Wednesday, January 30, 2008

ပေါက်ပင်..ကိုင်းရခြင်းအကြောင်းရင်း။


ဗျိုင်းနားလို့ ၊ ကိုင်း တဲ့ပေါက်ပင်…
ငါးပေါ်လို့၊ နားတဲ့ ဗျိုင်း ဖြူစင်။
မိုးရွာလို့ သာပေါ်လာ၊ ငါးကြင်းလှရွှေဝါ။
ဖားငယ် အော်လို့ သာ။ မိုးဝဿာန်ဦး ရွာ
မြွေဆိုး လာကိုက်။ ဖားအော်ခိုက်။
ဆာလောင်မွတ်လိုက်၊ မြွေလာကိုက်
အကြောင်းနဲ့အကျိုး။ အကောင်းအဆိုး။
အစီအညီ၊ ဒွန်တွဲနေသည်။

အကြောင်းရှိမှ၊ အကျိုး ဖြစ်ရ
အဆိုးရှိမှ။ အကောင်းပိုတမ်းတ.
ကန်စောင်းမှ ပေါက်ပင်ကိုင်းရခြင်း အကြောင်းရင်း။
မြန်မာအပေါင်းရဲ့ စာရိတ္တမဏ္ဍိုင်
တည့်တည့်နေရာမှ..စောင်းသွားရခြင်းအကြောင်းရင်း။
ဖွေရှာထောက်ရှု. ဘာတွေပြုဖို့ လိုကြမလည်း။
အဖြေရှာရှင်းမှု.. ဘယ်သူမှာ တာဝန်ရှိသလည်း။

ပေါက်ပင်မကိုင်းစေက၊..ဗျိုင်းလာမနားစေနှင့်
ဗျိုင်းလာမနားစေလိုက။ ငါးမပေါ်စေနှင့်
ငါးမပေါ်စေလိုက။ ရေမကြီးစေနှင့်
ရေမကြီးစေ လိုက။ ဖားမအော် စေနှင့်
ဖားမအော်စေ လိုက။ မြွေ လာမကိုက်စေနှင့်

တဆင့်ပြီးတဆင့်..တာလုံနေမှ ဖြင့်
ရေစိမ့်မပေါက်၊ ဆည် မပျောက်ပြီ။
မတ်စေ့လုံးလောက်။ တာမှာပေါက်လည်း
မပိတ်မဆီး။ အရေးမကြီးဟု
လက်လွတ်စပါယ်။ ထားခဲ့လွယ်က
တညနေကြာ။ ဆည်လုံး ပါမည်.
ဆုံးရှုံး ချည်းနှီး။ ပြုန်းတီး သည်ကို.
သာဓကယူ။ မှတ်ယူပါလော့။

အခါမနှောင်း၊ အချိန်ကောင်းခင်။
ပြုပြင်စေလိုပါ ချင်။
ပျက်လျှင် အစဉ်
ပြင်ချင် ခဏ။ ကြိုးစားကြလေ..
တက်လူ တွေ.

မသဒ္ဓါ ( ၁။၂၉။၂၀၀၈)
ပေါက်ပင်..ကိုင်းရခြင်း အကြောင်း ၏ အိုင်ဒီယာ ပိုင်ရှင်မှာ မောင်လေး ကိုမျိုး ဖြစ်၍ ခလေးဘ၀ ညစာဘဲ စား၍ စာမကြည့် သောကြောင့် ကဗျာစာသားမေ့နေသောမသဒ္ဓါ အား မှတ်မိအောင် ကဗျာ ထောက်ပေးသူမှာ..မောင်လေး ကိုယောဟန်အောင် ဖြစ်ပါသည်။ ကြားမှ အညွန့် ခူးစား၍ နှစ်ပြည့်မင်္ဂလာကို မောင်လေးများ အစွမ်းဖြင့်  " ပေါက်ပင်..ကိုင်းရခြင်း အကြောင်း " ကဗျာဖြင့် ပုဒ် (၂၀၀) မြောက် ကဗျာဖြင့် ပွဲသိမ်းသူက အပေါက်ဆိုးသော ဖျံကျသော အမကြီး မသဒ္ဓါ ဖြစ်ပါသည်။ အားလုံးကို ကျေးဇူး အထူးပါ။

No comments:

 
/* EOT ----------------------------------------- */