Friday, January 8, 2010

ဒဏ်ရာတွေ..ရင်နဲ့ အပြည့်..

အဝေးရောက်နေတဲ့အခါ..
အမိမြေကို လွမ်းလိုက်တာ

လေမှာဝဲတဲ့ လက်ပံပွင့်..
မြူခြေဆိုင်းတဲ့ ရိုးမတောင် အဆင့်ဆင့်
ကြည်လင်တဲ့ ဧရာဝတီအပျိုမ..
အိမ်မက်ထဲတောင် သတိရဆဲ..
မသေခင် တစ်ခေါက်…
အလည်ပြန်ရောက်ပါရစေ ဆုတောင်းတယ်…

ကိုယ်ဆောက်ခဲ့သော ကျောင်း..
ကိုယ်ပျိုးချခဲ့တဲ့ တပည့်အပေါင်း
ကိုယ်တိုင်..စိုက်ခဲ့တဲ့ ဥယျာဉ်မြေ ဘုရားနဲ့ တန်ဆောင်း
ကိုယ် ပြုစုခဲ့တဲ့ ..သားမောင်ဦးဇင်း.
ကိုယ် အကျိုးပြုခဲ့တဲ့မြေ..
မြတ်နိုးမှုအရာ..ပြောမပြတတ်ပေ။

ညောင်ညိုရွက် တွဲလွဲ..
ဘုရားဆည်းလည်းသံတွေ ကြားယောင်မိတယ်။
အညာ ထန်းတောကခေါင်မိုးကြဲကြဲ
အသုံးလုံးကျောင်းလေးကိုသတိရတယ်..
သနပ်ခါး မှုန်ဖွေးဖွေး..
ကလေးလေးတွေ
စာအံသံ တသဲသဲ..
ရွာစာသင်ကျောင်းလည်းသတိရတယ်..
မိုးပွင့်ဖွဲဖွဲ..လေသဲသဲမှာ
အုံအင် အော်ဆဲ ဖားရဲ့မိုးခေါ်တေး..
လယ်စိုက်ချိန်ကလေးကိုသတိရတယ်။
လှလိုက်ပေ့..မြကမ္ဗလာ..လယ်ပြင်စိမ်း
လေတိမ်းဝဲယာ.ကောက်ပင်သာယာ
ဒါ ဒို့ မြေရွာ..

စပါးပေါ်ငွေပေါ်..
အလှုတော် စည်တော်သံလည်းသတိရတယ်။
ထမင်းရေချောင်းစီး..မုဆိုးမအလှုလည်း သတိရတယ်။

ခုများ ကိုယ်က အဝေးမှာ…
စာနာကြင်နာသော အမိမြေ..
မုဒိန်းကျင့်ခံ သတို့ သမီး..
အကျင့် သိက္ခာတို့ ပျက်စီးနေ…

စပါးတောင်ပုံ..စစ်ရိက္ခာသိမ်း..
ဒါးမြ အတိုက်ခံနေရတဲ့ မြေ..
ဘိုးဘွားပိုင်လယ်ယာ..နိုင်ငံတော်ပိုင်တာ..
ချစ်တီးထက်ဆိုးတဲ့ စစ်ဘဏ္ဍာ..
နှမ်းခင်းယာ ကြက်ဆူစိုက်..
လက်ဘက်တောင် ဆီဆမ်းမစားနိုင်တော့တဲ့ တောရွာ

ငါမြန်မာဟေ့..၀င့်ကြွားခဲ့တဲ့ အဖိုး..
နိုင်ငံခြားပညာတတ်..အိမ်ပြန် လယ်စိုက်ခဲ့တဲ့ အဖေ..
ကျမ သာ..မဲဇာမှာ..
ဘေးလွတ်ရာ အသက်ဆက်နေရှာခဲ့ပေတဲ့
လွမ်းတယ် အဖိုးရယ်..
ပြန်ရောက်ချင်တဲ့ အဖေ့ရွာ..
ကလေးများ စာအံသံပြန်ကြားရမဲ့နေ့ 
အော်…တနေ့ ပြန်ရမှာဘဲ…
တရွေ့ ရွေ့သာ..စက္ကန်ုတန်ရွေ့ တယ်..
ရွှေပြည်တော်ရယ်..မျှော်လေတိုင်းဝေး..
စစ်ဖိနပ်ခြေအောက်..
ဆွေးမြေ့ခဲ့ ဒို့ မြေယာ…
ရွှေမြန်မာဆိုတာ…
အိပ်ယာဝင်.ပုံပြင်သာသာ…

မသဒ္ဓါ (၁။၇။၂၀၁၀)
ရင်ကွဲပက်လက်...အဝေးရောက်သူတဦးရဲ့ ခံစားချက်..

1 comment:

Nge Naing said...

ကဗျာလာဖတ်သွားပါတယ် အစ်မ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

 
/* EOT ----------------------------------------- */