တားဆီးခဲ့တာ ဘယ်မှာမှ မရှိ။
လူ့ သမိုင်းစဉ်ဆက်၊ လူမျိုး အယူ မတူသူ
ငြိမ်းချမ်းရေး၏ အမူအကျင့်၊
မြန်မာ မင်းသမီးငယ်၊ တရုတ်ထံဆက်၊
ရှမ်းစောမွန်လှ၊ မြန်မာနဲ့ လက်ဆက်။
သီဟိုဃ် မင်းသမီးငယ်၊ ပုဂံနန်းထက်။
ယောက္ခမ ကို ကယ်ဆယ်ချင်တာနဲ့ 
ကျမ ယောက္ခမကြီး၊ အဟောင်းစားသူ လို့ 
အမျိုးတူတူ မတူတူ၊ အရေးမဟုတ်
အတွေးမတူ ၀ါဒမတူသူ ကို ကယ်ထုတ်
ဗုဒ္ဓဘာသာဝင်ကို ဖြစ်စေခဲ့တာ
သောတာပန် ရဟန်းအမ မိဂါရ မာတာ
သို့ မဟုတ် ယောက္ခမ၏ မိခင်ကြီး ၀ိသာခါ။
ဣနြေ္ဒ၊ တန်ဖိုးများကို ထမ်းသိမ်းခဲ့တာ
ဒါန အရာ ဧတဒင်္ဂရ၊ ကျောင်းအမကြီး ၀ိသာခါ။
ဘုရားပင် မလွန်ဆန်နိုင်သောတရား.
ချစ်သူလည်းရှိ၊ မုန်းသူရှိ၏။
ချီးမွမ်းသူရှိ၊ ကဲ့ရဲ့ရှိ၏။
မှန်သည်မြင်၏၊ မှားသည်မြင်၏
ပညာမရှိသူ လက်ညှိုးထိုးကဲရဲ့.
သိက္ခာ မရှိ..မရှက်သူ ပြောကြပါစေ။
အများထုချစ်..တယောက်က ဆဲဖြစ်တာ
ဒါဟာ အရှက်မရှိသော သူ့ ၏ သိက္ခာ။
ဒီစိတ်ဓါတ်တွေ ယုတ်ညံ့ပါဘိတော့။
ဘယ်အမျိုးတူတူ၊ အသွေးအရောင်မတူတူတူ
ပဓါန အရင်းခံ၊ မိမိ အယူကိုသာ ရည်သန်
အဝေးရောက်စေငြား၊ ဆံပင်ရှည် ထမီဝတ် ပန်းပန်
အိနြေ္ဒ သိက္ခာနဲ့ ၊ ထိုက်တန်သူသာ ယူခဲ့သူပါ။
ဗုဒ္ဓဘာသာ၏ မိခင်မှန်၊ အလှူဒါန ထက်သန်
သားများကို ရှင်ပြု၊ ဘာသာကို ရှင်သန်ပြုစုသူ..
သူတော်ကောင်းသာ ပြုနိုင်သောတရား။
ကြွယ်ဝသမျှ နိုဘယ်၊ ဆုလာဘ်ငွေသား
အိပ်သွန် ဖာမှောက်၊ မခြွင်းချန် တချပ်တပြား
နိုင်ငံ သို လှုရဲ သော ဒီ မိခင်။
ခေါ်တွင်ထိုက်သူ မြန်မာ၏ မိခင်။
မသဒ္ဓါ တို့  ညံ့လိုက်သပါ့ ရှင်။
မြင်အောင်ကြည့်ပါ ဝေဖန်သူရယ်။
ရှင့် မျက်ချေးရေးရေး၊ ရေစိုအ၀တ်လေးနဲ့ ဆေးပါဦး
သိပ်မကြာပါဘူးရှင်။ စောင့်ကြည့်ပေါ့။
ဗေဒင်ဆရာ တက္ကဒွန်းကို၊ ကိုးကွယ်သူ ပုပ်
အဘအို ကိုပင် ငြိမ်းချမ်းစွာ မေတ္တာပြ
အယူမှားကို ချွတ်နိုင်တဲ့အချိန်ကြရင်
ငယ်သူကို ကြီးသူက၊ ဦးညွှတ် ဒူးထောက်
မြန်မာ့မိခင် အောင်ဆန်းစုကြည် ဆိုတာ
ဝိသာခါ ဆိုတာ ဘယ်သူလည်း သိချင်သူများအတွက်
“ရဟန်းတို့ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါတိကာတို့တွင် ၀ိသာခါသည် အမြတ်ဆုံးဖြစ်၏” ဟူ၍ မြတ်စွာဘုရား၏ ဧတဒင်္ဂထားခံရသော ဒါယိကာမကား “မိဂါရမာတာ” ခေါ် ၀ိသာခါပေတည်း။
ရှေးလွန်လေပြီးသော ကမ္ဘာ တစ်သိန်းထက်၌ ပဒုမုတ္တရမြတ်စွာဘုရားပွင့်တော်မူသည်။ ရဟန်းတစ်သိန်း ခြံရံသည်။ ခမည်းတော် မယ်တော်တို့မှာ သုနန္ဒာမင်းကြီးနှင့် သုဇာတာ မိုဖုရားကြီးတို့ဖြစ်ကြပေ၏ ။
ထိုအခါဝယ် ၀ိသာခါလောင်းလျားသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဒါယိကာမနှင့် ရင်းနှီးသော အဆွေခင်ပွန်း ဖြစ်ခဲ့၏။ ထိုမြတ်သော အလုပ်အကျွေး ဒါယိကာမသည် မြတ်စွာဘုရား အမှူးပြုသော သံဃာတော် အရှင်မြတ်များနှင့် အကျွမ်းဝင်၏ ။ ရှစ်ပါးသောဆိုကို ရ၏။ မိခင်အရာ၌တည်၏။ မြတ်စွာဘုရားထံတော်သို့ ညရော နံနက်ပါ မပျက်မကွက် ရောက်လေ့ရှိပြီး ပစ္စည်းလေးပါးဖြင့် လုပ်ကျွေး၏ ။
