Friday, March 13, 2009

မလာခဲ့နဲ့တော့ ။ မတွေ့ ချင်ဖူး..



သမီးငယ်..
ဘာမှစိတ်မပူနဲ့ 
အဖေနေကောင်းတယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးငယ်..
ယောက်ျားကောင်းတို့ ဝါဒ
ဒေါင်ကျကျ ပြားကျကျ အဖေနေတတ်တယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။


သမီးငယ်..
ညည အာနာပါန..တရားထိုင်နေကျ
ကလေးထောင်က တိတ်ဆိတ်တယ်.
အဖေ ပျော်ပါတယ်.
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးငယ်..
လောကဓံ ရှစ်ပါး..လူတိုင်းခံစားဖူးတယ်
ချစ်သူနဲ့ ကွဲ မိသားစုနဲ့ ကွဲ..
အဖေခံရ တစ်ယောက်ထဲပေါ့။
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

သမီးခမျာတကဲ့ ဒုက္ခခံ
အဖေ့မျက်နှာ ၁၅ မိနစ်တွေ့ ရန်
ရေတတန် ကုန်းတတန်..
ရန်ကုန်ကနေ ကလေးဆီအထိဆန်လာရသတဲ့
သမီးတယောက်ထဲ ခန္တီးကအပြန်..
အဖေ စိတ်မချဖူး
လာတွေ့ ရန်မလိုတော့ဖူး..
ပြောနေတာ နားထောင်ကြားလား
နောက်မလာခဲ့နဲ့

အဖေ့ရဲ့ ယုံကြည်ချက်
အမှန်တရားရဲ့ သက်သေ အတွက်
ထောင်နှုတ်ခမ်းပေါ်လျှောက်..
တသက်တစ်ကျွန်း ထောင်ကျရောက်တောင်
အဖေ မကြောက်ပါဖူး။

ပါရမီဖြည့်တဲ့ သမီး..
ဘယ်ထောင်ရောက်ရောက်
လာလာအားပေးတဲ့သမီး..
အဖေ သာဓုခေါ်ချီးမွမ်းတယ်။
အဖေ ဘယ်ရောက်ရောက်..
ဘာစားစား..အကျင့်ပါနေပြီ..
စားလို့ ဝင်ပါသည်။
နောင်ကို ထောင်ဝင်စာ လာမတွေ့ နဲ့ ။

အဖေ တို့ မတော်လှန်..
အဖေတို့ အမှားကို မပြင်ပြန်ရင်..
နောင် လာမဲ့မျိုးဆက်..
မြေးမြစ်တွေ
စစ်ကျွန် ငွေတွင်းနက်
ထောင်တွင်းမှာ အသက်ဆက်.
ပညာရေးပျက် ကျမ်းမာရေး ပျက်
ဘာအနာဂတ်မှ နေရောင် မထွက်တော့ဖူး.
မှောင်မဲမဲ လူရုပ်ပီမယ် မဟုတ်တော့ဖူး

ရင်းရမဲ့ ဘဝ
ကျရမဲ့ သွေး..စီးရမဲ့ မျက်ရည်..
အဖေ တစ်ယောက် အနာဘဲခံပါရစေ။
သမီးရယ် နားလည်တတ်ပါစေ။

တကိုယ်တော်ထဲကြဲ
ဘာပါတီမှ နောက်ခံမရှိ..
အင်အားရှိရှိမရှိရှိ..
အဖေ မသိဖူး..
အမှန်တရားရဲ့ လက်နက်ဘဲ အဖေ့ မှာရှိတယ်..
အုတ်တစ်ချပ် သဲကလေးတစ်ပွင့်
အဖေ့ ရာဇ၀င် အဖေ ရေးခဲ့တယ်.။

သမီးရယ် မလာခဲ့ပါနဲ့တော့
သေတစ်နေ့ မွေးတစ်နေ့ .
အဓမ္မတရားကို
အမှန်တရား နဲ့ စစ်ထိုးရဲတဲ့ အဖေ
ဒူးထောက်ပြီး အုန်းသန်း အသက်မရှင်ချင်ဖူး..
လက်မြှောက်ပြီး အုန်းသန်း မနေချင်ဖူး
ခေါင်းမော့ ရင်ကော့ပြီး..သေချင်သေ..
အမှန်တရားနဲ့နေမဲ့ သမီးရဲ့ အဖေ
နာမည်ဆိုးနဲ့ အသက်ရာကျော်မနေ.
နာမည်ကောင်းနဲ့  ဘဲသေပါရစေ။

မသဒ္ဓါ (၃။ ၁၁။၂၀၀၉)
ဘဘ ဦးအုန်းသန်း (သစ်တောဝန်ထောက်ပောာင်း) နှင့် ပါရမီဖြည့်ပေးသော သူ၏ မိသားစု။ ဘယ်ထောင်ရောက်ရောက် လိုက်ပါကူညီ အားပေးသော သမီးငယ် မအိအိမွန် အားဂုဏ်ပြုပါသည်။

3 comments:

Unknown said...

မအားတဲ့ကြားက ယခုလို ပီပြင်ပြောင်မြောက်တဲ့ ကဗျာပေါင်းများစွာ ရေးသားပေးတဲ့အတွက် မသဒ္ဒါကို အထူးကျေးဇူးတင်ပါတယ်။

ဒီကဗျာလေးဖတ်ရင်း ကျမ ဝမ်းနဲဝမ်းသာ မျက်ရည်ကျမိပါတယ်။

ဝမ်းနဲတာကတော့ လောဘတပ်မက်လွန်းတဲ့ စစ်အစိုးရနဲ့ အပေါင်းပါများဟာ ရိုးသားဖြောင့်မတ်တဲ့မြန်မာပြည်သူများကို ကောက်ကျစ်ယုတ်မာ တိရစ္ဆာန်သာသာအောက်တန်းကျစွာ နှိပ်ကွပ်နေကြောင်းရှင်းလင်းထင်ရှားစွာသိမြင်နိုင်လို့ ပါ။

ဝမ်းသာတာကတော့ ဦးအုန်းသန်း လိုယောက်ျား များ ရှိနေသေးသရွေ့ ၊ အိအိမွန်လို မိန်းကလေးများရှိနေသေးသရွေ့  မြန်မာဆိုတာ အမှန်တရားကို အသက်နဲ့ရင်းပြီးထိမ်းသိမ်းနိုင်တဲ့၊ ဂုဏ်သရေသိက္ခာကြီးမားပြီး သူရသတ္တိပြောင်မြောက်တဲ့ လူမျိုးပါတကားလို့ မှတ်သားနိုင်လို့ ပါ။

မသဒ္ဒါကျန်းမာပါစေ၊ မြန်မာပြည်ကြီးလဲ ဒုက္ခအပေါင်းမှ လွတ်ကင်းပြီး အေးချမ်းသာယာပါစေ။

နေခြည်ဦး

မဆုမွန် said...

အစ်မကြီးရေ အမြဲ လာအားပေးနေကျပါ..ဒီကဗျာလေးကိုတော့ ရင်ထဲ အထိခိုက်ဆုံးပါပဲ..
ညီမလေး ဘလော့မှ ဖော်ပြချင်ပါတယ် ခွင့်ပြုပါလားရှင်

ကျော်သိင်္ခ said...

မသဒ္ဒါရေ

ကဗျာလေးကတော့ တစ်ကယ် စွန့်လွှတ်ရဲတဲ့ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သတ္တိကို ကလောင်သွားထက်ထက်နဲ့ ချယ်မှုန်းထားတာပဲ။

ပြည်သူလူထုအတွက် အမှန်တစ်ရားဘက်က ရပ်တည်ပြီး၊ စွန်လွှတ်အနစ်နာခံတတ်တဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ် ဘဘဦးအုန်းသန်း ရဲ့ စွမ်းပကားကို လေးစားဂုဏ်ယူမိသလို၊ ကလောင်သွားထက်ထက်နဲ့ အခုလို ပေါ်လွင်အောင် ဂုဏ်ပြုရေးစပ်လိုက်တဲ့ မသဒ္ဒါရဲ့ အရည်အချင်းကိုလည်း လေးစား အားကျမိပါတယ်။

လေးစားလျှက်
ကျော်သိင်္ခ
http://kyawtheinkha.blogspot.com

 
/* EOT ----------------------------------------- */