Monday, April 12, 2010

ချစ်သော သမီးသို့  မွေးနေ့ လက်ဆောင်

သင်္ကြန် မိုးပြေးနဲ့ အတူ..
ပိတောက်ဝါပွင့်တွေ နဲ့ အတူ
လူ့ ဘ၀ထဲ ရောက်ခဲ့တဲ့ သမီး..
ခုဆို..တော်တော် ကြီးလောက်ပြီ..

ဒီ အချိန်ဆို..သမီး..ရေကစား..
သင်္ကြန် မှာပျော်နေမလား..

ဆွေမျိုးညာတိ ပေါင်းဖော်ကြား
ပျော်ရွှင်.မွေးနေ့ ပွဲ နွှဲနေတော့မလား

လက်ဖ၀ါးသေးသေးကလေး အုပ်စုံမိုး..
သြကာသ ရှစ်ခိုး ဦးခိုက်နေမလား..

တစက်စက်ကျနေတဲ့ ရေစက်ခွက်..
သမီး လက်နဲ့ ကိုယ်တိုင် ချနေမလား..
အဖေနဲ့ အမေကို ရည်စူး.
အသံစူးစူးလေး နဲ့ အမျှဝေနေမလား..

အမေတူ မျက်လုံးလေးတွေနဲ့ 
ဆံသွယ်လေးတွေ ခွေနွဲ့ ..
အပြစ်စင် အပြုံး..
ဖြူစင်ဆုံး နှလုံးသား.နဲ့ သမီးရယ်.
မြန်မာ..အမှောင်ထဲ ကျနေခိုက်
စိတ်နှလုံးသား ညစ်ပတ်မပေစေပါနဲ့ 
မျိုးရိုးမိဘ၏ ဂုဏ်သိက္ခာ သမီး စောင့်ရှောက်ပေးပါ။

မွေးနေ့ မှာ
အဖေ အမေဆီက လက်ဆောင်မပါလို့ 
နှူတ်ခမ်းစူ..ခြေဆောင့် စိတ်မကောက်လေနဲ့သမီး…

အဖေ ပေးတဲ့ ဥာဏ်ပညာ ဦးနှောက်လက်ဆောင်
သမီး အာရုံ ငါးပါးမှာ လွှမ်းခြုံ လက်နက်..
အမှားနဲ့  အမှန် ပိုင်းဖြတ်ရဲတဲ့ ယုံကြည်ချက်

အမေပေးတဲ့ သတ္တိ သွေးလက်ဆောင်
သမီး နှလုံးသားမှာ နီရဲစွာစီးဆင်းလျှက်..
မတရား အမိန့် အာဏာ ခေါင်းငုံမခံမဲ့  ဆုံးဖြတ်ချက်

ဘ၀များ စတေးထားတဲ့အဖေ နဲ့အမေ..
သမီးအတွက် စိတ်အင်အားကလွဲ..
မှတပါး ပေးစရာမရှိ..နတ္တိမွဲ..

ညညတိုင်းဆို.. အဖေ..
သမီးအတွက် အိပ်ယာဝင်ပုံပြင်တွေ..
ပြောပြောနေမိတယ်..
သမီးရယ် လေပြေတွေထဲမှာ ကြားပါ…

ဟိုးရှေးရှေးက ဗိုလ်ချူပ် အောင်ဆန်း ဆိုတဲ့သူမှာ..
အောင်ဆန်းစုကြည် ဆိုသူ သမီးလေးရှိတယ်..
သူက အဖေ့ ခြေရာနင်းတယ်..

ဟိုးရှေးရှေးက ကိုဂျင်မီ..ဆိုတဲ့သူမှာ..
ဖြူနေခြည်မင်းယု ဆိုသူ သမီးလေးရှိတယ်..
သူလည်းလေ အဖေ့ ခြေရာနင်းမဲ့သမီးလေးပါ..

အဖေ့ မျက်နှာကို သမီး မမှတ်မိပေမဲ့ 
အဖေ့ ရဲဂုဏ်သိက္ခာ.သမီးအမှတ်ရပါ။
သမီးအနားမှာ အမေ မနေနိုင်ပေမဲ့ 
အမေ့ ရဲ မေတ္တာကို.သမီး သတိရပါ။

တနေ့ နေ့ ပြန်တွေ့ မှာ အသေအချာသမီး..
မျှော်လင့်ချက် အပြည့်နဲ့  သမီးယုံကြည်
သုံးတိုင်သော မွေးနေ့  ကိတ်ပေါ်က ဖယောင်းတိုင်..
လေမှုတ်ငြိမ်းကာ..ဆုတောင်းပေါ့..
“ အဖေ အမေနဲ့ သမီး အမြန်ပြန်နေပါရစေတော့ ”

မသဒ္ဓါ ( ၄။၁၂။ ၂၀၁၀)

ဖေဖေ ဦးဂျင်မီ ( ဦးကျော်မင်းယု ကိုယ်စား ) သမီးလေးငယ် ဖြူနေခြည် မင်းယု ၏ ဧပြီ ၁၂ ရက်တွင် ကျရောက်သော (၃ ) နှစ်ပြည့် မွေးနေ့ အတွက် မွေးနေ့ လက်ဆောင်..

1 comment:

ဖိုးခွား(ဘိတ်သားလေး)။ said...

သမီးလေး မဖြူနေခြည်မင်းယု တစ်ယောက်ခုတော့ မိသားစု စုံစုံလင်လင်နဲ့ပျော်စရာဘ၀လေးဖြစ်သွားပြီ။တူမလေးအတွက် ဦးဦးတို့ ဆုတောင်းပေးတာပြည့်ဝသွားတော့ ၀မ်းသာပါတယ် ချစ်တူမလေးရေ။ အဖေ/မေ တွေနဲ့ခွဲနေရတဲ့ ဦးဦးတို့ ဒေါ်ဒေါ်တို့ အားလုံးကိုလည်း တူမလေးပြန်ဆုတောင်းပေးနော်.တူမလေးဆုတောင်းပေးရင် ပြည့်စုံမှာပါ အဝေးရောက် ဦးဦးတို့မျှော်လင့်နေမယ် ကြားလား ချစ်တူမလေး။

 
/* EOT ----------------------------------------- */