Wednesday, January 2, 2008

မျှော်လင့်ချက်များနဲ့  ၂၀၀၈။ တဖန်ပြန်မွေးဖွားမဲ့ မြန်မာပြည်သစ်


၂၀၀၇ ရဲ့ ရက်ကလေးတွေ..
ဖွာကျ ကြေလွင့်ရတဲ့
ဇာမဏီဌက်မွှေးကလေးများသို့ 
အမှတ်ထင်ထင်..သမိုင်းစာတင်
အဓမ္မအောက်မှာ..ဓမ္မညစ်နွမ်းခဲ့ရပြီ။
ငိုကြွေးရင်ကွဲ ပက်လက်နဲ့  ..အမိမြန်မာပြည်။

သားသတ်သမားတွေ ကောင်းစားတဲ့ခေတ်
သူတော်စင်မှန်ရင်..စတေးခိုင်းတဲ့ စံနစ်..
အမှောင်ရိပ်သမ်း…လမ်းမသိတဲ့ အဖြစ်။
ယဉ်ကျေးမှုများ..အရည်ပျော်ကျတဲ့နှစ်။
ရေတိမ်မှာနစ်..တိမ်သလ္လာဖုံးညစ်
စစ်ကျွန်လက်ထက် ဗမာပြည်။

အသားထည်းက ထွက်နေတဲ့ လောက်။
အရှက်အကြောက်မဲ့၊ လောဘသား.
အစားတလုပ်အတွက်၊ မိသားတစ်စုအတွက်
လောဘအတွက်၊ မောဟအတွက်
အာဏာအတွက်၊ တဏှာ အတွက်၊
ဒေါသအတွက်၊ သောကအတွက်
ပျက်ပြုန်းအောင် ဖျက်ဆီး.
အပြစ်ကြီးတယ်။
ဘုရားတောင်လာ ကယ်မရ၊
အပါယ်မှာဘဲ ပျော်ကြပစေ။

ငယ်စပါယ်ဖူးငုံများ ကြွေ.
သားဆုံးတဲ့အမေ။ လင်ပျောက်တဲ့မယား။
အမေအဖေမဲ့ သားသမီးများ။
ထောင်ထဲ အလည်ရောက်သန္ဓေသား။
နို့ချိုကင်းဝေး၊ သမီးငယ်လေး။
ငိုကြွေး အမေ့ရင်ကွဲကြေဆွေး
အိပ်တဲ့ အချိန်တောင်..တထိတ်ထိတ်
တံခါးလာခေါက်မလား.စိုးရွံ့ ထိတ်
ဒို့ တွေခံစားတာ များခဲ့ပြီ။
ဒို့ ရာဇပလ္လင်..ခွေးအိုတက်နေသည်။

အင်္ဂလိပ်ကျွန်လက်ထက်..ဒို့ ဘာသာမပျက်ခဲ့
ဂျပန်လက်ထက်..ဒို့ လူမျိုးမပျက်ခဲ့
ဒင်းတို့ လက်ထက်ကျမှ သာသနာ လာပျက်ရမလား.
စဉ်းစားကြ ..ကိုယ့်လူတို့ 
အမိမြေရဲ့ ငြိမ်းချမ်း လွတ်လပ်ရေးသို့ 
ဒို့ မျိုးဆက်တွေ တာဝန်ရှိတယ်။
ပါဝင်ခဲ့ပါ ..ဖိတ်ခေါ်ပါတယ်။

အတူတူ..အချင်းချင်း
ရဲဘော် သွေးသောက် အသက်ရင်း
ညီညွတ်ခြင်းနဲ့ ဆောက်တည်.
နောက် ရာစုဆီသို့ ..
အမှောင်ထဲသို့ လမ်းဆက်သွားချင်သလား။
အလင်းထဲသို့  ပန်းတွေ ပွင့်စေမလား။

တနှစ်တနှစ်၊ ကျွန် သက်ရှည်ခဲ့
တော်လှန်ရမဲ့ အချိန်၊ ခုရောက်ပြီ။
ဇာတိ မာန်ချီ ပါဝင်စို့ ။
ရဲဝံ့ ဇာနည်
လာလေ..တိုက်ကြစို့ ။
လင်းလက်စေမဲ့ ၂၀၀၈ သို့ ။

မသဒ္ဓါ ( ၁။၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */