Sunday, March 22, 2009

သားတော်မောင် အတွက် အမေ့ စာ

စိတ်ချထားခဲ့မယ် သား…
အမေ သွားတော့မယ်။

စိတ်မကောင်းလို့ ဆို..မငိုနဲ့ မေ့သား
အမေ့ သက်တမ်း အမေ့ဘ၀..
လူတန်းစေ့ နေခဲ့ပြီးပြီ။
လူ့ တာဝန် ကျေပြွန်ခဲ့ပြီးပြီ
မရပ်တံ့တဲ့ မွေးဖွားကြီးပြင်း
အိုနာ သေခြင်း..သဘာဝတရား
တရားနဲ့ သာဖြေ။

ဘယ်နေရာရရ..ကျရာထောင့်ကနေ
လူ့ ဘောင်ကောင်းကျိုးသယ်ကာပိုးခဲ့
သခင်မကြီး ဒေါ်လှကြည်၊( သို့ မဟုတ်)
ယုဝတီ ၏ ကလောင်ရှင်ကြည်ဦး.
မြန်မာမှုစာရေးဆရာနန်းညွန့် ဆွေရဲ့ ကြင်ဖော်
နာမည်ကျော် လူရွှင်တော်ဇာကနာ၏ အမိ.
သေသော်တောင် အမည်မသေတဲ့
အာဇာနည် မျိုးရိုး ထင်ရှားပါ၏။

စာပေသမား၏ မျိုးရိုး
မြန်မာမှု ကိုမြတ်နိုး
စကားပုံ အစုံစုံ နဲ့ ရိုးရာ ဓလေ့.
စကားထာ..မြန်မာမှုအဖြာဖြာနဲ့ 
မြန်မာ့စာပေ ကို ထိန်းသိမ်း။
ကလေးများအတွက် စာပေကလောင်
ဝတ္တရားကျေတဲ့ ဇနီးသည်မ အိမ်ထောင်
ကြင်နာကြီးသည့် အမေဘဝ
လူဖြစ်လာရ..အမေ ကျေနပ်ပါတယ်။.

ကိုလိုနီ လက်အောက်မှာမွေး.
ရဲတဲ့ ဇာနည်သွေးကြောင့်
မတရားတာ ငုံမခံတဲ့ သတ္တိသွေး..
သားကလေးတွေကို လက်ဆင့်ပေးခဲ့တယ်။
နောက်မျိုးဆက်များသို့  ဝေမျှပေးခဲ့တယ်။

ဝဏ္ဍ. သူရ တေဇ..သား သုံးဦးထဲက
တမိပေါက်ရဲ့ တယောက်ထွန်း
သူရ ဆိုတဲ့ အတိုင်း သတ္တိရဲခဲ့.
ကြောက်မွေးပါရင် နှုတ်ခဲ့မဲ့..
နအမ အမြစ်ကို လှုပ်ကိုင် ချိုးနှဲ့ 
ဇာဂနာ ဆို တဲ့..အမေ့သားမောင်ရဲ့
သရော်ဆူး များ စူးရှထက်မြက်
နှုတ်လျှာ ဒါးသွား.ကလောင်တစ်ချက်နဲ့ 
ခိုင်မာသောလက် ပြည်သူ့ အတွက်
ပြည်သူကို..ရေ..
အာဏာရှင်ကို မီး..
သေသော်ထိ ဒူးမထောက်မဲ့ သားကြီး
အခုမြစ်ကြီးနားထောင်မှာ ရှိတယ်။

အဝေးကြီးက မြစ်ကြီးနားထောင်..
အမေ မရမက ရောက်တောင်
မတွေ့ ရတဲ့ ထောင်ဝင်စာ..
တမင် ပုဏ္ဍားညှင်းညှင်းတဲ့ နအဖ
အမေ စိတ်ပျက်မယ် ထင်သလား..

အာဏာရှင်က ရက်စက်
ဇရာက နှိပ်စက်..
သားမျက်နှာမမြင်ရဘဲ အမေ
ဘ၀တပါးသွားနှင့်တောင်..
ဘာမှ စိတ်မကောင်းနဲ့ သားမောင်..
လွတ်လပ်ပါမှ အမေ့ကို အမျှဝေ..
သားရဲ့ မေမေ ..ဘယ်ဘ၀ရောက်ရောက်
မြန်မာပြည်ကို ဆက်စောင့်ရှောက်မယ်။
သား အားမငယ်
အမေ သားအတွက် ဂုဏ်ယူတယ်။

မသဒ္ဓါ (၃။၂၁။၂၀၀၉)
အာဇာနည် သားများကို..မွေးခဲ့တဲ့အတွက် ကြီးကြီးကျေနပ်မှာပါ။ အစားထိုး မရနို်င်သော ဆုံးရှုံးမှု အတွက်မိသားစုနဲ့ထပ်တူ မသဒ္ဓါမှ နှမျောတသမိပါသည်။ ကြီးကြီးဒေါ်ကြည်ဦးကောင်းရာ သုဂတိလားပါစေ။

No comments:

 
/* EOT ----------------------------------------- */