Wednesday, May 20, 2009

အဖေတူသမီးအတွက်.အဖေ့ရဲ့ salute တစ်ချက်

ဖခင်နဲ့ တူသောသမီး ဆိုတာ
ဘ၀မှာ ကောင်းစားကြီးပွါးတယ်တဲ့
မြန်မာ့ ဆိုရိုးရှိတယ်။

ရွှေငွေ အမှုမထား
နာမည်ကောင်းအရေးထား
သိက္ခာ နဲ့ နေ..
သိက္ခာနဲ့ သေချင်သူအတွက်
ပီတိကို စား
ဂုဏ်သိက္ခာပွါးများစေလိုသူ အတွက်
သမီးရေ..
အဖြူရောင်နာမည်တစ်ခု ဆိုတာ
တန်ခိုးရှိန် ရွှန်းကြည်ပ
ကြွယ်ဝတဲ့ သြဇာကိတ္ထိမ
သူ့ အလိုလို ဘယ်မရ
ငွေပေး ၀ယ်မရ
လုယက် အနုကြမ်းစီးမရ
ဘယ်သူမှ ခိုးလို့ မရဖူး။
မေတ္တာပေးပါမှ မေတ္တာရတယ်။
ဘ၀နဲ့ စတေးမှ နာမည်ကောင်းရတယ်။

ချောင်းရိုး မြောင်းရိုးသာ
တိမ်ကောရိုး ရှိ
နတ်မောက်မြို့ သူကြီး၏ မျိုးရိုး
သခင်အောင်ဆန်း၏ မျိုးရိုး..
တိမ်ကောခြင်း အလျှဉ်းမရှိ..
ဇာနည်သွေးအရောင်သည်..
အနီရောင်ပကတိ..ရဲရဲတောက်၏။

ဇာတိမြေ..သူ့ ကျွန်မခံနိုင်ရေး
မချစ်မနှစ်သက်သူနဲ့  ဒါးတစ်ချက်
ပေးဆပ်ခဲ့တာ..
အဖိုးရွှေလရောင်ရဲ့ လည်ချောင်းသွေးသက်သေ

အားနည်းသူဖိနှိပ်ခံ လူသိန်းသန်းတို့ အတွက်..
မနာလိုသူတွေရဲ့ ကျည်ဆန်တစ်ချက်
ပေးဆပ်ခဲ့တာ
အဖေ၀ိညာဉ်မဲ့  ခန္ဓာက သက်သေ

ချစ်ခင်မြတ်နိုးတဲ့ မြေ..
လေးစားတဲ့ လူတွေ အတွက်
အဖိုးကြီးတဲ့ ခေါင်းဆောင်မှု
ဘ၀နဲ့ လဲလှယ်ရတဲ့ လွတ်လပ်မှု
ပေးဆပ်ခဲ့တဲ့ ချွေးနဲ့ သွေး
ကုန်ဆုံးသွားတဲ့အချိန်တွေ အတွက်
နောင်တ ဘယ်တော့မှ မရနဲ့ သမီး..

လစ်ဟာခဲ့တဲ့ မိသားစုတာဝန်
ချစ်ခင်သူရဲ့သေအံ့မူးမူး အချိန်တွေအတွက်
အံ့ကြိတ် ခံစား..
ချစ်လင်ရယ် နားလည်ပေးပါ…
သားတို့ ရယ် နားလည်ပေးပါ…
တီးတိုး လေပြေထဲမှာဆိုခဲ့
သမီး ဇာတ်နာတာ အားလုံးနားလည်တယ်။
သမီးကို အများချစ်တာ ပြည်သူသိတယ်။

အဖေ..ဂုဏ်ယူတယ်သမီး..
မြင့်သော သစ်ပင် လေတိုက်ခံရတယ်..
ချိုသော အသီး ပိုးထိုးခံရတယ်..
အောင်မြင်သောသူ..ခြေထိုးအမြဲခံရတယ်။
လူကောင်းဆိုတာ လူဆိုး မျက်မုန်းကျိုးခံရတယ်။
ဒါ..ဂရုစိုက်စရာကို မလိုဖူး။

