Saturday, February 13, 2010

"ဖား " ဖြစ်သွားတဲ့ "ကျား"

သားသားတို့ အဖိုး (ခန့်ခန့်ညားညား ဟိန်းနိုင်ခဲ့တယ်)

သားသားအဖေ ( အစာငတ်သေတော့မယ်)

ငါတို့ အမျိုးတွေရဲ့ ရုပ်ကလာပ်တွေပေါ့


သားရေ..
အဖေကို ခွင့်လွှတ်..
သားကို အဖေအစာဝအောင် ရှာမကြွေးနိုင်တော့ဘူး။

အဖေတို့  အမျိုး..
မင်း ပေါ့သေးသေးမထင်နဲ့ ..ခေတယ် မထင်နဲ့ 
တတောလုံး၏ ရာဇာ
အော်….ကျားဟဲ့ ကျား..ကျား
လူသားတောင် စားခဲ့တာ။

ဟိုးရှေးရှေး..ဘိုးဘွားတွေ လက်ထက်..
တယ်ဘုန်းကြီးတဲ့ တောကောင်ပေါ့
အစင်းကျားကိုယ်ထည် ထက်မြိအစွယ်..
လေလိုမြန်တဲ့ အလျှဉ်.အမဲလိုက်လျှင်
သန်မာခြေ ကိုယ်လုံး..တတောလုံးရဲ့ ဘုရင်..
တောကောင်တို့ ရဲ့အရှင်..

ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ 
ကျားကြီး ခြေရာကြီး.. ကျားရဲရာ ကြမ္မာမယိုးသာ
ကျားရှေ့ မှောက်ရက်လဲ..ကျားသနားမှ နွားချမ်းသာရာရ
ကျားလည်းကြောက်ရ၊ ကျားချေးလည်း ကြောက်ရ
ကျားသေကို အသက်သွင်းလို့ စင်းစင်း သေရ
ကံကောင်းတဲ့ ကျား သွားရင်း သမင်တွေ့
ကျားသေမှ လူစွမ်းကောင်းပေါ်
ကျားလိုက်မှ တုတ်ခုတ်
ကျားချင်းကိုက်ရာ သမင်လမ်းကူးမှား
ဒီစကားပုံတွေ..အဖေတို့ ကြောင့်ရေးကြတာပေါ့
အရင်ကတော့ ကျားဆိုတာ.ဘယ်လောက် အရေးပါထားသလည်း

အရင်က ဆို..
မင်းဘကြီးတွေနေတာ အလောင်းတော်ကဿပဘေးမဲ့တော
မင်းကြီးတော်တွေ နေတာ..ရန်ကုန်တိရိစ္ထာန် ဥယျာဉ်
မင်းအဒေါ်တွေက ဆပ်ကပ်ထဲ show girl တွေ ကော့မော့
ငါသာ မသေချင်လို့ တောမပြောင်း..
ဒီမြစ်ဆုံဇောင်းမှာ မင်းအမေနဲ့ အကြောင်းပါ။
မင်းကို မွေးခဲ့တာ

ကံဆိုးတယ် သားရယ်...
ခုတော့ အဖေ့ လက်ထက်
အုပ်ချူပ်သူတွေ ဒေါ်လာမက်တာ
ကျွန်းတွေ ခိုးခုတ်..ရွှေတွေ ခိုးထုတ်
ထင်းတောတွေခုတ် မီးသွေးဖုတ်တဲ့ စစ်သား
တဖြေးဖြေးတောပါးတဲ့အခါ
မျိုးပြုတ်သွားတဲ့ သမင် ဒရယ်ချေ
မြက်မစားတတ်တဲ့ကျားသတ္တ၀ါ
ဘာတွေ..စားရတော့မှာလည်း။
အဖေနဲ့ သားရဲ့ အစာအိမ်
ကျုံလှီပိန်ကပ် စက္ကူချပ်လိုပြားနေပြီ။
ကျားစာ တောထဲမှာ ဘာမှမကျန်တော့ဘူး။

စစ်တပ်က ရွာမီးရှို့ ..တိုင်းရင်းသားတွေ ရွာလုံးဖြုတ်
ရွာနီးချုပ်စပ် အမဲရှာရန်..နွားတောင်မကျန်
ကျားစာ ရွာထဲမှာ ဘာမှမကျန်တော့ဘူး။

