Sunday, May 29, 2016
မြွေတစ်ကောင်၏ ဘ၀ဇာတ်ကြောင်း။
အဖေ့ကိုင်းမှာ မြေပဲနှုတ်
ကြီးလာရင် အရာရှိကြီးလုပ်မှာ
ကျနော် တော်တော်ဟုတ် မဲ့လူ
အသက် (၂၀) ၊ စိုက်တက္ကသိုလ် ကျောင်းသား
သီချင်းဆို စာရေး။ လူမှုရေး သာရေးနာရေး
ကောင်မလေးတွေကို ဂိုက်ပေးတတ်တဲ့ အရွယ်
ကျောင်းပြီး အလုပ်ဝင် စိုက်ပျိုးရေး ပညာရှင်
မကောင်းသူထိပ် ကောင်းသူထိပ်
ဇနီးချော အိမ်ပါ ငွေပါ
ပညာပါ အရည်အချင်းပါ
ခေါင်းတွေ လိုက်ခေါက်နေတာ
တကျောင်းလုံးက မိန်းကလေးတွေဘဲ
ဘယ်သူလဲ ကျနော့ ရဲ့ မယ်သီတာ။
အသက် (၃၀) ကျနော်ကြီးကြပ်ရေးမှူးး
မိန်းမရှိ သားရှိ သမီးရှိ
ဘ၀မှာ အတော် အသင့်ပြည့်စုံ
လိုချင်တာတွေ လည်း အများ
လိုနေသေးတဲ့အရာတွေလည်း အများသား။
အော် များများ မဟုတ်ပါ။
ကျနော် ဒီလောက်လောဘ မကြီးပါဘူး။
အိမ်ကလေးတစ်လုံး ကားကလေးနှစ်စီး
ဘဏ်စာရင်း သုညနောက်တိုး အကြီးကြီး
နိင်ငံခြားပညာတော်သင် ဘွဲ့ အမြီး
ရနိုင်မယ်ဆို ရာထူးလေးလည်း ပိုလိုချင်
တိုင်ကွယ်မယ်ဆို အ၀ှါလေးလည်း လိုချင်
ဒါပေမဲ့ ခုလောလောဆည်
မယားဝယ်မဲ့ လက်ကောက်တွေ အကွင်းမစေ့သေး
ကလေးတွေ ကျောင်းထားဖို့ နောင်ရေး
အထက်က အရာရှိက ဟောက်ဟီး
ဘေးတိုက်ပြိုင်ဖက်များက တီး
မယားတမျိုး သားတမျိုး သမီးတမျိုးး
ကျနော့ နားတွေ ပင်းခဲ့သူ။
အသက် (၄၀) ကျနော် ဦးစီးအရာရှိ
အောက်ကသူကို ဟောက်ရန် ပါဝါ အနည်းငယ်ရှိ
အိမ်မှာက ပါဝါ နတ္တိ
ကလေးတွေ ဆယ်ကျော်သက်
အဖေ မပြောနဲ့  ကျမသိတယ်၊ ကျနော်သိတယ်
အဖေ့ နေရာက ငွေရှာရုံဘဲ။
ဘ၀ကလေး က ပြည့်စုံစ
ဗိုက်ကလေး က ဘော်လုံးလေးလို လှ
အသောက်အစား အသုံး အဖြုန်း
ငါ့လို လူရှိဦးမလား
ကာရာအိုကေ အနှိပ်ခန်း သုံးတာ ငွေကြမ်းတယ်။
ရသမျှ under table မယား မသိဖူး။
ဒါ ကျနော့ ဘ၀ရဲ့ အကောင်းဆုံးအရွယ်။
အသက် (၅၀) ကျနော် ဆံပင်ဆိုးရမဲ့ အရွယ်။
လက်ထောက်ညွန်မှုးက ဒုညွှန်မှူးး
ကျနော်အကောင် ဂျို ထောင် လက်မထောင်
ကလေးတွေ တက္ကသိုလ်က ဆင်း
အဖေ့ထက် သာလာတဲ့ အရည်အချင်း
အိမ်မှာတော့ ကြည့်မရ
အပြင်ကျ ကျနော့ သား ဘယ်သူကွ
ကြွားဝါကောင်းတဲ့ အရွယ်။
ပိုးပုဆိုး တရွမ်းရွှမ်း ခန့်ထည်ထည်
ဖိတ်တဲ့ပွဲတိုင်း ဆက်ဆက်လာ ခဲ့မယ်။
အသက် (၆၀) အရွယ်ဟိုင်း
သွားရတော့မဲ့ ဘေးမဲ့တော
ကျနော် ငယ်ပါသေးတယ်။ ပင်စင် မယူပါရစေနဲ့ ။
ကျနော် နု ပါသေးတယ်။ ထိုင်ခုံမစွန့် ပါရစေနဲ့ ။
ငယ်သူတွေ ကျနော့လောက် မသိပါ
ကျနော် မရှိ နိုင်ငံတော် အကျိုးစီးပွါးထိမယ်။
ဂျို ထောင် အတ္တကို အရောင်ခြယ်ခဲ့
ဘယ်လို ဘာပြောပြော
မွေးစာရင်း အသက်နဲ့ ဆုံးဖြတ်
ယူခဲ့ရပြီး အညိမ်းစား ညွှန်မှုး ထိုင်ခုံ လပ်
အလုပ်နဲ့ သေခန်းဖြတ်လိုက် ရတဲ့ သူ
တိုးလိုက်တဲ့သွေး။ ချို လိုက်တဲ့ဆီး
များလိုက်တဲ့အဆီ။ နှလုံးခုန်သံက မမှန်ပြီ
ဒူးက လည်းနဲ့ ၊ ဇက်ကလဲ ရွဲ့ 
ခါးကလည်းနာ၊ အဆစ်တွေ လည်း ချာလာပြီ
ပိုက်ကလည်း ပူ။ အစာလည်း မကျေသူ
နှာစေးခေါင်းကိုက် ချောင်းဆိုး အဆုတ်
ရာသီ ချိန် တုတ်ကွေးလည်း၊ ကိုယ်ဘဲ ဒီဖောက်သည်
အသက်ရှုကျပ် ညည အိပ်မပျော်
အော်…ဇရာ ဇရာ..