ဝိသာခါလောင်းလျာ ဒါယိကာမသည် သူ၏ခင်ပွန်းမကို အားကျ၏ ။ ထို့ကြောင့် မြတ်စွာဘုရားထံတော်တွင် လျှောက်ထားစုံစမ်းသည်။ ထို့နောက် မြတ်စွာဘုရားနှင့် သံဃာတော်တစ်သိန်းကို အိမ့်သို့ ပင့်ဖိတ်သည်။ ခုနှစ်ရက် ပတ်လုံး ဆွမ်း၊ ခဲဖွယ်နှင့် အဖျော်ယမကာများကို ဆက်ကပ်လှူဒါန်းပြီးလျှင် နောက်ဆုံးနေ့တွင် သင်္ကန်းလျာ ပုဆိုးတို့ကိုပါ လှူဒါန်းကာ ဆုတောင်းမှုပြုသည် ။
“ ဘုရားတပည့်တော်မဟာ သည်ကောင်းမှုကုသိုလ် အကျိုးဆက်အဖြစ် နတ်စည်းစိမ်ကို မလိုချင်ပါဘုရား။ မင်းစည်းစိမ်ကိုလည်း မတောင်းတပါဘုရား ။ ရှင်တော်ဘုရားလို တစ်ဆူသော မြတ်စွာဘုရားထံတော်မှာ ဆုရှစ်ပါရတဲ့ မိခင်အရာတည်ရပါလို၏ဘုရား ။ မြတ်စွာဘုရားအမှူးပြုတဲ့ သံဃာတော် အရှင်မြတ်များကို ပစ္စည်းလေးပါးနဲ့ မပြတ်လုပ်ကျွေးနိုင်စွမ်းရှိတဲ့ မြတ်သောအလုပ်အကျွေးဖြစ်ရပါလို၏ဘုရား ”
ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုဒါယိကာမ တောင်းသောဆုသည် လာမည့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူမည့် ဂေါတမမြတ်စွာဘုရား၏ ရွှေလက်ထက်တော်၌ ပြည့်လတ္တံဟု ဗျာဒိတ်ပေးတော်မူ၏။
ထိုဒါယိကာမသည် အသက်အတိုင်းနေပြီးနောက် ကွယ်လွန်၏။ နတ်စည်းစိမ်ကို မလိုချင်သော်လည်း တာဝတိသာနတ်ပြည်၌ ဖြစ်သည်။ ဤသို့ဖြင့် လူဖြစ်လိုက်၊ နတ်ဖြစ်လိုက် ကြိမ်ဖန်များစွာ ကျင်လည်ပြီး
ကဿပမြတ်စွာ၏ ရွှေလက်ထက်တော်ဝယ် ကာသိကရာဇ်မင်း၏ သမီးတော်“သံဃဒါသီ”ဖြစ်လာခဲ့သည် ။
ကာကိကရာဇ်ဘုရင် ကကီမင်းတရားကြီးတွင် သမီးတော် ခုနှစ်ပါးရှိရာ သံဃဒါသီမှာ အငယ်ဆုံးဖြစ်သည်။ သမီးတော် ခုနှစ်ပါးသည် အိမ်ထောင်မပြုဘဲ ဒါန သီလ ဘာဝနာမှုတို့ကိုသာ ပြုခဲ့သည်။ သံဃဒါသီ မင်းသမီးသည် ဒါနာဘိရတ ဧတဒင်္ဂရဆုကို ကဿပမြတ်စွာဘုရားထံတော်တွက်လည်း ထပ်မံ ပန်ခြွေခဲ့သည် ။
သံဃဒါသီ မင်းသမီးသည် ထိုဘ၀မှ စုတေခဲ့သောအခါ လူ့ပြည် နတ်ရပ် အထပ်ထပ် ကျင်လည်ခဲ့ပြီးနောက် ယခုနောက်ဆုံးဘ၀တွင် ဓနဉ္စယသူဌေးသမီးဖြစ်လာ၏ ။
ဗိမ္မသာရမင်းကြီး စိုးစံတော်မူသော ရာဇဂြိုဟ်ပြည်တွင် အတိုင်းမသိ ပစ္စည်းဥစ္စာပေါများသော သူဌေးကြီးငါးဦးရှိ၏ ။ ဇောတက၊ ဇဋိလနှင့် မေဏ္ဍာက၊ ပုဏ၊ ကာက၀လ္လိယတို့ဖြစ်ပေ၏။
ဝိသာခါသည် မေဏ္ဍာက သူဌေးကြီး၏ မြေးဖြစ်၏ ။ အဖမှာ ဓနဉ္စသူဌေး၊ အမိ သုမနဒေ၀ီဖြစ်၏။ ၀ိသာခါမှာ ကလေးဘ၀ ကတည်းက သောတာပန်တည်ပြီးသူဖြစ်သည် ။ အကြောင်းမှာ သူငယ်စဉ်က ဘဒ္ဒိယမြို့သို့ မြတ်စွာဘုရား ကြွမြန်းတော်မူစဉ် အဖိုးဖြစ်သူနှင့် ကျောင်းတော်သို့ လိုက်သွားကာ မြတ်စွာဘုရား၏ တရားတော်ကို နာယူခဲ့ရသောကြောင့်ပေးတည်း ။
