Saturday, September 26, 2009

တစ်ခိုင်ထဲက သစ်သီး..တစ်စည်းထဲကထင်းချောင်းများ


ရှေးသရောအခါ..ဘုရင်တစ်ပါး..
တောကစား လမ်းမှား..
ရွာတစ်ရွာ နားရောက်ခဲ့တယ်။

ရွာအ၀င်ဝ
မန်ကျည်းပင်ပေါ်က ကျေးသား..
ထိတ်လန့် ဖွယ်ရာ စကားနဲ့ ကြိုဆိုတယ်။။
“ ဟေ့ လာကြ ၀ိုင်းကြ.
ဓါးလှံ လက်နက်စွဲကိုင်ကြ..
ရွာအ၀င်ရောက်လာတဲ့ လူစိမ်းဧည့်သည်..
ဖမ်းကြ ဆီးဟ..
လုယက်သတ်ဖြတ်ကြလော့”

ကြောက်လန် စွာဖြင့် ဤဘုရင်..
ထို ဓါးပြရွာက ဖဲကြဉ်

များမကြာခင်..ရွာ တစ်ရွာသို့ အ၀င်..
စေတီတော်နဲ့ ဆည်းလည်းရိုက်သံ
ညောင်ပင်ရိပ်က..ကျောင်းသင်္ခဏ်း.
စမ်းကျရေသို့  အေးသော အသံတစ်သံ
လိမ်မာ ရိုကျိုး...
ယဉ်ကျေးသောကျေးငယ်ပျို
နှုတ်ခွန်းဆက်ဆိုတယ်။
“ ကြိုဆိုပါတယ်အသင် မင်းကြီး..
ထိုင်ပါ..နားပါ..ညောင်စောင်းဖျာ
သောက်တော်မူပါ. စမ်းရေချို..
သုံးဆောင်တော်မူ ..ချိုမြိန်သောသစ်သီး
ရှင်ရသေ့ များ ဆွမ်းခံသွား..
မကြာခင် ပြန်လာပါလိမ့်မည်။
စိတ်လက်သက်သာ
သင်နှစ်သက်သလို အပန်းတော်ဖြေ”


ကျေးချင်း တူသော်လည်း
စရိုက်ခြား မတူ
ယုတ်မာသူ နှင့် ယဉ်ကျေးသူ

ဤ..ဇာတ်ပေါင်းခဏ်း၏ အဖြေ
တမိပေါက်သား.. မိဘဖွားသော
ညီရင်းအစ်ကို ကျေးသား ပျိုသည်
လေပြင်းမိုးကျ..ကွဲခဲ့ရ၏။

ခိုးသားလက်ရောက်..ကျေးငယ် မောက်မာ..
ကြမ်းတမ်းစွာ၏။
သူတော်စင်လက်..ဓမ္မစက်အောက်
ကျေးသားငယ်သည်…ယဉ်ကျေးပါ၏။
ဤ သို့ ဤနှယ်..
ဝန်းကျင်နယ်သည်..စိတ်ကျင့်ကောင်းဆိုး
အရောင်ဆိုး၏။

ဥပမာထား. တရားရစေ။
အို မိတ်ဆွေတို့ 
ကျွန်ုပ် နှင့် သင်.
သွေးကျွမ်းဝင်၏..
တရေထဲသောက်..တလှေထဲစီး
တခရီးနှင်..ဒို့ လျှင် မြန်မာဖြစ်တော့၏။

အမောင်စစ်သည်..
အမောင် ပါးကွက်သား..
အမောင် စွမ်းအားရှင်..
စဉ်းစားပါလေ..ဆင်ခြင်လေရော့
ခြနှယ် လှိုက်စား..အမျိုးဖျက်သား..
ဘာသာကို ဖျက်ဆီး..သူယုတ်ကြီး ဟု.
သင်သည် ရာဇ၀င် ထိုးမည်လော..
သင့် အူမတချောင်းတောင့်ရန်..
သူတပါးတို့ ၏ မျက်ရည်..သင်ခြေဆေးမည်လော
တအူတုံဆင်း မြန်မာအချင်းချင်း
ညီအကိုရင်း ရိုင်းပင်းကူညီ..ရှိသင့်ပြီ..
ခိုးသားလက်က ကျေး..အသိရှိသင့်သည်။

မသဒ္ဓါ (၉။၂၆။၂၀၀၉)

No comments:

 
/* EOT ----------------------------------------- */