Tuesday, June 30, 2009

အမြင့်တက်ခြင်း၏ ဝီရ ရသ

A man full of courage is also full of faith.
ယုံကြည်မှု ပြည့်ဝသူသာ ရဲရင့်
ဘဝမှာ စွန့် စား ဝံ့တယ်.

လှိုင်းကြီးသော်လည်း လှေအောက်..
တောင်ကြီးသော်လည်း ဖ၀ါးအောက်..
ပုဇွန်ဆိတ်ငယ်ငယ် ပင်လယ်ကိုကူးနိုင်တယ်။.
ပက်ကျိနုနုနယ်နယ်.သစ်ပင်ထိပ်ထိတက်နိုင်တယ်။
ပင့်ကူ ငယ်ငယ်.. ဂူခေါင်မိုးပေါ်တက်နိုင်တယ်။
ကြောက်တတ်ရင်လွဲ..ရဲသော်မင်းဖြစ်..
ဒါကြောင့် ကျနော် အမြင့်တက်ဖြစ်တယ်။
ကျနော်က ဗြိတိန်နိုင်ငံသား
အမြင့်တက်သမား Mike Robertson
မြန်မာလူမျိုးကို ချစ်မြတ်နိုးသူ

ကြောက်ရွံ့ ဆုတ်သူ အရှုံးကိုဝယ်သူ
စွန့် ရဲမှသာထာဝရ ရှင်သန်နိုင်မည့်သူ
ခေါင်းငုံခံသူ လူသေနဲ့ ဘ၀မခြား
စိတ်ခွန်အားသည်..ခန္ဓာ၏ ရှေ့ သွား
ဇွဲလုံလ ကိုးစားရှိ.
ကောင်းကင်က ကြယ်ကိုခူးနိုင်၏။
လောကမှာ ဘာမှ မဖြစ်နိုင်တာမရှိဖူး။

အမြင့် တက်ဖူးကြပါသလား.
လေပြင်း ထန်ထန်တိုက်..
ယိမ်းလိုက်တဲ့ ခန္ဓာ..တုန်ခါတဲ့ ဒူးများ
ကျွန်တော် မကြောက်တတ်ဖူး ထင်ပါသလား။
လူဆိုတာ..သေမှာ ကြောက်တာပါဘဲ
အမြင့်တက်ရင်..ဒူးတုန်ချင်ကြတာဘဲ။
အောက်ငုံ့ ကြည့်လိုက်ရင်..အသည်းအူတုန်မြဲ
ကျနော်လည်း လူထဲက လူသား
ပုထုစဉ်သား ဘဲဗျာ။

အရေးကြီးဆုံး အရာက..
လူသားရဲ့ စိတ်စွမ်းပကား
လူလုပ်ထားတဲ့ အဆောက်အဦ တွေ
ဘယ်လောက် မြင့်မြင့်.
ဘယ်လောက် စွင့်စွင့်
ဘယ်လောက်ဘဲ မတ်မတ်
များပစေလေ ဘယ်နှစ်ထပ်
ကြိုးနဲ့  ကရိယာမလို..
စိတ်အင်အားဘဲ လိုတယ်။
ကြိုးစားတက်ရင် ပန်းတိုင်ရောက်တယ်။
ဇွဲဝီရိယသာ..ပဓါနဖြစ်တယ်။
ဒီ ပုံပမာ ကျနော်သက်သေပြတယ်။

အစ ရှိရင် အဆုံးရှိရမယ်
အရှုံးရှိဖူးရင်..အနိုင်ရှိရမယ်။
ရှင်ခြင်းနဲ့သေခြင်း ဆိုတာ
ဘ၀မှာ စိမ်ခေါ်ခြင်းမျှသာ.
စွန့် ရဲသူသာအောင်မြင်ရာ

ချောမွတ်တဲ့ နံရံကြား
သေးငယ်သော အထစ်အဖုများရှိတယ်။
ကွဲအက်ရာကလေးတွေ ရှိတယ်။
ကုတ်တွယ်စရာ..ဖွေရှာတွေ့ နိုင်ပါတယ်။

ဥာဏ်ဝီရိယ ကျိုးကုတ်ခွန်အား
လက်ချောင်းရဲ့ ဆုတ်အား..
ခန္ဓာကိုယ်က ထုတ်တဲ့အား
တဆင့်ချင်း ကြိုးစား.
ဦးနှောက်နဲ့ စဉ်းစား
ခြေချောင်းကလေးများရဲ့ ကုတ်အား..
ဟော..တဆင့်တက်သွားပြီ..
တစ်ထပ်ထက်တစ်ထပ် အမြင့်ထက်ဆီ။
စိတ်သမာဓိအား မြဲမြံ့သောလက်များ
မှန်မှန်သာ ကြိုးစား၊ သက်လုံကောင်း မရပ်မနား.
ယောက်ျားဟေ့ ယောက်ျား..
ပြင်သစ် အီဖဲမျှော်စင်နဲ့ ..
Lloyd’s of London အဆောက်အဦ
ကျနော် တွယ်တက်ပြပါတယ်။
အားမငယ်နဲ့ မြန်မာ..
ကြိုးစားကြပါ..အောင်နိုင်ရာ။
တိုက်ရဲရင်..ရရမဲ့ FREE BURMA
ပန်းတိုင်ဟာ..ကျနော်တို့  အနားမှာရှိတယ်။

မသဒ္ဓါ ( ၆။၂၉။၂၀၀၉)
ဂုဏ်ပြုလေးစားမိပါသည်။

သူ့ရဲ့အကြောင်း အသေးစိတ်
ဗြိတိန်အမြင့်တက်သမား ရဲ့ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန်(Lloyd’s of London) အာမခံ ကုမ္ပဏီကြီး ရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး မြန်မာ နိုင်ငံအတွက် စွန့် စားဆန္ဒပြခဲ့တာပါ။
အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊ ထောက်ကူပြုပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအ ပြည့် ဟန်ကျကျဝတ်ဆင်ပြီးတွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (Mike Robertson) ဖြစ်ပါတယ်။
Mike Robertson climbs the Lloyds building in the City of London, June 18th 2009. It was a protest against Lloyds of London's continuing financial involvement with the Burma generals.