ထိုအတောအတွင်း၌ ၀ိသာခါ၏ ဖခင်မှာ နေရာပြောင်းရန် အကြောင်းဖန်လာခဲ့သည်။ ဖန်လာပုံမှာ ဤသို့ဖြစ်သည် ။
ကောသလမင်းနှင့် ဗိမ္မသာရမင်းသည် မောင်လှယ်နှမလှယ် သမီးယောက်ဖများဖြစ်ကြသည်။ တစ်နေ့သောအခါတွင် တာဝတ္ထိပြည့်ရှင်ဘုရင် ကောသလသည် သူ့နိုင်ငံ၏ ဓနအင်အားတွင် စစ်ကြည့်သောအခါ လောက်လောက်လားလား သူဌေးကြီးခေါ်လောက်သောသူ တစ်ယောက်မျှ မရှိသည်ကို တွေ့ရသည်။ သို့ဖြင့် သူသည် ယောက်ဖတော် ဗိမ္မသာရမင်းထံသို့ရောက်သွားသည် ။
“ အဆွေတော်မင်းကြီး၊ ကျွန်ုပ်ရဲ့ နိုင်ငံတော်မှာ အဆွေတော်ရဲ့ နိုင်ငံထဲက သူဌေးကြီးငါးယောက်နဲ့တူတဲ့ သူဌေးတစ်ယောက်မျှ မရှိဘူး။ ဒါကြောင့် တိုင်းနိုင်ငံရဲ့ ကျက်သရေဆောင်ဖြစ်အောင် တစ်ယောက်ပေးပါ”
ဇောတိက....အစရှိသော သူဌေးကြီးများမှာ ဆင် မြင်း ကျွဲ နွာနှင့် လူသူအခြံအရံမှာ လွန်စွာများပြား၏။ ထို့သို့သော တစ်ယောက်ယောက်အား အရွှေ့အပြောင်းခိုင်းလျှင် အလွန်းခက်ခဲသောဝန်ကို အထမ်းခိုင်းခြင်းနှင့် မခြားတော့ချေ။ တစ်နည်းအားဖြင့် မဟာပထ၀ီမြေကြီးကို ရွှေ့ပြောင်းသကဲ့သို့ရှိ၏။
ထို့ကြောင့်ဗိမ္မိသာရမင်းသည် ကောသလမင်းကျေနပ်အောင် ရှင်းပြပြီးနောက် ဓနဉ္စယသူဌေးကိုခေါ်ကာ မေတ္တာရပ်ခံ၏။ ဓနဉ္စယသူဌေးသည် ဘုရင်နှစ်ပါးကျေနပ်စေရန် ကောသလမင်းနောက်သို့ လွန်စွာများပြားသော လူသူ နှင့် ဆင် မြင်း ကျွဲ နွား ဥစ္စာဘဏ္ဍာများကိုရွှေ့ပြောင်းသယ်ယူလျက်လိုက်ပါလာ၏။ သို့သော် သူ့ပရိတ်သတ်မှာ သာဝတ္ထိမြို့ မဆံ့သောကြောင့် မြို့နှင့် ခုနှစ်ယူဇနာကွာအရပ်ရှိ ရေမိုးအဆင်ပြေပြီးမျက်နှာပြင် ညီညွတ်သောအရပ်၌မြို့တည်ကာ နေထိုင်၏။ မြို့ကိုလည်း “သာကေတ”ဟု အမည်ပေး၏ ။
ဝိသာခါသည် သာကေတမြို့ ၌အရွယ်ရောက်လာ၏။ ထိုအခါ သာဝတ္ထိမြို့သား မိဂါသူဌေး၏သား ပုဏ၀ဃုနနှင့် ထိမ်းမြားလက်ထပ်ရသည်။ မျိုးရိုးတူမျှသည်ဆိုကာ ဓနဉ္စယသူဌေး သဘောတူ ပေးမြန်းခြင်းဖြစ်ငြား မိဂါရသူဌေးသည် စိတ်ထားသေးသိမ်သည်.။ အ၀တ်မ၀တ်သော တက္ကတွန်းများကို ကိုးကွယ်သည့် မိစ္ဆာဒိဠိလည်းဖြစ်ပေသည် ။
မိဂါရသူဌေး၏ စိတ်ထားသေးသိမ်ပုံတစ်ခုကို ဖော်ပြရသော် ဤသို့ဖြစ်ပါသည်။
ပုဏနှင့်ဝိသာခါတို့လက်ထပ်ပြီးနောက်တွင် ၀ိသာခါမှာ လင့်အိမ်သို့လိုက်ရတော့မည်။
ထိုအခါ ဓနဉ္စယသူဌေးက “သမီးနောက်ကို လိုက်ချင်သူတွေ လိုက်သွားကြ” ဟု ခွင့်ပေးသည်။ အမှုလုပ်ယောက်ကျား မိန်းမများစွာတို့သည် အထုပ်အရွက်များဖြင့် ထွက်လာကြသည်။ ဤသည်ကို ကြည့်သော မိဂါရသူဌေးက “ ဒါလောက် များတဲ့လူတွေကို ငါမကျွေးနိုင်ဘူး” ဆိုပြီးခဲဖြင့်ပစ် တုတ်နှင့်ရိုက်သည်။ ၀ိသာခါသာ ၀င်ရောက်အတားမြစ်လျှင် ၀ိသာခါနောက်သို့ တစ်ယောက်မျှ ပါလာဖွယ်မရှိ။ ယောက္ခမအိမ်သို့ ၀ိသာခါရောက်ပြီး မကြာမီ တစ်ခုသောနံနက်တွင်ဖြစ်၏။ မိဂါရသူဌေးသည် ရေမရောသောနို့ထမင်းကို ရွှေခွက်ဖြင့်ထည့်လျက် သုံးဆောင်နေ၏။ ၀ိသာခါက ယောက္ခမအားယပ်လေခတ်ပေးနေ၏။ ထိုအချိန်တွင် သဃံတော် တစ်ပါးသည် အိမ်ရှေ့၌ ဆွမ်းရပ်တောမူ၏။ မိဂါရမှာ ရတနာသုံးပါးအား မကြည်ညိုသူဖြစ်ရာ မမြင်ယောင်ဆောင်နေ၏ ။