မမြဲတဲ့ သဘာဝတရား
ပြောင်းလဲသောဇရာ
လူဆိုတာ တနေ့ သေတယ်.
အမည်ကောင်းကိုသာ ရာဇ၀င်ထဲမှာ ချန်ထားရစ်ခဲ့

ဘာမှ အားမငယ်နဲ့ .သမီး..
အဖေ သမီးအနောက်မှာ အရိပ်လိုရှိတယ်။
အဖေ့  သွေးတွေ
ဧရာဝတီ ရေ အလျှဉ်လိုဘဲ
သမီးသွေးကြောတွေထဲ စီးနေဆဲ
အောင်ဆန်းသွေး မခဲသေးဖူး သမီး။
အာဇာနည်သွေးဟာ ရဲနေဆဲဘဲ သမီး။

အမှန်တရားအတွက်
အမှောင်ထဲက ငရဲရက်တွေထဲ
လောကဓံဆိုတာကို ရဲရဲသာ ရင်ဆိုင်ခဲ့..
ဘယ်လောက်ပဲ
အာဏာသားက လီဆယ်..လီဆယ်
သက်သေ အထောက်အထား
နံရံတွေ မှာ နားရှိတယ်..
သမီးရေ..မကြောက်နဲ့ ။

လေကိုဆန်..ပျံလိုက်သမီး..
ဟိုးအဝေးမှာ ကမ်းရှိတယ်။
ကန္တာရကို ဖြတ်သန်း..ပျံလိုက်သမီး..
ဟိုးအဝေးမှာ စမ်းရှိတယ်။

အမှန်ဆိုတာ
အဖုံးမပါတဲ့ အိုးလေးတစ်လုံး
တရားဥပဒေ ဆိုတာ..
သေးငယ်သောလည်း ခိုင်တဲ့ သံကြိုးတချောင်း..
ရဲဝံ့စွာ ပြိုင်ဖက်ကို ရင်ဆိုင်..
အမှန် ဆိုတာ အမြဲနိုင်တယ်..
လောကရဲ့ နိယာမအလည်။..
အလာနှေးပါလည်း အဆုံး သေချာတယ်။

ကဲ ရှေ့ ကို ဆက်ကာ သာလျှောက်…
ပန်းတိုင်ရောက်ထိအောင်
ရဲဝံ့တည်ကြည်
အဖေတူသမီး..အောင်ဆန်းစုကြည်.
အဖေ လေးစားစွာ အလေးပြုပါသည်။

မသဒ္ဓါ (၅။၁၉။၂၀၀၉)
တကယ်လို့ များ..အခုနေ..ဖခင် ဗိုလ်ချုပ်အောင်ဆန်းသာ သမီး ဒေါ်အောင်ဆန်းစုကြည် အနားမှာ ရှိခဲ့ရင်..ဘာတွေပြောဆို ဘယ်လို အားပေးမလည်း ဆိုတာလေးကို ခံစားကြည့်ပြီး ဤကဗျာကို ရေးကြည့်ပါတယ်.. မှားခဲ့ရင် ခွင့်လွှတ်ပေးပါ။ ကျမရဲ့ ချွတ်ယွင်းချက်။ ကျမရဲ့ ဥာဏ်ရည် မမီတာသာ ဖြစ်ပါလိမ့်မယ်။ ခံစားကြည့်ပါ. ကျမ ရဲ့ လူပြိန်းခံစားမှု လေးတစ်ခုကို။

2 comments:

ဂျူနို said...

သိတ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ။
ခံစားပြီးရေးထားတာ ရင်ထဲရောက်တယ်။
ဗိုလ်ချုပ်သာရှိနေရင် ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
အာဏာမက်ပြီး သွေးရုးသွေးတန်းလုပ်နေတာကိုးက သူတို့ ရဲ့ ကြောက်ရွံမူ့ ကိုပြနေတာပဲ။
ခံစားရတယ်။

Unknown said...

Burma shall be saved in the name of " Aung San "

 
/* EOT ----------------------------------------- */