Friday, April 8, 2016

အာရုဏ်ဦးသို့  ကြိုဆိုခြင်း


ယုံကြည်ပါ။
ဒီနေ့  အမေ သိပ်ပျော်ပါတယ်
ကလေးတို့ ရေ။

ငါးတွေ လွှတ်တဲ့ အခါ
ခိုတွေ လွှတ်တဲ့အခါ 
ခံစားဖူးတဲ့ ပီတိ
အမေတို့  အားလုံး သိကြပါတယ်။

လှောင် ချိုင့်ထဲက ကျဉ်းကျ ဝေဒနာ
အမေ ကိုယ်တိုင် ခံစားဖူးတဲ့အရာ။
ကိုယ်လက်နာကြင် နှိပ်စက်ခြင်းရဲ့ဒဏ်ရာ
အမေ ကိုယ်တိုင် ကြုံတွေ့ ဖူး တဲ့အရာ။
ချစ်ခင်သူများနဲ့  ခွဲခွါရတဲ့ ၀ဋ်ကံနာ
အမေ ရင်းနှီးခဲ့ ဖူးလို့ ပါ။
အာဇာနည်များရဲ့ စွန့် လွှတ်ခြင်း ပါရမီ
အမေ ရင်နဲ့ အမျှ နားလည် ခဲ့ပါသည်။

ကဲ..အခု
အမေရဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော အိမ်မက်
မနက်မိုးသောက် ရောင်နီနဲ့ အတူ
မြန်မာ နိုင်ငံသို့  အလင်းတန်းလက်
နေ့ သစ်အတွက်
အာရုံတက် အုန်းမောင်းမြည်။

အမေ ကို
တရားဝင် ပြည်သူပေးတဲ့ အာဏာစက်
အမေ လက်နဲ့ သုံးနိုင်ခဲ့ပြီ။
လှောင်ချိုင့် တံခါးကို ဟင်းလင်း
လွတ်လပ်ခြင်းရဲ့  အရသာ
သားသမီးတို့ ရယ် ၀မ်းမြောက်ကြပါ။

ဒီကနေ့ က စ
ပြာပုံထဲက အားလုံး နိုးထ
ဒို့ တတွေ အလုပ် လုပ်ကြရတော့မည်။

အားသစ်နဲ့ ချီ. မိုးဆီပျံမဲ့ ဇာမဏီ ဒေါင်းဌက်
တောင်ပန်ခတ် အသင့်ပြင်
တယောက်တလက် ရဲ့  အားအင်သစ်
မြန်မာ နိုင်ငံအသစ် ကို တည်ကြရအောင်။
မသဒ္ဓါ ( ၄။၇။ ၂၀၁၆)

No comments:

 
/* EOT ----------------------------------------- */