သို့အတွက် ၀ိသာခါက လှမ်းပြီးလျှောက်ထားသည် ။
“ တပည့်တော်မရဲ့ယောက္ခမဟာ အဟောင်းကိုသာ စားသူဖြစ်တဲ့ အတွက် ကန်တော့ဆွမ်းပါဘုရား”
မိဂါရသူဌေးသည် သူသိသမျှ ကြားဖူးသမျှ အပေါ်တွင် မူတည်ကာ ဒေါသတကြီး ထအော်သည်။
“ သည်ကျွန်မကို ဆွဲခေါ်ပြီး အိမ်အပြင်ကို မောင်းထုတ်လိုက်ကြစမ်း”
ရွှေခွက်ကို ဘေးဖယ်ပြီး မိဂါရ အော်သော်ငြား ၀ိသာခါအား မော့ကြည့်သူပင် မရှိပါ။ တစ်အိမ်လုံးတွင် ရှိရှိသမျှ လူအားလုံးမှာ ၀ိသာခါအား ချစ်မြတ်နိုးသူတွေချည်းဖြစ်နေသောကြောင့်ပေတည်း..။
သို့တစေ ၀ိသာခါက ဤကိစ္စကို ဤတွင်ပြီးပြီးပျောက်ပျောက် လုပ်မပစ်ပါ။ ယောက္ခမသူဌေးအား ညင်သာစွာပြောသည်။
“အို ဖခင်၊ မိခင်တို့ဟာ ကျွန်တော်မကို လမ်းက ကောက်ယူလာတာမဟုတ်ပါဘူး။ ကျွန်တော်မဟာ ရေဆိပ်ကဆောင်ယူလာတဲ့ ကျွန်လည်းမဟုတ်ပါဘူး။ ကျွန်တော်မရဲ့ဖခင် ဓနဉ္စယသူဌေးကြီးက သူကြွယ်ကြီးရှစ်ယောက်ဆီမှာ ကျွန်တောမကို အပ်နှံပြီး လွှတ်လိုက်တာပါ။ ဒါကြောင့် သူကြွယ်ကြီးတွေကို ခေါ်ပေးပါ။ ကျွန်တော်မမှာ အပြစ်ရှိမရှိ သူတို့ရှေ့မှာ သကာင်္ရှင်းပါရစေ”
မိဂါရသူဌေးသည် လင့်အိမ်သို့ ၀ိသာခါ လိုက်ခါနီး၌ ဓနဉ္စယသူဌေးက အပ်နှံလိုက်သော သူကြွယ်ကြီး ရှစ်ယောက်ကို မိမိအိမ်သို့ပင့်ဖိတ်သည်။ လူစုံညီလျှင် သူက စတင်ပြီး စွဲချက်တင်တော့၏။
“ ရေမရောတဲ့ နို့ဃနာကို ရွှေခွက်နဲ့ထည့်ပြီး သုံးဆောင်နေတဲ့ ငါ့ကို အညစ်အကြေးစားသုံးသူ လို့မင်းတို့ သမီးက ဆိုသကွ”
ထိုအခါ သူကြွယ်ရှစ်ယောက်က “ ချစ်သမီး အဲသည်လို ဆိုတာ ဟုတ်သလား” ဟု ၀ိသာခါအားမေး၏ ။
“ အဖေတို့၊ ကျွန်တော်မရဲ့ယောက္ခမဟာ ရေမရောတဲ့ နို့ဃနာကို ရွှေခွက်နဲ့ထည့်ပြီး သုံးဆောင်နေတုန်းမှာ မထေရ်ရှင်တစ်ပါး ဆွမ်းရပ်လာတာကို အရေးမလုပ်ဘဲ နေတဲ့အတွက် “ သြော်၊ ငါ့ယောက္ခမကြီးဟာ ဤကိုယ်၏ အဖြစ်၌ ကောင်းမှုကိုမပြု ။ ရှေးဘ၀က ပြုခဲ့ဖူးသော ကောင်းမှုကံ၏ အကျိုးကိုသာခံစား နေပါတကား” လို့တွေးမိတဲ့အတွက် “ ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်မရဲ့ယောက္ခမကြီးဟာ အဟောင်းကိုသာ စားသောက်ပါတယ် လို့ လျှောက်ထားမိတာ အပြစ်ရှိပါသလား”
ထိုအခါ သူကြွယ်ကြီးများက မိဂါရအားပြိုင်တူမေးကြ၏ ။
“သည်စကားကြောင့် ကျုပ်တို့သမီးမှာ တစိုးတစိမျှ အပြစ်မရှိ။ အဲသည်လို အပြစ်မရှိဘဲနဲ့သူဌေးကြီးဘာကြောင့် ဒေါသဖြစ်ရတာတုံး”
သို့သော် မိဂါရ သူဌေးက သူမြုံထားခဲ့သော ၀ိသာခါ၏ အပြစ်များကို စီတန်းကာ ဖော်ထုတ်ပြီး စွဲချက်တင်၏။
တစ်ရံသောအခါ သန်းခေါင်ယံအချိန်၌ ၀ိသာခါသည် အစေအပါး ယောကျာင်္မိန်းမများခြံရံလျက် အိမ်နောက်သို့ဆင်းသွားခြင်း။