ခုလည်း..ဒီတတောင်တကြော
မြစ်ဆုံပိတ် ဆည်ဆောက်တော့မယ်
တစ်တောလုံး တစ်တောင်လုံး ပိုင်ဖူးခဲ့တဲ့ကျား
နအဖ လက်ထက်မှာ အဖေ တို့ဟာ
သူတို့ လက်ခုတ်ထဲက..ဖား။

ကမ္ဘာပေါ် တဖြေးဖြေး ကျားက ရှားလာပြီ။
အဖေ့အမျိုးတွေ မျိုးတုန်းကုန်ကြပြီ။
မှောင်ခို ဈေးကွက် ..
အရိုးအရေ..အသွေးအသား လက်သည်းအစွယ်..
ခေါင်းခွံ မချန်အောင်ရောင်းကြတယ်။
ဘုရားရေ ကယ်ပါ မြန်မာပြည်မှာ..
ကျားအရောင်ရေ ၁၅၀ သာကျန်တော့တယ် တဲ့..
သားရေ မင်းဖို့ အိမ်ထောင်ဘက်
ကျားမတောင် ရှာရတော့မယ် မထင်ဖူး..
အဖိုးလို.မြေးတစ်ရာ..မြစ်တစ်ရာ
အဖေ မြင်ရတော့မယ် မထင်ပါဘူး.
မြန်မာပြည်မှာကျားဖြစ်ရ…ဒို့ ဘဝ
တောက် တယ်ကံဆိုးလွန်းပါတယ်။

နောင်ဆို..ကျားဆို..အရုပ်သာ ဆွဲပြကြပါတော့..
အစာရေရှား..ရရာသတ်စားတဲ့ပြည်သူ..
ကျားကြောက်လို့ ရှင်ကြီးကိုးတာ
ရှင်ကြီး ကျားထက်ဆိုးတယ်..

သေချင်တဲ့ ကျား မပြောင်းချင်လည်း တောပြောင်း..ခုတော့ ကျားရဲလည်းသေ တောလည်းကြေပြီ။
ရွှေယုန်လေးရေ..သက်ကယ်ရိတ်သွားရန်
ရွှေကျားမရှိတော့တဲ့ ပုံပြင်..ကလေးတွေ ဘာထင်ကြမလည်း.

ယနေ့ မင်းအဖေ..
မနက်ဖြန်မှာ..ငါ့ အလောင်းကို ဒေါ်လာဈေးခေါ်
မှောင်ခို ဈေးခုံပေါ်ရောက်နေမလား..
အဖေ့ အရိုး၊ အရေတွေ မှောင်ခိုဈေး..
ဒေါ်လာပေးမှရတော့မယ်။
မနက်ဖြန်တွေ ဘာမှမရေရာတော့
သားရေ..မင်းကြည့်သာနေတော့..
အဖေတော့ စိတ်လျှော့လိုက်ပြီ။


ကျားကျား သာခေါ်ကြ
အခု ဒို့ က ဖား သားအဖ။


မသဒ္ဓါ (၂။၁၂။၂၀၁၀)

ငယ်ပုံပြင်ထဲက ကျားတွေ အစဉ်သတိရတယ်။ ငယ်ငယ်က အဖေ့ပေါင်ပေါ် အိပ်.သူပြောတဲ့ ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွားတဲ့ ပုံပြင်နားထောင်ရင်း ရယ်သံချိုချိုနဲ့  ကျမ အင်မတန်ပျော်ရွှင်ခဲ့ဘူးပါ တယ်။ တနင်္ဂနွေ ပျော်ပွဲစား ရန်ကုန်တိရိစ္ဆာန်ရုံက ကျားရုံနားမှ ဆော့ခဲ့ဖူးပါ တယ်။
ကျမတို့  မြေးမြစ်တွေ လက်ထက်..သူတို့ ကို ရွှေကျားဆိုတာ ဘယ်အရာ… ပြစရာ ကျားလေး တစ်ကောင်မှ တောင် မြန်မာပြည်မှာမရှိမှာတော့ စိုးရိမ်စိတ် တကယ်ဖြစ်မိပါတယ်။ အစိုးရမင်းဆိုသူများရယ်..လူကိုသတ်မှ နိုင်ငံကိုချစ်တာ မဟုတ်ပါ။ ကျမတို့ နိုင်ငံရဲ့ တောတောင် ရေမြေသဘာဝ..ထိမ်းသိမ်းပေးဖို့  သတိမေ့ နေကြတာကို သတိပြုပေးကြပါ။ လောကမှာ ငါ့  ဗိုက်ပြေ့ရုံ တခုထည်းကြည့်ပြီး အများရဲ့ အနာဂတ်ကို ရောင်းစားရင်..ဒီ သဘာဝလောက ပျက်စီးတဲ့ အခါ လူကြီးမင်းတို့ ရဲ့ မျိုးဆက်တွေ ပါ အတူတူ ခံစားရမှာ သတိပြုစေချင်ပါတယ်။ ငွေတွေ စိန်တွေ ရှိတာလေးနဲ့ ..ဘာမှလုပ်မရတဲ့အရာတွေ အများကြီးမို့  ချစ်စရာလူသားတွေ ရဲ့အနာဂတ်ကိုတော့ မဖျက်ဆီးပါနဲ့ …
ကျားအရေအတွက်ဟာ မြန်မာပြည်မှာ တဖြေးဖြေးနည်းလာပါပြီ။ အထူးဂရုပြု၍ မျိုးမပြုန်းတီးအောင် ကာကွယ်ပေးကြပါ။


