Tuesday, September 21, 2010

ဗမာဆိုသည်..သခင်မျိုးဟေ့

မြန်မာဆိုသည်..
သခင်မျိုးလား..ကျွန်မျိုးလား..
ဒီမေးခွန်းသာ မေးရင်

အနော်ရထာမင်း ကြားရင်
အရိနမာလှံနဲ့ ထိုးလိမ့်မယ် သေချာတယ်

ဘုရင့်နောင်သာ ဆို..
လက်သည်းကြား..အပ်စိုက်ခိုင်းမယ် သေချာတယ်။

မင်းကြီးရန်နောင်သာ ဆို..
ယိမ်းနွဲ့ ပါးဒါးနဲ့ ဇက်ပြုတ်အောင်ခုတ်မယ် သေချာတယ်။

အနောက်ဖက်လွန်မင်းသာ ကြားရင်
နတ်သျှင်နောင်လို တံကျင်သျှိုသတ်မယ် သေချာတယ်။

အလောင်းဘုရားသာ ကြားရင်
ဖမ်းဆီး ရင်ခွဲ ဆားပက်သတ်မယ် သေချာတယ်။

ဆင်ဖြူရှင်မင်းသာဆို တရုတ်နဲ့ စစ်ပြေငြိမ်းတဲ့ ဗိုလ်မှူးမဟာသီဟသူရ လို
တရုတ်လက်ဆောင် ရွက်ပြီး နေလှမ်းထားမှာသေချာတယ်။

ဒို့ဗမာ အစည်းအရုံးကို တည်ထောင်ခဲ့သူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာဆို
ကွမ်းညှပ်နဲ့ ညှပ်ပစ်လိုက်မယ် သေချာတယ်။

တပ်မတော်၏ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းသာကြားရင်..
ပါးရိုက်ခံရမယ် သေချာတယ်။

ဒို့ ဘိုး ဒို့ ဘွား ..
ဒို့ ဘေး ဒို့ ဘီ ဒို့ ဘင်..
မြန်မာ ဆိုသည်..သခင်မျိုးပေါ့
ကိုယ့်ထီး ကိုယ်နန်း..ကိုယ့်၏ကြဌာန်း..
နယ်ချဲ့ကို ဒူးမထောက်..
အမျိုးဂုဏ် လျှမ်းတောက်ခဲ့တဲ့ ဒို့ ဗမာ..
မှန်ကင်းဟာ...ဒို့ လက်ထက်မှ..ထင်းဖြစ်တော့မလားကွယ်..

ကျည်ဆန် မိုဃ်းပေါက်..
ဒါးတစ်လက်နဲ့ အံခဲတိုက်ခဲ့တဲ့ အင်းဝ..
မင်းလှ ဓနူဖြူ၏ ခံတပ်..
မြေတလက်မ၏ အပေါ်..
စတေးခဲ့သော မြန်မာသွေးစက်..မရေမတွက်နိုင်ခဲ့ပါ..
ဤသည်မှာ သက်သေ..
မြန်မာဆိုသည်..သခင်မျိုးဆက်တွေ

ကိုလိုနီလက်ထက် ဘုရားပရ၀ုဏ် ဖိနပ်စီးတက်တာ..
အမျိုးသားရေး နိုးကြားလာစေတဲ့ ဖိနပ်ပြဿနာ
ကန့် သတ်သင်ကြားတဲ့ ကျွန်ပညာရေး..
သပိတ်မှောက်တာ..ဒါဟဲ့ မြန်မာ
ဂျပန်ခေတ် ဗမာမတွေ စော်ကားတာ..
ဂျပန်တော်လှန်ရေးရဲ့ မီးပွါးတစ်စ..
ဗမာ မှန်..ဒူးမထောက် တော်လှန်ခဲ့ကြ။

မြန်မာ အချင်းချင်း ခေါင်းပုံဖြတ်..
တရုတ်ပေါင်ကပ်..ကုလားနား ကပ်..
မြောက်ကိုရီးယားကို ဖါး..ရုရှ ကို မြှောက်စားသူ
အမျိုးဂုဏ်ယုတ်သော..ဆင်ဖြူမရှင်မင်းတရားကြီး..
ဗမာ့ဂုဏ်ကို ဖျက်ဆီးတာ..ဒို့  ခေတ်ကျ ခေါင်းငုံခံရမလား..
ကြံဖွတ်အလိုတော်ရိ..နိုင်ငံကို တရုတ်ထံရောင်းစားနေသည့်အခါ...

ဟယ်...
ဒို့  သခင်လား..ကျွန်တွေ လား..
ထွီ..ရာဇ၀င် ရိုင်းကြတော့မလား.မောင်တို့ ရယ်။

ဟေ့ ခေတ်မြန်မာတွေရယ်..
ဗမာသွေးသည် နီစွေးရဲ..သွေးမကြဲစေနဲ့ ..
ဗမာမြေသည်..ဘိုးဘွားအမွေ..သင်ပိုင်ဆိုင်စမြဲ။
ဗမာမြေကို မြန်မာသာ ဆိုင်သည် ..သင် ကာကွယ်ရန် စိတ်ဇွဲ
ဘိုးဘွားဂုဏ်ရည် သင့်လက်မှာ..ဒူးမညွှတ်တမ်းဘဲ့ 
မြန်မာဆိုသည်…သခင်မျိုး..သင်မမေ့ စေနဲ့ 


မသဒ္ဓါ (၉။၂၁။၂၀၁၀)
အမျိုးဂုဏ်ကို ဆယ်...
တိုင်းပြည်ကို နွံမှ ကယ်

မြန်မာ ဆိုသည်..သင်..
သခင်၏ အားအင်...
သင်သည်..တိုက်ပွဲပြင်လော့

No comments:

 
/* EOT ----------------------------------------- */