လင့်အိမ်သို့ လိုက်ပါသွားမည့် သမီးအား ဓနဉ္စယသူဌေးကြီးက အတွင်းမီးကို အပြင်သို့မထုတ်ရ။ အပြင်မှ မီးကို အတွင်းသို့ မသွင်းရဟု မှာကြားလိုက်ခြင်း။
ထို့အပြင် စုစုပေါင်းဆယ်ချက်ဖြစ်၏ ။
ဤသည်တို့ကို ၀ိသာခါသည် တစ်ချက်ချင်း ပြေလည်အောင်ရှင်းလင်းပြလိုက်ရာ မိဂါရသူဌေး မချေပနိုင်တော့။ မချေပနိုင်ရုံသာမက သူသည် လူပေါကြီးလုံးလုံးဖြစ်သွာတော့သည်။
“ ဟုတ်ပါပြီ ရှိပါစေတော့ ”
သို့လျှင် မိဂါရသူဌေးကျေနပ်သွားငြား ၀ိသာခါ မကျေနပ်ပါ။
“ ကျွန်တော်မမှာ ဘာအပြစ်မှမရှိဘူးဆိုတာ သကာင်္ရှင်ပြီးတဲ့နောက်မှာ ယောက္ခမကြီးရဲ့ ဆန္ဒ အတိုင်း သည်အိမ်ပေါ်ကဆင်းပါမယ်”
“ ဟဲ့သမီး သွားဖို့မလိုတော့ဘူးလေ နေမြဲနေပေါ့” မိဂရတားမြစ်သည် ။
“ အဖေ ကျွန်တော်မသည် ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ရတနာသုံးပါးနဲ့မွေ့လျော်ခဲ့သူပါ။ အခုလို ဘုရားအစရှိတဲ့ သံဃာတော်များကို မဖူးမြင်ရ မလှူဒါန်းရတဲ့ နေရာမျိုးမှာ မနေပါရစေနဲ့တော့”
ဝိသာခါက ပေါ်လာသောအချက်ကို အမိအရ ဆုပ်ကိုင်လိုက်သည်။
“ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ငါ့သမီး သဘောကျပင့်ဖိတ်လှူဒါန်းဖို့လည်း ခွင့်ပြုပါတယ်ကွယ်”
သူကြွယ်ကြီးရှစ်ဦးရော ၀ိသာခါပါ အတိုင်းထက်အလွန် ၀မ်းမြောက်ကြရသည်။ ထိုနေ့မှစ၍ ယခင်က ကိုယ်လုံးတီး တက္ကတွန်းများလွှမ်းခြုံနေခဲ့သော မိဂါရ သူဌေး၏ အိမ်မှာ မြတ်စွာဘုရားနှင့်တပည့်သာဝကများအား ဆည်းကပ်သောအိမ် ဖြစ်လာလေ၏ ။
တစ်နေ့သ၌ ၀ိသာခါသည် မြတ်စွာဘုရားနှင့်သံဃာတော်များအား ပင့်ဖိတ်ပြီးဆွမ်း ခဲဖွယ် ဘော်ဇဉ်များ ဆက်ကပ်လှူဒါန်းသည် ။ ဆွမ်းအနုမောဒနာတရားနာရန် အတွက် ၀ိသာခါသည် ယောက္ခမကြီးကိုခေါ်သည် ။
မိဂါရသူဌေးထွက်မလာသဖြင့် ချွေးမက ဒုတိယအကြိမ် သွားခေါ်ပြန်သည် ။
“ အဖေ သည်ကပဲ နာတော့မယ် သမီး ”
သူဌေးသည် တင်းတိမ်ယံအတွင်းမှ အမှန်ပင် တရားနာပါသည် ။ တရားတော်အဆုံးတွင် သူသည် သောတာပန်တည်သွားရာ အခန်းတွင်းမှ ပြေးထွက်လာ၏ ။ မြတ်စွာဘုရား၏ ခြေတော်အစုံကို နမ်း၏ ။
“ မြတ်စွာဘုရား တပည့်တော်ဟာ အသက် ဒါလောက်ရလာတာတောင် သာသနာတော်မြတ်ကြီးမှာ ပေးလှူရတဲ့ အကျိုးဟာ ဒါလောက်ကြီမားတယ် ဆိုတာ မသိခဲ့ပါဘူး ဘုရား ။ အခုမှပဲ တပည့်တော်ရဲ့ ချွေးမကို အမှီပြုပြီးသိရတဲ့ အတွက် အပါယ်ဆင်းရဲက လွတ်ရပါပြီ ဘုရား ။ ၀ိသာခါဟာ တပည့်တော်ရဲ့ အမေ ဖြစ်သွားပါပြီဘုရား”
ဤသို့ဖြင့် ၀ိသာခါမှာ ထိုချိန်မှ အစပြုပြီး မိဂါရသူဌေး၏ အမေ “မိဂါရမာတာ” ဟူ၍ အမည် တစ်မျိုးတိုးလာလေ၏ ။