မြန်မာ့တောကြောင်များ အန္တရာယ်ရှိနေ
မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၀၈ ခုနှစ် ၁၈ နာရီ ၂၁ မိနစ်

ချင်းမိုင်။ ။ ပြည်တွင်းဥပဒေများ မပြည့်စုံ မလုံလောက်မှုနှင့် ဥပဒေအရ တိကျစွာ အရေးယူမှုများ မရှိသည့်အတွက် မြန်မာ့တောကြောင် များ ၏ အရေနှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများသည် မကြာခဏပင် မြန်မာ့ဈေးကွက် အတွင်းသို့ ရောက်ရှိသွားကြသည်ဟု တောရိုင်း တိရိစ္ဆာန်များ ကုန်သွယ်မှုစောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးတခု၏ အသေးစိတ် လေ့လာချက် တရပ်က ဆိုထားပါသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သော အရှေ့တောင်အာရှ ထရက်ဖစ် (TRAFFIC Southeast Asia Report) အမည်ရှိ အစီရင်ခံစာတွင် အနည်း ဆုံး တောကြောင်ကောင်ရေ ၁၁၅၈ မှာ ၁၉၉၁ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်း မြန်မာ့ ဈေးကွက်များအတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။

အမျိုးသား တောရိုးတိရိစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အကာအကွယ် ပေးထားသော ထင်ရှားသည့် တိရိစ္ဆာန်မျိုးစိတ် ၅ မျိုးမှာ ကျား၊ ကျားသစ်၊ ကျားသစ်လည်ပြောက် (clouded leopard) ၊ ကြောင်ဖြူ (marbled cat) ၊ နှင့် အာရှရွှေရောင်ကြောင် (Asiatic golden cat) တို့ ဖြစ်ကြသည်ဟု TRAFFIC အစီရင်ခံစာက ဆိုထားပါသည်။

ကမ္ဘာ့ တောတိရိစ္ဆာန် ဝယ်လိုအားနှင့် ရောင်းလိုအားကို ဖြည့်ဆည်းသည့် အနေနှင့်၎င်း၊ နိုင်ငံတကာမှ ဝယ်လက်များဖြစ်သော ထိုင်း၊ တရုတ်၊ ထိုင်ဝမ် စသည့် အဓိကနိုင်ငံများမှ ဖောက်သည်များ အဆင်ပြေ လွယ်ကူစေရန် အတွက်၎င်း၊ တောကြောင် အစိတ်အပိုင်းများ ကုန်သွယ်ရောင်းဝယ်မှု ဈေးကွက်သည် အများအားဖြင့် နိုင်ငံတကာ နယ်စပ်များတွင် ရှိကြသည်။

စိတ်ပျက်စရာ ကောင်းလှသည်မှာ မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်မရှိသည့် တိရိစ္ဆာန်များထက် ကမ္ဘာအနှံ့ မျိုးတုံး ပျောက်ကွယ်မည့် အန္တရာယ် ရှိနေသည့် တိရိစ္ဆာန်များကို ဈေးကွက်ထဲတွင် ပို၍ တွေ့နေရသည်ဟု TRAFFIC က ထုတ်ဖေါ် ပြောဆိုထားပါသည်။