MIKE ROBERTSON CLIMBS EIFFEL TOWER IN NOVMBER 2007 TO PROTEST TOTAL'S ACTIONS IN BURMA. HE ALMOST MADE IT TO THE TOP! A FILM BY NICOLETTA FAGIOLO
အီဖဲမျှော်စင်ကို တွယ်တက်စဉ်ကပါ

ဗြိတိန်အမြင့်တက်သမား မြန်မာ့အရေး စွန့်စား ဆန္ဒပြ
19 June 2009
ဗြိတိန်နိုင်ငံသား အမြင့်တက်သမားတဦးဟာ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန် (Lloyd’s of London) အာမခံကုမ္ပဏီကြီးရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး “Leave Burma” “မြန်မာနိုင်ငံက ထွက်” လို့ အဓိပ္ပာယ်ရတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အခုလိုလုပ်ခဲ့တဲ့အဲဒီအမြင့်တက်သမားကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထား ပါတယ်။
အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊ ထောက်ကူပြု ပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအပြည့် ဟန်ကျကျဝတ်ဆင်ပြီးတွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (MikeRobertson) ပါ။ ဘာ့ကြောင့် အခုလိုလုပ်တယ်ဆိုတာကို သူက ပြောပြရာမှာ…
“လွိုက်ဒ်စ်ကုမ္ပဏီဟာ မြန်မာလူထုအပေါ်မှာ တာဝန်ရှိတာမို့ ကျနော် ဒါကို ရိုးရိုးလေးလုပ်တာပါ။ ဒါ့အပြင် ဒီကနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လည်း ဖြစ်နေတဲ့အခါကြတော့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်သွားတာပေါ့ဗျာ။”
ဗြိတိန်နိုင်ငံမှာ အထပ်မြင့် အဆောက်အဦးတွေ အများကြီးရှိတဲ့ထဲကမှ ဘာ့ကြောင့်လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ ဒီအဆောက်အဦးကိုမှ ရွေးရတာပါလဲ၊ မိုက်ခ်ရဲ့အဖြေကတော့ဒီအဆောက်အဦးထဲမှာ မြန်မာစစ်အစိုးရနဲ့ ငွေကြေးပတ်သက်တာတွေ အများကြီးရှိနေလို့ပါတဲ့။
“အဲဒီ လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ အဆောက်အဦးထဲမှာ မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ဘဏ္ဍာငွေကြေးကိစ္စ ဆက်ဆံတာ တွေ အများကြီး ရှိနေပါတယ်။ သူတို့က အရေးမကြီးသယောင် လျှော့ပြီးပြောနေပေမယ့် ငွေကြေးကိစ္စတွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်သက်နေကြတာပါ။ ဒီ ဗြိတိန်မှာက အမေရိကန်နဲ့မတူဘဲ ဘဏ္ဍာငွေ စီးဆင်းမှုဆိုင်ရာ ပိတ်ဆို့အရေးယူထားတာတွေ မရှိဘူးလေ။ အာမခံတွေ ရောင်းခွင့်ပြုထားပြီး
မြန်မာစစ်အစိုးရရဲ့ လေကြောင်းလိုင်းတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို အထောက်အပံ့ပြုနေပါတယ်။”
လွိုက်ဒ်စ်ကုမ္ပဏီဟာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ၊ သင်္ဘောလုပ်ငန်းတွေကို အာမခံထားတဲ့နေရာမှာ ပတ်သက်လုပ်ဆောင်ပေးနေတဲ့အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန် တိုက်ခိုက်တာကို ခံနေရတဲ့ ကုမ္ပဏီပါ။
အခုလို တက်ခဲ့တဲ့အတွက် မိုက်ခ်ကို လန်ဒန်ရဲက ဖမ်းဆီးပြီး အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးမှု၊ ခွင့်ပြု ချက်မရဘဲ ပိုင်နက်ကျူးကျော်မှုနဲ့ စွဲချက်တင်ထားပြီးအမှုရင်ဆိုင်နေရပါတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရပေမယ့်လည်း မိုက်ခ်ကတော့ နောင်တ မရဘဲ သူ လုပ်သင့်တာကို လုပ်ခဲ့တာပါလို့ ပြောပါတယ်။
မိုက်ခ် ရောဘတ်ဆန်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံကကမ္ဘာကျော် အီဖယ်လ် မျှော်စင်ကြီးကို တက်ရောက်ခဲ့သေးပြီး မြန်မာနိုင်ငံမှာပြင်သစ်ပိုင် တိုတယ်လ်ရေနံကုမ္ပဏီရဲ့ စီးပွားရေး ပတ်သက်နေတာကို လူအများသိပြီးရှုတ်ချပြစ်တင်လာအောင် လုပ်ဆောင်ခဲ့ပါသေးတယ်။

No comments:

 
/* EOT ----------------------------------------- */