ဝိသာခါမှာ သူ့အဖေ ဓနဉ္စယသူဌေးက မင်္ဂလာတန်ဆာအဖြစ် ဆင်ယင်ပေး လိုက်သော မဟလ္လတာ တန်ဆာရှိသည် ။ ထို မဟလ္လတာတန်ဆာတွင် ကွမ်းစားလေးစလယ်ရှိသော ၀ရဇိန်ကျောက်၊ ပုလဲ ၁၁ စလယ်ကွမ်းစား၊ သန္တာ၂၂ စလယ် ကွမ်းစား၊ ပတ္တမြား ၃၃ စလယ် ကွမ်းစား ပါဝင်ရငွေရှိ တိုင်းမ၀တ်ဆင်နိုင်ပေ ။ တစ်ကွမ်းစားမှာ တစ်ပြည်နှင့်ညီသောကြောင့် ဆင်ပြောင်ကြီးငါးစီး၏ အားနှင့်ညီသော ခွန်အားဗလ ရှိသည့် ၀ိသာခါသာ ၀တ်ဆင် နိုင်သည် ။
ထိုတန်ဆာကို ထိန်းသိမ်းသယ်ယူရန် ၀ိသာခါနှင့် တန်းတူ ခွန်အားဗလရှိသော မိန်းမတစ်ယောက် ကို သီးခြားထားရတသည် ။ ထိုသို့ မလွယ်ကူသောကြောင့်
ယောက္ခမ မိဂါရသူဌေးက “ ဃနမဠက”တန်ဆာကိုပြုလုပ် ကာ ချွေးမ အားပေးသည် ။
ထို့နောက် မကြာမီ ၀ိသာခါသည် မြတ်စွာဘုရား အမှူးပြုသော သံဃာတော် များအား ပင့်ဖိတ်ပြီး ဆွမ်းကပ်ပြန်သည် ။ ဤအကြိမ်ဆွမ်းအနုမောဒနာတရားတော်အဆုံးတွင်ကား မိဂါရသဌေး ကတော်မှာ သောတာပန်တည်လေ၏ ။ မိဂါရသူဌေး၏အိမ်သည် ထိုချိန်မှ စတင်ပြီး မြတ်စွာဘုရား၏ သာသနာတော်အတွက် ဟင်လင်းပွင့်သော တံခါးမရှိသည့်အိမ် ဖြစ်လာတော့သည် ။
တစ်ရံခါသော် ၀ိသာခါသ်ည မြတ်စွာဘုရား၏ ကျောင်းတော်သို့ မဟလ္လတာ တန်ဆာကို ၀တ်ဆင်ပြီး သွားသည် ။
သို့သော် မြတ်စွာဘုရား၏ ရှေ့တော်သို့ ၀င်ကာနီ၌ ထိုတန်ဆာကိုချွတ်ပြီး အထိန်းမိန်းမသို့ ပေးသည် ။
အထိုင်အထ လွတ်လပ်ပေါ့ပါးသော ဃနမဠက တန်ဆာကို ပြောင်းလွဲ ဆင်မြန်းသည် ။
ဝိသာခါသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီးနောက် လျှောက်ထား စရာ ရှိသည်များကို မေးမြန်းလျှောက်ထားပြီးလျှင် အိမ်သို့ပြန်လာသည် ။ အိမ်ရောက်မှ မဟလ္လတာတန်ဆာ ထိန်းသိမ်းသည့် မိန်းမသည် အလန့်တကြားအော်ဟစ်ကာ ကျောင်းတောသို့ ပြန်ပြေးသည် ။ မဟလ္လတာ တန်ဆာထုပ် မေ့ကျန်ခဲ့သောကြောင့် ဖြစ်သည် ။
ပစ္စည်းထုပ်ကို ရွက်လျက် ထိုမိန်းမပြန်လာသောအခါ ၀ိသာခါက စစ်ဆေးကြည့် သည် ။ ထိုအထုပ်ကို မြတ်စွာဘုရားရှေ့တော်၌ မတွေ့ ။ ကျောင်းတော်ရှေ့ တန်ဆောင်းထဲမှ ယူခဲ့ရကြောင်း ။ တန်ဆောင်းထဲသို့ ထိုအထုပ်ရောက်ရခြင်းမှာ အရှင်အာနန္ဒာ ရွှေ့ထားခြင်းဖြစ်ကြောင်းသိရသည် ။
“ အရှင်မြတ်ရဲ့ လက်တော်နဲ့ ကိုင်ပြီးသားပစ္စည်းကို ငါဝတ်ဆင်ရင် မရိုသေ ရာ ရောက်တော့မယ် ။ သည်ပစ္စည်းကို ရောင်းပစ်ပြီး ကျောင်းဆောက်တာ ကောင်းဆုံးပဲ ”
သို့ကြောင့်ဝိသာခါသည် ပန်းတိမ်ပညာရှင်များ အား အိမ်သို့ခေါ်ကာ မဟလ္လတာ တန်ဆာကို အဖိုးဖြတ်ခိုင်းသည် ။ ပညာရှင်များက ထိုပစ္စည်းအတွက် လက်ခ တစ်သိန်း၊ ပစ္စည်းတန်ဖိုး သိန်း ၉၀၀ ဟု တန်ဖိုးဖြတ်ကြသည် ။ ၀ိသာခါ၏ ပစ္စည်းထိန်းသည် မဟလ္လတာတန်ဆာကို ယူဆောင်လျက် ရာဇဂြိုဟ်မြို့တွင်းသို့ လှည့်လည်ကာ ကိုးကုဋေတစ်သိန်းဖြင့် ရောင်းချသည် ။ လက်ရာကို ကြိုက်၊ ပစ္စည်းကို သဘောကျသော်ငြား ၀တ်ဆင်နိုင်သော ခွန်အားဗလမရှိသောကြောင့် မ၀ယ်ဝံ့ကြပေ ။
