်နေ..မျှော်သာနေ..

မသဒ္ဓါ ( ၇။ ၁၀။ ၂၀၀၉)
မောင်လေးကိုမျိုးအတွက်..မောင်လေးရေ..တနေ့ ဒို့ ပြန်ကြတာပေါ့..

1 comment:

ခြေလှမ်းသစ် said...

ခွပ်ဒေါင်းတဲ့အမရေ .... ခွပ်ဒေါင်းဆိုတာ မသေမချင်း အသေခွပ်တဲ့အမျိုး.. မပီးသေးတဲ့ တိုက်ပွဲအတွက် ခွပ်ဒေါင်းတွေ နောက်ပြန်မလှည့်သေး.. လွပ်လပ်တဲ့ တနေ့ ခွပ်ဒေါင်းတွေ အိပ်တန်းပြန်ကြတာပေါ့.. တိုက်ပွဲဝင်ကဗျာလေးကို မှတ်တမ်းတင်သွားပါတယ်....
ခင်တဲ့
ကိုဇော်

 
/* EOT ----------------------------------------- */