မျိုးတုံး ပျောက်ကွယ်တော့မည့် မျိုးစိတ်များ ကုန်သွယ်ရောင်းဝယ်မှုဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းတရပ်ကို လက်မှတ် ရေးထိုးထား သည့် မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ဤ တိရိစ္ဆာန်များနှင့် တိရိစ္ဆာန် အစိတ်အပိုင်းများ တရားမ ဝင်ရောင်းဝယ်မှုကို ကာကွယ်ရန် ဥပဒေအရ တာဝန်ရှိပါသည်။

သို့သော် ဤပိတ်ပင် တားဆီးထားသော ကုန်ပစ္စည်းများကို အများပြည်သူမြင်ကွင်းတွင် ဆိုင်ရှင်များက ရဲရဲတင်းတင်း လွတ်လွတ် လပ်လပ် ရောင်းဝယ်နေကြသည်ကို ကြည့်လျှင် "ဤတရားမဝင် ကုန်သွယ် ရောင်းဝယ်မှုကို တားဆီးရန် တလေးတစား အရေးယူ ဆောင်ရွက်မှု မရှိကြောင်း ထင်ရှားပြီး၊ ယခုပင် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ် ရှိနေပြီဖြစ်သည့် မျိုးစိတ်များကို ဤရောင်းဝယ်မှုများ က ခြိမ်းခြောက်နေကြောင်း မီးမောင်း ထိုးပြနေသည်" ဟု မလေးရှားအခြေစိုက် အဖွဲ့ကြီးက စိတ်ပျက်လက်ပျက် ပြောထားပါသည်။

လေ့လာမှု ပြုလုပ်ခဲ့သည့် ကာလအတွင်း ဈေးကွက်အတွင်း အနည်းဆုံး ကျား ၁ဝ၇ ကောင်ကို ဈေးကွက်အတွင်း တွေ့ရှိခဲ့ပြီး TRAFFIC ၏ ၂ဝဝ၃ ခုနှစ် အစီရင်ခံစာအရ မျိုးတုံး ပျောက်ကွယ်မည့် အန္တရာယ်ရှိနေသည့် တိရိစ္ဆာန်မျိုးစိတ်အဖြစ် သတ်မှတ်ထားသည့် ကျား ကောင်ရေမှာ မြန်မာနိုင်ငံတွင် အကောင်ရေ ၁၅ဝ ထက် မပိုနိုင်တော့ဟု ဖေါ်ပြထားပါသည်။

ဤလျော့နည်း ကျဆင်းလာနေသော ကျားကောင်ရေကို ကာကွယ် စောင့်ရှောက်ရန် ချက်ချင်း အရေးယူဆောင်ရွက်မှုများ မပြုလုပ်လျှင် မြန်မာ့တောများထဲတွင် ကျားများ အစာရှာဖွေ စားသောက် သွားလာနေသည်ကို တွေ့ရတော့မည် မဟုတ်ဟု အစီရင်ခံစာ ပြုစုသူများက သတိပေး ပြောဆိုထားပါသည်။

ဈေးကွက်အတွင်း အများဆုံး တွေ့ရှိရသည့် တောကြောင် အစိတ်အပိုင်းများမှာ အရေ၊ အစွယ် နှင့် ခေါင်းခွံများဖြစ်ပြီး၊ ဝယ်ယူသူများက ဆုလာဘ်အနေနှင့်၎င်း၊ ကံကောင်းစေသည့် အဆောင်အဖြစ်၎င်း အိမ်တွင် ချိတ်ဆွဲပြသထားလေ့ ရှိသည်ဟု ဆိုသည်။

တရုတ်ပြည်မှ ဝယ်လက်များ အလွယ်တကူ သွားလာနိုင်သည့် ထိုင်းနိုင်ငံ၏ မြောက်ဖျားတဘက်ကမ်း၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ တာချီလိတ်သည် မြန်မာ့တောကြောင် ကုန်သွယ်ရေး လုပ်ငန်းကြီးအတွက် တရားမဝင် မြို့တော်ကြီး ဖြစ်နေသည်ဟု ဆိုသည်။

ဤတာချီလိတ်မြို့အပြင် အခြားဈေးကွက်များမှာ ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူ၊ တရုတ်နယ်စပ် မိုင်းလား၊ မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်ထိုရှိ ကျိုက်ထီးရိုးဘုရား ဈေးကွက်များ ဖြစ်ကြသည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။
မဇ္ဈိမသတင်းဌာန မှ

No comments:

 
/* EOT ----------------------------------------- */