သို့အတွက် နောက်ဆုံး၌ ၀ိသာခါပင် သူ့ပစ္စည်းကို ပြန်လည်ဝယ်ယူ ကာ မြတ်စွာ ဘုရား ကျောင်းတော်ဆောက်လုပ်ရန် မြေနေရာက်ကို ကိုးကုဋေဖြင့် ၀ယ်ယူ သည် ။ မြေနေရာမှာ ရာဇဂြိုဟ်မြို့၏ အရှေ့တံခါး အနီးတွင်ဖြစ်သည် ။ ထို့နောက် အဆောက်အအုံ လောက်လုပ်ရန်အတွက် အသပြာ ကိုးကုဋေကို ၀ိသာခါ၏ အိတ်ထဲမှ စိုက်ထုတ်သည် ။
ဝိသာခါ၏ ကောင်းမှု ကျောင်းတော်ကြီးမှာ “ပုဗ္ဗာရုံ” ဖြစ်၏ ။ ဘုံခုနှစ်ဆင့်ရှိပြီး တိုက်ခန်းတစ်ထောင်ဖြင့် ဖွဲ့စည်းထားသော ကျောင်းတော်ကြီးမှာ အရှင် မဟာမေဂ္ဂလာန် ကိုယ်တော်မြတ်ကြီး ကူညီစောင့်ရှောက် သောကြောင့် ကိုးလဖြင့် ပြီးစီး၏ ။
ပုဗ္ဗာရုံကျောင်း ဒါယိကာမကြီး ၀ိသာခါသည် သားသမီး နှစ်ကျိပ်မွေးဖွားသည် ။ သားဆယ်ယောက်၊ သမီးဆယ်ယောက်ဖြစ်သည် ။ သူသည် အသက် ၁၂၀ ရှည်သောငြား ဆံပင်မဖြူ အရွယ်မကျ ၁၆နှစ်သမီးကဲ့သို့ ရှိသည် ။
သားသမီးနှစ်ကျိပ်သည် တစ်ယောက်လျှင် သားတစ်ကျိပ် သမီးတစ်ကျိပ် စီ ပေါက်ဖွားပြန်သောအခါ မြေးပေါင်း ၄၀၀ ဖြစ်လာသည် ။ ထိုမြေးများကလည်း အထက်နည်းအတိုင်းပွားစည်းပြန်ရာ ၀ိသာခါ၌ သားသမီး မြေးမြစ် စုစုပေါင်း ၈၄၂၀ ရှိသည် ။
ကျောင်းဒါယိကာမကြီးဝိသာခါသည် ထိုသားသမီး မြေးမြစ်များ ခြံရံလျက် မြတ်စွာ ဘုရား၏ ကျောင်းတော်သို့ သွားသည် ။ ဘေးမှမြင်ရသူတို့သည် မည်သူ ၀ိသာခါ ဟု မခွဲခြားတတ်ကြချေ ။ ၀ိသာခါ၏ နုပျိုမှုကြောင့်ဖြစ်သည် ။
သူသည် ကျောင်းတော် ရေစက်ချပွဲကို ကိုးကုဋေကုန်ကျခံကာ ကျင်းပအပြီး၌ သားသမီး မြေးမြစ်များ ခြံရံလျက် ကျောင်းတော်ကို လှည့်ပတ်ကြည့်ရှုသည် ။ အဆောင်ဆောင်အနန်းနန်း စုလစ်မွန်းချွန်များဖြင့် တင့်တယ်နေသော ကျောင်းတော်ကြီးကို ကြည့်ကာ ၀ိသာခါသည် ဥဒါန်းကျူးရင့်၏ ။
“ ငါဟာ ထုံး အင်္ဂတေ မြေနီ မြေဖြူတွေနဲ့ လိမ်းကျံထားတဲ့ နှလုံး သား မွေ့လျော်
ပျော်ဖွယ်ရာရှိတဲ့ ပြသာဒ်ကျောင်းကြီး တစ်ဆောင်ကို ဘယ်အခါမှ ပေးလှူဒါန်းရ ပါမတုံး လို့တောင့်တခဲ့တာဟာ ကနေ့ပြည့်ဝပြီ ”
“ ညောင်စောင်း၊ အင်းပျဉ်၊ ဘုံလျှို၊ ခေါင်းအုံး၊ အိပ်ရာနေရာ၊ ကျောင်းဘဏ္ဍာတွေ ကို ဘယ်အခါများမှာ သံဃာတော် အရှင်မြတ်များကို ပေးလှူရပါမတုံး ဆိုပြီး တောင့်တခဲ့တဲ့ ငါ့ ဆန္ဒ ကနေ့ ပြည့်ဝပါပြီကော ”
“ ငါဟာ အမဲ သားငါး အစရှိတဲ့ ဆွမ်းဘောဇဉ် အလှူကို ဘယ်အခါများ ကျမှ ပေးလှူခွင့်ကြုံပါမလဲလို့ တောင့်တခဲ့တာ အခုပြည့်ဝပါပေါ့လား”
“ ကာတိတိုင်းဖြစ်အ၀တ်၊ ခေါမတိုင်းဖြစ် အ၀တ်၊ ၀ါချည်ပုဆိုးအ၀တ်ဖြစ်တဲ့ သင်္ကန်းတွေကို ဘယ်အခါများမှ ပေးလှူပါမတုံးလို့ငါ တောင့်တခဲ့တာ ကနေ့ပြည့်ဝပြီ ”
“ ထောပတ်၊ ဆီဦး၊ ပျား၊ တင်လဲ ဆိုတဲ့ဆေးအလှူကို ဘယ်အခါများမှ လှူရပါမ လဲလို့ တွေးတောစိတ်ကူးခဲ့သမျှဟာ ကနေ့ပြည့်ဝပြီ”
ကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်မြတ်များသည် ၀ိသာခါ၏ အထက်ပါ ကျူးရင့်သံကို ကြားရသဖြင့် ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြ၏ ။
