Wednesday, January 30, 2008

ရွှေမင်းသားနဲ့ လူရွှင်တော်..ပြည်သူ့ အချစ်တော်


ကျမအသက် သပြေခက်
သစ်ရွက်ကြွေကျ.ငိုချင်လှတဲ့အရွယ်။
ငွေရောင်ပိတ်ကားပေါ်က
မင်းမျက်လုံးလေးတွေ စိုက်ကြည့်
အိမ်မက်တောင် မက်ဘူးတဲ့ အထိ။
မထိတထိအပြုံးကြောင့် ရင်ခုန်ဒိတ်ဒိတ် ဒီကလူ
ညှို့ ကလူ..သူ
ရုပ်ရှင်မင်းသားချော ကျော်သူ

ဒေသကောလိပ် ကျောင်းသူဘဝ
ရုပ်မြင်သံကြားမှာ အငြိမ့် က
မြပုဏ္ဏမီ ထဲက..
လူရွှင်တော်များရဲ့ ပျက်လုံး
ကျောင်းမှာတောင် ပြောမဆုံး။
အရီရဆုံး ဆိုတဲ့ ကိုဇာကနာ.။

၈၈၈၈ အရေးအခင်းဖြစ်
မှန်တာ ပျက်လုံး ထုတ်တဲ့ နေရာ
မီဒီယာအရာမှာ စူးရှထက်မြက်
သူလေ..အင်းစိန်ထောင်ထဲ
အခေါက်ခေါက်အခါခါ အ၀င်နဲ့ အထွက်။

အမှန်တရားရဲ့ သက်သေ။
ဘယ်တော့မှ
သွေးကြွေးဆိုတာ.လွယ်လွယ်နဲ့ မကျေ
စစ်ဖိနပ်အောက် ဖိနှိပ်ခံရစေ..
မတွန့် စေ၊ မရွံ့ စေ။
ကြောက်မွေးတွေ ဇာဂနာနဲ့  နှုတ်
တရားဥပဒေ ဆိုတာ စောင်အုပ် သိမ်းမရ။
မစစ်မှန်တဲ့ စစ်အစိုးရ။ တနေ့ ဒို့ ခ၀ါချကြမယ်။

၂၀၀၇.. ရွှေဝါရောင်..ကံဆောင်တဲ့နှစ်
ဗုဒ္ဓဘာသာ အမျိုးကောင်းသား
ဆွမ်းလောင်းပွဲ သွားတာတဲ့ ဒီ အပြစ်
ညစ် နေတာက လူယုတ်မာများ။
သူတော်ကောင်း ဆိုရင်.
ဥပုဉ် မစောင့်စေချင်၊ ကဲ..ထောင်ထဲဝင်..
အစာမ၀. ရေလည်းမချိုးရ။
ခွေးတွေကြား ထဲအိပ်ကြ
ကြွက်တွေ နဲ့ နေ၊ ၀ဲတွေက ပေါက်။
လူရွှင်တော်နဲ့ မင်းသား.
ထောင်ထဲ တူတူသွား။
စိတ်ဓါတ်အင်အား.. လူအင်အား
အဓမ္မတရားနဲ့  ချိုးနှိမ်ထားလည်း။
ဒေါင်းသွေးအနီ..အရောင်မမှိန်ဘူး သူငယ်ချင်း။
သမိုင်းရေးမင်းတို့ အမည်..
ပြောင်ရှိန်ထင်းနေသည် သူငယ်ချင်း။
မင်းတို့ ရဲ့ ဂုဏ်ရည်..
မှတ်တမ်းကမ္ဘာတင်သည် သူငယ်ချင်း။

အားမလျှော့နဲ့  ဆက်လျှောက်ကာချီ
အရှေ့ မှာ ရောင်နီ တွေကျင်းနေပြီ။
ချိုးဌက်တွေ လည်း စိုးစီစီ..
လာလေ.. အားလုံးရှေ့ ဆက်လျှောက်ကြမည်။

မသဒ္ဓါ (၁။၂၉။၂၀၀၈)
ခင်မင် လေးစားရပါသော ကိုကျော်သူ နှင့် ကိုသူရ တို့ အတွက်..မသဒ္ဓါ ရဲ့ လက်ခုပ်အားပေးသံ လေး တချက်ပါ။ အရေးတော်ပုံ အောင်မှာပါ။

No comments:

 
/* EOT ----------------------------------------- */