Tuesday, November 9, 2010

ထိုးကြေးနဲ့ လျှော်ကြေး..( အနိုင်ဆိုသည် တသက်လုံးပိုင်ရိုးထုံးစံ မရှိ)

မိုက်တယ်ဆိုတာ လွယ်ပါတယ်။ ရူးသွပ်ဆိုးသွမ်းရဲရင်.
တခုတော့ အမွေရလိမ့်မယ်။
ပုပ်အဲ့ လောက်တက် ဖျောက်မရမဲ့ သင့်အမည်။

လိမ်တယ်ဆိုတာ လွယ်ပါတယ်။ အရှက်မရှိတတ်ရင်..
တခုတော့ လှဲလှယ်လိုက်ရမယ်။
ပြန်မရတော့မဲ့ သမာဓိ သင့်သိက္ခာ။

ခိုးတယ်ဆိုတာ လွယ်ပါတယ်။ လက်ရဲတတ်ရင်
တခုတော့ ပေးရလိမ့်မယ်။
အစားမထိုးနိုင်တဲ့ ယုံကြည်မှု။

လူသတ်တယ်ဆိုတာ လွယ်ပါတယ်။ ရက်စက်တတ်ရင်..
တခုတော့ မလိုအပ်ဘဲ ရလိမ့်မယ်။
အိပ်မပျော် အိမ်မက်ဆိုးများနဲ့ သန်းခေါင်ညများစွာ..

နှိပ်ကွပ်တယ်ဆိုတာ လွယ်ပါတယ်။ လူမဆန်တတ်ရင်..
တခုတော့ စတေးရလိမ့်မယ်။
နိမ့်ကျမဲ့အချိန်ကျ..ပြန်ပေးရမဲ့ မင်းအသက်

အမုန်းခံရဲတယ်ဆိုတာ လွယ်ပါတယ်။ မျက်နှာပြောင်တတ်ရင်..
တသက်လုံးတော့ ဆုံးရှုံးရလိမ့်မယ်။
အများက နှစ်လိုလေးစားမဲ့ ချစ်ခြင်းမေတ္တာ။

ငွေရဖို့ ဆိုတာလွယ်ပါတယ်။ ၀ိသမလောဘ ကိုယ်ကျိုးဘဲကြည့်ရင်..
တခုတော့ ရင်းနှီးရလိမ့်မယ်။
ကွယ်ပျောက်လွင့်စင်သွားမဲ့ အခြားသူ၏ စေတနာ။

အနိုင်ယူတယ်ဆိုတာလွယ်ပါတယ်။ ဗိုလ်ကျ ညှင်းဆဲ အနိုင်ကျင့်တတ်ရင်..
တခုတော့ မလိုချင်ဘဲရလိမ့်မယ်။
ထွေးကြမဲ့ တံတွေးစက် နဲ့နောက်ကျောသို့ ထိုးမဲ့ဒါးချက်။

သစ်ပင်ခုတ်တာလွယ်ပါတယ်။ စဉ်းစားဆင်ခြင်သောဦးနှောက်မရှိရင်
ကြာရှည် ပြည်သူ့ဘ၀ ခံစားရမှာက
ပျက်စီးကြေမွ.သဘာဝ၏ ဂေဟဖြစ်စဉ်။

မနာလိုသ၀န်တိုတာ လွယ်ပါတယ်။ အလိမ္မာကြံဆ ကိုယ်ဘာကောင်မှမသိကြရင်
ပြန်ရမှာက..မိမိဖာသာဖိဆီးမဲ့ ပူလောင်စိတ်နဲ့
မဆုံးတော့တဲ့ ၀ဋ္ဋ်သံသရာ

ယုတ်မာရင်စက်တတ်ရင်..ဘာမဆိုလုပ်လုပ် ဖြစ်နိုင်သေးတယ်။
ကြောက်လို့ ငုံ့ ခံတယ် မတွက်နဲ့ ..
ဖိလေကြွလေ..ရေနွေးငွေ့ တောင်တွန်းအားရှိတယ်။
နင်းလေသန်လေ..မြက်ပင်တွေတောင် အားအင်ရှိတယ်။
မမြဲသောတရားသာ အစဉ်မြဲသောတရား..
ရောမကို တစ်ရက်နဲ့ ဆောက်မရပေမဲ့..
တညနဲ့  မီးလောင်မြိုက် အဆုံးသတ်နိုင်တယ်။

ဂျင်ဂျစ်ခန်ပိုင်ဆိုင်ဖူးတဲ့ မွန်ဂို အင်ပါယာ
သူသေသောအခါ မလိုက်ပါ။
ဟစ်တလာ နဲ့အာဏာစက်
နောက်ဆုံးပေးလိုက်ရတာ သူ့ သွေးစက်။
သချိုင်းပြစရာ နေရာမရရှာ..
၂၆ နှစ် ဥက္ကဌကြီးဦးနေ၀င်းရဲ့အလောင်းပြာ။

စားနိုင်တုန်းအခါ..စားကြပေါ့၊
တက်ထောင်နိုင်စဉ် တက်ထောင်ကြပေါ့
အရော်နဲ့  အစား အနိုင်ယူရန်..
ရင်းနှီးရမဲ့ သင့်အရှုံး..
မတရားသူ၏ နိဂုံး…
ဘယ်အာဏာရှင်မှ ဇာတ်သိမ်းကောင်းရိုးထုံးစံမရှိ..
နောက်ဆုံးပိတ်မှာ..ဘယ်သူနိုင်နိုင်..
ငွေရောင်ပိတ်ကားပေါ်..ဆက်ကြည့်နိုင်ပါ၏။

မသဒ္ဓါ ( ၁၁။၉။၂၀၁၀)။

1 comment:

ဖိုးခွား(ဘိတ်သားလေး)။ said...

မကြီး မသဒ္ဒါ ရေ..ဒီကဗျာလေးကိုအရမ်းကြိုက်တယ်။ ကျွန်တော့်ကို မသဒ္ဒါ နာမည်နှင့်ဘဲ ပြန်လည်အသုံးပြုခွင့်ပေးပါခင်ဗျား။

 
/* EOT ----------------------------------------- */