“ အရှင်မြတ်ဘုရား ဒါယိကာမကြီး ၀ိသာခါ တေးချင်းဆိုတာကို တပည့်တော်တို့ တစ်ခါမျှ မကြားခဲ့ဖူးပါဘူး ဘုရား ။ ကနေ့မှာတော့ ဒါယိကာမကြီး ၀ိသာခါဟာ သားသမီး မြေးမြစ်တွေ ခြံရံပြီး ကျောင်းတော်ကို လှည့်ပတ်သွားရင် တေးချင်း ဆိုပါတယ်ဘုရား ။ ဒါကြောင့် ကျောင်းအစ်မကြီးဟာ ရုးသွပ်သွားပြီလား ဘုရား ။ ဒါမှမဟုတ် သည်းခြေများ ပျက်စီးရော့သလား ဘုရား ”
“ ချစ်သားရဟန်းတို့ ငါ၏ သမီးဝိသာခါသည် တေးချင်းဆိုခြင်းမဟုတ်၊ သူ၏ အလိုဆန္ဒပြည့်ဝလေပြီ ။ သူ၏ တောင့်တအပ်သော ဆုတောင်းတို့အထွတ်အထိပ်ရောက်ရပေပြီဟူ၍ နှစ်သက်ဝမ်းမြောက်သော စိတ်ဖြင့် ဥဒါန်းကျူးရင့်ဖြင်း ဖြစ်ပေ၏ ။
ရှင်တော်မြတ်ဘုရားက ရှင်းလင်း မိန့်ကြားတော်မူ၏ ။ ထိုမှအဖန် ရဟန်းတော် က မေးတော်မူသည် ။
“ တပည့်တော်မရဲ့အလှူကို ခံယူသူရယ်လို့ သိရရင် အဲသည် အလှူကို အောက်မေ့ဆင်ခြင်ပြန်တဲ့အတွက် တပည့်တော်မမှာ ၀မ်းမြောက်ရပါမယ် ဘုရား။ ၀မ်းမြောက်တော့ နှစ်သက် ။ နှစ်သက်တဲ့အတွက် ချမ်းသာခံစားရ ။ ချမ်းသာကိုခံစားရလို့စိတ်ဟာ တည်ကြည်။ အဲသည် တည်ကြည်ခြင်းကြောင့် တပည့်တော် ဣနြေ္ဒပွားပါလိမ့်မယ် ဘုရား ။ ဣနြေ္ဒပွားတဲ့အတွက် ဖိုလ်ကိုလည်း ပွားစေမှာပါဘုရား ။
ဝိသာခါ၏ ရှည်လျားသော ကြောင်းကျိုးဆက်စပ်သည့် ရှင်းလင်းချက်ကို မြတ်စွာဘုရားက သာဓုခေါ်တော်မူ၏ ။
“ ၀ိသာခါ၊ ကောင်းပေစွ ကောင်းပေစွ ။ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာမြင်သောကြောင့် ငါ၏ထံ၌ ဆုရှစ်ပါးကို တောင်းခံခြင်းမှာ ကောင်းပေစွ။ သင့်အား ထိုဆုရှစ်ပါးကို ငါပေး၏ ၀ိသာခါ ”
ကျောင်းဒါယိကာမကြီး ၀ိသာခါသည် အောက်ပါ အလှူများကိုလည်း သူ၏အိမ်၌ မပြတ်ထားရိသည် ။
၁။ နေ့စဉ်နေ့တိုင်း စားရေးတံဆွမ်း ၅၀၀ ။
၂။ ၁၅ ရက် တစ်ကြိမ်လှူသော ပက္ခဆွမ်း ၅၀၀ ။
၃။ နေ့စဉ် ယာဂုဆွမ်း ၅၀၀ ။
၎။ ၁၅ ရက်တစ်ကြိမ်လှူသော ပက္ခယာဂုဆွမ်း ၅၀၀ ။
၅။ အိမ်ဦး၌ထားပြီး လှူသောဆွမ်း ၅၀၀ ။
၆။ ခရီးသွား ရဟန်းတို့အား လှူသောဆွမ်း ၅၀၀ ။
သို့ကြောင့် ၀ိသာခါ၏နေအိမ်မှာ နံနက်ချိန်ခါတွင် သံဃာတော် အရှင်မြတ်များပြည့်လျက် ရွှေသင်္ကန်းရောင် တောက်ပ၀င်းထိန်နေ၏ ။
ဒါယိကာမကြီးသည် ဤသို့ တမနက်လုံး မမောနိုင် မပန်းနိုင် လှူဒါန်းပြီးနောက် ကျောင်းတော်သို့သွားကာ ဆေးဝါးနှင့် အဖျော်များဆက်ကပ် လှူဒါန်းပြီး တရားတော်ကို နာယူသည် ။
သို့အတွက် “ ရဟန်းတို့၊ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏ သာဝိကာ ဥပါသိကာတို့တွင် မိဂါရမာတာ ၀ိသာခါ သည် အမြတ်ဆုံးဖြစ်၏ ” ဟူ၍ ရှင်တော်မြတ် ဘုရားမိန့်တော်မူကာ ၀ိသာခါအား “ ဒါနာတိရတ” ဧတဒဂ် ထားတော်မူခြင်းဖြစ်၏ ။
ဦးအောင်သိမ်းမြတ်၏ ( ဗုဒ္ဓ၏ ဧတဒဂ်ရ အမျိုးသမီးများ ) စာအုပ်မှ ကောက်နုတ်ပါသည်။
အပြည့်အစုံသို့ 
အကျဉ်းချုံး