Sunday, April 15, 2012

ဘဘဦးခင်ညွှန့် သို့ 

Photo: Narinjara.com မှ

ကမ္ဘာမြေ ဤလောက.
မွေးရပ်မြေ အနယ်နယ်
ဘာသာ စကားကြွယ်
အသားအရည်၏ အရောင်စုံ
ကိုးကွယ်ရာ. ဘာသာစုံလည်း.
လူ၏သီလ..ကိုယ်ကျင့်ကမ္မ
လူခေါ်စရာ ပိုင်းခြားပါက
လေးမျိုးသော လူစား
သင် ဘယ်အစားမှာ ပါပါလိမ့်။

၁။ ကုသိုလ်မဲ့ရှင်း ဘာဝနာကင်းသူ
ဒါနပေးကမ်း လှုဒါန်းနတ္တိ
လောဘကြီးမား.တွယ်တာရာဂ
အတ္တပူထူ ဤသို့ သူသည်
ပေတ မနုသ လူပြိတ္တာ။
 
၂။ သီလမသိ တဏှာညှိသည်
မှောင်ပိတ်မောဟ တိရစ္ဆာန်မျှသို့
တွေဝေကြသူ
ဤမျှသိသော လူသည် တိရစ္ဆာန မနူသ
တိရစ္ဆာန် အလားသို့ လူ

၃။ လူပုဂ္ဂိုလ်ဖြစ်ညား ကုသိုလ်မဲ့၏။
ဂရုဏာနည်းဘိ ဒေါသ၏ အလို
သူတပါး အသက်သတ်
အကုသိုလ်ဇောကပ်
ဒုစရိုက်သာ ပြုအပ်သောသူ
ငရဲသာလားရာရှိသောသူ
ဤသူသည်ကား
နိရယ မနုသ လူငရဲသား။

၎။ အကြင်သူသည် သိရှိပေ၏
အကုသိုလ် နှင့် ကုသိုလ်
အမှန်နှင့် အမှား၏ ခြားနားပုံ
ကံ၏ အကြောင်း နှင့် အကျိုးတရား
ရုပ်နာမ်၏ မမြဲသောတရား
ဆင်းရဲချမ်းသာ လောကဓံ၏တရား
အိုနာသေခြင်း၏ အစိုးမရခြင်း အမှန်
ပိုင်းခြားသိမြင် ဥာဏ ၀ိဇ္ဇာယှဉ်၏
ဤသည်သာ တော်မြင့်မြတ်သူ
ပရမတ္တ မနုဿ

ပေတမနုသ၊ တိရစ္ဆာန မနုသ၊  နိရယ မနုသ
၃ ပါးသော သင်လူသားသည်
အတ္တကိုစား မောဟကိုပွါး
ဒေါသကို အရံထား၍
အိပ်စားကာမ သုံးဝသောအကျင့်သာကျင့်
လူ့ အဆင့်မမီ လူဖြစ်ရှုံးကြသူများဖြစ်သည်။

ရိုသေရပါသော ဘဘ ဦးခင်ညွှန့် 
ဘဘ၏ မိခင်ပေးသော အသက်ခန္ဓာ
လေ့လာသင်ကြားခဲ့သော ပညာ
ကျော်ကြားသင့်သလောက် ကျော်ကြားခဲ့ပြီးပြီ။
ကောင်းစားသင့်သလောက် ကောင်းစားခဲ့ပြီးပြီ။
မော်ကြွားသင့်သလောက် သင်မော်ကြွားခဲ့ပြီးပြီ။

သင်၏ အောင်မြင်မှုလမ်းပေါ်
သင့်၏ အာဇီဝ လမ်းပေါ်
အမှတ်ထင်ထင်.. အမှတ် မထင်
ထိပါးခဲ့ရသော စတေးရခဲ့သော
ကြွေလွင့်သေပွဲ သူတပါး၏အသက်ခန္ဓာ
ကြေကွဲပူဆွေး ကျန်ရစ်သော မိသားစုတို့ ၏ မျက်ရည်
လူမမယ်ကလေးငယ်များ၏ အဖေမဲ့ အမေမဲ့
ဘ၀ဆိုးခဲ့ အနာဂတ်ယဲ့ယဲ့
သင် မတော်တဆ လုပ်ခဲ့ပါလည်း..
ကံ ကံ၏ အကျိုး..
သင်သည်ပင်..အကျဉ်းစံရရိုး.
ကြမ္မာတပတ် လည်နေသောရဟတ်
သင် မြင်တတ်အောင် ရှုပါလော့

အမှားမြင် အမှန်ပြင်နိုင်ရန်
ခုအခါ တန်ပြီ။
သင်၏ခန္ဓာ ရှင်သန်ဆဲဖြစ်သည်
မသေချာသော မနက်ဖြန်များအတွက်
ပြုခဲ့သော မကောင်းမှုအတွက်
ပြုပြင်ရန် အချိန်၏ကောင်းကွက်
လက်မနှေးစေလို
စေတနာဖြင့် ရိုးသားအလို
ကျမ ဆိုသည်။

