Saturday, November 6, 2010

မပြောင်းလဲသော နိယာမ..

ထင်းမီးပုံထဲ…ဖွဲလောင်းထည့်လိုက်ရင်…
မီးညွန့် ပျောက်သွားတာ တခဏလေးဘဲ..
မြေ့မြေ့လောင်ကျွမ်း မီးခိုး တအူအူ..
အပူကတော့ အပူဘဲ..
အချိန်မရွေး...အန္တရာယ်။

အဆိပ်ရည် ကို ပုလင်းထဲကနေ
ခွက်ထဲ လောင်းထည့်လိုက်တယ်..
ထည့်တဲ့ခွက်အလိုက်..ပုံစံတွေ ပြောင်းသွားတယ်…
အဆိပ်ကတော့ အဆိပ်ဘဲ…
အာနိသင်က..အန္တရာယ်။

တတ်ထားတဲ့ ၀ါးကျည်တောက်သာ ဖြုတ်လိုက်ရင်..
ခွေးမြီးကလေးကတော့ ကောက်စမြဲ…
မွေးရာပါ..ကောက်ကျစ်တဲ့ ဗီဇကို
ပတ်ဝန်းကျင်က..မဖျောက်နိုင်ဖူး..

မြွေတွေ အရေခွံ ချွတ်လိုက်ရုံနဲ့ ..
အဆိပ်တွေ မပျောက်နိုင်ဖူး..
ပိုကြီးထွားမဲ့ ခန္ဓာ..ပိုစားနိုင်တဲ့အာသာ..
မြွေဟာ..မြွေပါဘဲ။
 

သူတို့ တတွေ ဘောင်းဘီစိမ်းချွတ်.
ချိတ်ထမီ စွပ်လိုက်ရုံ..
အယောင်ဆောင်ရွှေမှုန်ကြဲ..
အာဏာရှင်က အာဏာရှင်ဘဲ..

မတွေဝေနဲ့ ..မယုံကြည်လေနဲ့ .
မြစ်တို့ သည် ကောက်ကွေး.
အာဏာရှင် ပန်းချီရေးမဲ့ သွေး..
ငါးမရလည်း.. ရေချိုးပြန်..
ပေါင်းစားချင်သူ အမတ်မင်းအတ္တထန်ပေမဲ့..
ကျောမွဲပြည်သူ..
ဘယ်သူလာကူပါ့မယ်။

လွတ်လပ်ချင်ရင် ကြိုးစားကြ
အမျိုးချစ်ရင်..ရုန်းကန်ကြ..
လည်ချောင်းသွေးဘဲရင်းရ ရင်းရ..
ဘ၀တွေဘဲခင်းရခင်းရ..
ဝိညာဏ်တွေဘဲ စတေးရ..စတေးရ..
အနာဂတ်ကို လိုချင်..
ယနေ့  ပေးဆပ်ရမည်။

ရှိတာကိုင်စွဲ..အားလုံး သူပုန်ထ..
အာဏာရှင်ကို ဖြုတ်ချကြ
နိုးထကြလော့ အသင်ပြည်သူ..
မနက်ဖြန်သည်..သင့်၏ဆုလာဘ်..
အမှောင်ကို ဖြတ်ရဲသူသာ..အလင်းရောက်..
မြင်ကြရမဲ့ ထွက်ပေါက်..
တနိုင်ငံလုံး လွတ်မြောက်မည်။..

မသဒ္ဓါ (၁၁။၆။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */