Tuesday, September 29, 2009

ရောက်ရာအရပ်က ဆက်သွယ်ပါ။


ဒီနေ့ ဆို နှစ်နှစ် တင်းတင်းပြည့်ပြီပေါ့..
သူ ဖြုတ်ချည်း ပျောက်သွားခဲ့တာ..
မနေ့ တနေ့ ကလိုဘဲ လို့ ထင်တယ်။
ကုန်လွယ်မေ့ ပျောက်တတ်တာ..
သဘာဝ ပေမဲ့…
သိချင်တယ်..သူဘယ်သူလဲ..
စက်တင်ဘာမိုးပေါက်နဲ့  အတူ
လမ်းမပေါ် ပျောက်သွားတဲ့ ကလေးရယ်။

၂၀၀ရ စက်တင်ဘာလ..ရွှေဝါရောင်အစမှာ..
ကျမကို လာဆက်သွယ်လာတဲ့ ရဲဘော်တစ်ဦး
တောင်ပန်ကျိုးဌက် တဲ့ သူ့  အမည်ဝှက်
အင်တာနက် စေတနာ့ဝန်ထမ်း သတင်းပေးဖက်
ကျောင်းသားလေးတစ်ယောက် လို့ သူဆိုပါတယ်..

" မကြီးရေ..
ကျနော်တို့  လူငယ်တွေ အတွက်..
မရှိတာ အနာဂတ်..
လုပ်စားဖို့  ကျန်တာ..
မိန်းမဆို ပြည်တန်ဆာ..
ယောက်ျားဆို ..စစ်သား..
ဈေးဖိုး မရှိ..စွမ်းအားရှင်လုပ် လူရိုက်စား..
ဘွဲ့ ရလည်း အလုပ်မရ..
နိုင်ငံခြားမှာ ကျွန်ခံကြရ..
ပြည်တွင်း ကျန်ရစ်သူတွေ
အမှိုက်ကောက်စား..
မရေရာတဲ့ အနာဂတ်ကြောင့်
ဘုန်းဘုန်းတွေ သပိတ်မှောက်ပြီ။
အသက်စွန့် မှ လွတ်လပ်ရေးရမယ်ဆို..
ကျနော် အသက်..ဆယ်ပြန်ထွက်ပစေ..
စတေးရန် အသင့်…
ကျနော်ဖြစ်ချင်တယ်…လှို့ ဝှက်ရဲဘော် အမှတ် (၁) "

နာဂါအိကို ပစ်သတ်တဲ့နေ့ က..
ဆူးလေ ဘုရားလမ်းပေါ်မှာ သူရှိတယ်.
ရှိစုမဲ့ မုန့် ဖိုးလေးကိုရင်း
အင်တာနက်ပေါ် သူသတင်းပေးတယ်။

“ မကြီးရေ..ပစ်တော့မလားမသိဖူး..
မြို့ တော်ခန်းမထဲမှာ..ရဲကားတွေ အချူပ်ကားတွေ
သံချပ်ကာကားတွေ အပုံကြီး.”
နာကာအိ ကို ထိတဲ့အခါ..အရင်ဆုံး သတင်းပေးတာသူ..
" မကြီးရေ..ပစ်တယ်ဗျ..ပစ်တယ်..
ရက်စက်တယ် ဗျာ.
တယောက်လဲ သေသွားပြီ
ထိသွားတာ ကိုရီးယား ဂျပန် တရုတ်..ဖြစ်မယ်။
ဘောင်းဘီတိုဝတ်..ယောက်ျား မြန်မာမဟုတ်ဖူး..
တော်တော်ယုတ်မာတဲ့ စစ်နအဖ
ဒေါင်းအလံနဲ့ ကျောင်းသားလေးထိသွားပြီ အမရယ်..
ဆေးရုံကားလည်း မရှိ. စစ်ကားတွေဘဲ ရှိတယ်..
ကုပေးမယ် မထင်ဘူး..
မသေမရှင် မြစ်ထဲလွှင့်ပစ်မယ်ထင်တယ်
၈၈ တုန်းက ကျနော့ အကိုကြီးကြုံဖူးတယ်။
ကြက်ခြေနီကို ဘယ်လိုခေါ်ရမလဲ
ဖြစ်နိုင်ရင်..ခေါ်ပေးပါ အမ…"


ဆို့ နင့်တုန်ယင်..သူလေသံ..
မျက်ရည် ကျငိုတဲ့ သံ
တက်ခေါက်..နာကျည်းတဲ့ အသံ..
" အမလေး အမရယ်...
ဒီလိုဘဲ ကြည့်နေကြတော့ မလားအမ…
တခုခု လုပ်ကြပါဦး..မျက်ရည်ယိုဗုံးငွေ့ တွေ မှောင်ပိတ်..
သေနတ်သံက အတွဲလိုက်..
ကျနော်တို့  ဘုန်းကြီးတွေ သေကုန်ပြီ..
လုံထိန်း သံဒုတ်တွေနဲ့ အသေရိုက်နေပြီ..
သွေးရောင်နီ ဦးဏှောက်ဖွေးဖွေး..
အမရယ်..ရန်ကုန်မြို့လည်ခေါင်..စစ်တလင်းဘဲ။"
ပြောရင်း သူက ငိုချတယ်.။

" သားရယ် မငိုပါနဲ့ 
မကြီးလည်း အဝေးမှာ..
ဘာမှမတတ်နိုင်တာ ခွင့်လွှတ်ပါ။
စစ်အာဏာရှင် လက်အောက်..
ဒို့ အားလုံး ကျွန်သဘောက်ဘဲ..
ရဲရင်သူတွေ အသက်စွန့် တယ် တိုင်းပြည်အတွက်..
ပေးဆက်တာ..သားတို့ အနာဂတ်အတွက်."


ခဏ..သူငြိမ်သွားတယ်…
ပြီးမှ..သက်ပြင်း၀၀ရှူရင်း..

“ကဲ အမ ရေ..ကျနော်တော့ ရပ်ကြည့်မနေနိုင်ဖူး..
သေရင်လည်း မြေကြီး..ရှင်ရွှေထီးပေါ့..
ကျနော် ယောက်ျားပါ အမ..
တိုင်းပြည်အတွက်…တခုခု လုပ်မှဖြစ်မယ်..
ဒီလူအုပ် ရေစီးကြောင်းထဲ
ကျနော် လိုက်သွားတော့မယ်.
မသေရင် ပြန်လာ..ကျနော် လိုင်းပေါ်တက်လာမှာပါ..
မတွေ့ တော့ရင်တော့ ကျနော် သေပြီသာမှတ်
ကျနော် အတွက် မစိုးရိမ်နဲ့ ..
လွတ်လပ်မှသာ အမျှဝေ..ကျနော် ဒီနားမှာ ဘဲရှိနေမှာပါ”

ပြောပြီး..သူပျောက်သွားတယ်…
အဲဒီနေ့ က စ..
မသဒ္ဓါ ဒီကလေးကို မတွေ့ ရတော့ပါဘူး..
လုံခြုံရေးစည်းကမ်း အရ..သူနာမည်လေး..
မသဒ္ဓါ မမေးလိုက်ရပါဘူး..
နေ့ တိုင်း online မှာ..
သူလာမလား ရှာတာ ၂နှစ်ကြာခဲ့ပြီ။

သူ သေသွားတာ မဖြစ်ပါစေနဲ့ ..
အဖမ်းခံရ..ရိုက်နှက် စစ်ဆေးရင်း သူမသေပါစေနဲ့ 
အချုပ်ကျ..ထောင်ထဲ ရောဂါရ မသေပါစေနဲ့ ..
အမြဲတမ်း ဆုတောင်းပေမဲ့..
သူ ကတော့ ပျောက်နေဆဲဘဲ..
မလာတော့ မှန်းသိနေလည်း မျှော်နေဆဲ။။

သူ ဘယ်သူလည်း..သူဘယ်အရွယ် လည်း
သူ ဘယ်လိုပုံသဏ္ဍန်ရှိပါလည်း
သူဘယ်မှာ ရှိနေပါသလည်း.
..သူ့ မိဘတွေ မှသိရဲ့လား..

ပြန်တွေ့ မတွေ့  မသေချာပေမဲ့..
ခုထိ..လူပျောက်ရှာနေခဲ့
လွတ်လပ်ရေး မရမချင်း..
မသဒ္ဓါ အမျှမဝေသေးပါဘူး မောင်ငယ်..
ပျောက်ဆုံးသွားတဲ့ ရဲဘော်ရဲဘက်…
အသက်ရှိသေးရင်..ဆက်သွယ်ပါ..
ဒီမှာ…မကြီး စောင့်နေပါတယ်။။

မသဒ္ဓါ (၉။ ၂၈။၂၀၀၉)

တကဲ့ ဖြစ်ရပ်မှန်ပါ..သူပေးတဲ့ live သတင်းတော်တော်များများ မသဒ္ဓါ c box တွေ မှာ လိုက်တင်ပေးပါတယ်။ အဖမ်းခံရင်..ထောင်နှစ်ရှည်ကျမှာ သိပေမဲ့ ရဲဝံ့စွာ သူမကြောက်ပါဘူး။ သေနတ်ထိပြီး နာကြင် သွေးပျက်နေတဲ့ လူအုပ်ကြီးထဲ..တခုခု ကူညီိပေးဖို့  ခဏ ဆိုပြီး သူ ထသွားလိုက်တာ..သူ့ ကို ပြန်မတွေ့ ရတော့ပါဖူး။
လုပ်ဖော်ကိုင်ဖက် အမည် မသိ ..အာဇာနည် မောင်ငယ် တဦးအတွက်..မသဒ္ဓါ စိတ်ပူပါတယ်.
မောင်လေးငယ်...မကြီး ဒီနေရာမှာ စောင့်နေပါတယ်။ ဒီကဗျာ ဖတ်မိ..သူရှိနေသေးရင် ဆက်သွယ်ပေးပါ။

No comments:

 
/* EOT ----------------------------------------- */