ကုသိုလ်နှင့် အကုသိုလ် ကား
ပင်လယ်ပြင်သွားသော ဖောင်နှင့် ၀န်ထုတ်အလား..
ဝန်လေး၍ ဖောင်သေးလျှင် သင်မြုပ်မည်။
ဖောင်ကြီး၍ ၀န်သေးလျှင် သင်ပန်းတိုင်ရောက်မည်။
အကုသိုလ် ၀န်လေးသော သင့်ဘဝ
ဖောင်ကို ကြီးပါအောင် သင်တည်ဆောက်မှ
အပါယ်သို့ မကျစေမည့် အရေး..
ကျမ သတိပေးပါသည်။

အကောင်းဆုံးသော လက်ဆောင်ဖြစ်သော ဓမ္မ
ကျမ လက်ဆင့်ကမ်းပါရစေ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ ဘဘ။
သင့် ဘ၀ ကုသိုလ်ဖြင့် ပြန်စစေချင်သည်။

မသဒ္ဓါ ( ၄။၁၄။၂၀၁၂)

ကျမ ရိုးသားစွာဆိုပါရစေ။ ဘဘအနေဖြင့် လူဘ၀တစ်လျှောက်တွင် ကျော်ဇောထင်ရှားမှု သြဇာ ကိတ္တိမ လည်းရသင့်သလောက် ရခဲ့ပြီးပါပြီ။
သတ်သင့်သည်ထိ သတ်ခဲ့ပြီးပါပြီ။
ကျွတ်တန်းဝင်ဖို့  အချိန်သင့်ပါပြီ။

ဘဘ အနေဖြင့် အသိတရားရ၍ အပြစ်များအတွက် ဖြေဖျောက်ရာ တရားဓမ္မရိပ် တွင် ပျော်ရွှင်စွာ တစ်သက်တာ ရဟန်းဝတ်လိုပါက ကျမ ၏ သမ္မာအာဇီဝ ချွေးဖြင့် ရင်းနှီးရသော ငွေကြေးဖြင့် ရာသက်ပန် ရဟန်းအမအဖြစ်ထောက်ပန့် ရန် ကျမဆန္ဒရှိပါသည်။ မသေမီ ကျန်သော နှစ် အပိုင်းအခြားများအတွက် မည်သည့် လောကီစည်းစိမ်က မှ သင့်အား ကောင်းသော အိပ်စက်ခြင်းအတွက်တတ်နိုင်လိမ့်မည် မဟုတ် ပါ။ အေးမြသော တရားဓမ္မက သာ သင့်အတွက် ခိုနားရာဖြစ်ပါသည်။ သင်သေသော်လည်း. သင့် ဇနီး သင့်သားသမီး သင့်မြေး သင့်ခြံ သင့်နာမည် သင့်ပိုင်ဆိုင်မှု စည်းစိမ်သည် လိုက်ပါမည်မဟုတ်။ ယုတ်စွ အဆုံး သင်၏ ချစ်လှစွာသော အတ္တဘော ခန္ဓာသည်ပင်လျှင် ယိုယွင်းပျက်စီးရမည် ဖြစ်သည်။

ကျမ အနေဖြင့် ငွေရေးကြေးရေး အလွန်ကြွယ်ဝသူ မဟုတ်သော်ညား ( ကိုယ်ပိုင်ကျောင်း။ ကိုယ်ပိုင်ကား မှ လွဲ၍)  အခြားအခြားသော ရဟန်းတစ်ပါး၏ ပရိက္ခရာရှစ်ပါး နှင့် အခြားလစဉ် ကုန်ကျစရိတ်များ ကို ထောက်ပံ့နိုင်သော စေတနာ အင်အား ရှိပါသည်။ သဘောတူညီပါက ဆက်သွယ်ပါ။ ကိုကျော်သူ ထံမှ တစ်ဆင့် ကျမ လှုဒါန်းပါမည်။ ဘဘ နိုင်ငံရေးနယ်ပယ်တွင် တဖန် ခြေမချပါနှင့်တော့။ အပြစ်မဲ့ကလေးများ ၏ ဇီဝိတ္တ ဒါန အသက်တွေ ကျမ အလှုခံပါရစေ။

“စကြာဝတေးမင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။ ဘုရားရှင်၏ မယ်တော်၊ ရဟန်းမယ်တော်၊ ရဟန်းအမ ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှပါ၏”

“ မိထွေးတော် ဂေါတမီ”

REF: http://dhammalayeik.blogspot.com/2011/11/blog-post_26.html
  ကျမတို့  မြင်လိုပါသည်။ သင်သည် မြတ်သော လူသားဘ၀၏ ပိုင်ရှင် ။ အမှန်မြင်လော့။ ရုန်းထွက်တော့။

1 comment:

lammadawphotoat said...

မသဒ္ဓါ ကျွန်တော့်ဘလော့ကိုလည်းလာလည်ပါဦး ဖိတ်ခေါ်ပါတယ်
www.myanmarnewgeneration.blogspot.com
http://lamadawphotoat.blogspot.com/

 
/* EOT ----------------------------------------- */