ဒီအခါမှ သတိရ…
အတန်းဖော်တွေ သွားကုန်ကြပြီ
ဘုရား ဘုရား..ငါလည်း ဘယ်နေ့ များပါလိမ့်။
နောက်ဆုံးတော့ သင်္ကန်း
ရဟန်းတို့ ၏ မြင့်မြတ်လမ်း.
လောကုတ္တရာကမ်း သို့ လမ်းပြင်
ကျနော့ ပင်စင်စားတယောက်လေ
အခု ဦးကျိုးးသွားခဲ့သော မြွေ။
မသဒ္ဓါ (၅။၂၈။၂၀၁၆)
စတာပါ အကိုကြီးတို့  မောင်လေးတို့ သူငယ်ချင်းတို့ ။ မသဒ္ဓါ သရော်စာ ရေးရေးနေတာ ကြာပါပြီ။ မိမိ အဖြစ်နဲ့ တိုက်ဆိုင်ခဲ့ရင်လည်း မသဒ္ဓါ တဲ့တဲ့ရေးတယ်ဘဲ ထင်လိုက်ပေါ့။ မဟုတ်ရင်တော့လည်း ငါမဟုတ်ဖူးဘဲ သဘောထားလိုက်ပါ. အမှန်က အပျော်ပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 2:36 AM 0 comments
နောက်ပြန်မလှည့် ရှေ ဆက်တက်။
သိုး လာနေတဲ့ ငါးကင်
ပစ်လို့  ငါးစိမ်းရှာ။.
ဒါ သဘာဝပါ။
ရှည်ထွက်လာတဲ့ ဆင်စွယ်
ဘယ်လိုမှ ပြန်ထည့်မရ
လက်ခံလိုက်ပါ။
ဒါ သဘာဝပါ။
ထွေးပြီးတဲ့ တံတွေး
ဖုန်သဲ လူးလူး
ဘယ်သူမှပြန်မမြို၊၊
ဒါ သဘာဝပါ။
မှောက်သွားသော ထောပတ်ခွက်
ညစ်ထေး ပေကျံ
ပြန်ကောက်ရင် မဖြစ်နိုင်၊
ဒါ သဘာဝပါ။
ပြီးခဲ့တာ အတိတ်
မျက်ရည်သုတ်
ဝမ်းနည်းရန်မလို
သင်ရပ်နေသော ပစ္စုပ္ပန်
သင့် အမှန် ပိုင်ဆိုင်ရာဘဝ
အရိပ်ဆိုးတွေ ကင်းတဲ့
ရောင်နီလမ်း
အမှားတွေ ရဲ့ သင်ခန်းစာ
နေခြည်ထဲမှာ လင်းလက်စွာ
သင် အဖြေရှာ။
အသစ်များစွာ ရဲ့ ပုရစ်ဖူး
သင့် အတွက် စိမ်းလမ်းမဲ့ သစ်ပင်
သင် ပျိုးသော မျိုးစေ့မှန်
သင့် သစ်သီးတဖန်
ခူးရပြန်ပြီပေါ့။
ချိုမြိန်စေမဲ့ ဒီ ရလာဒ်
ရင်ကော့ကာ ဦးမတ်
အနာဂတ်လမ်းဟာ
သင့်ရဲ့ဆုံရပ်။
မသဒ္ဓါ (၅။၂၈။၂၀၁၆)
Posted by Ma Thadar ( မသဒ္ဓါ ) at 12:01 AM 0 comments
Tuesday, May 24, 2016
အလွဲများ နှင့် ပျော်မွေ့ ခြင်း.
ဖြစ်ချင်တာ ဆရာဝန်
တကယ် ဖြစ်လာတာ
စိုက်ပျိုးရေးပညာရှင်
တကယ်လို့ များ
ငါ ဆရာဝန်ဖြစ်ရင်
ပျော်မှာလားတွေးကြည့်
ရွံ ရှာတတ်တဲ့ နှလုံး
သွေးစိမ်းရှင်ရှင် မကြည့်ဝံ့
အသီးအပွင့် မြင်တာပျော်တတ်သောသူ
လွဲခဲ့သော ကောင်းခြင်းကို ကျေနပ်သူ
ငယ်ငယ်ကတွေ့ တဲ့ရည်းစား
အို သူမှာ သူဘဲပေါ့။
စစ်ဝတ်စုံနဲ့ တင့်တယ်သူ
ဗိုလ်မှူး မောင်ဘယ်သူပေါ့
ကံကြမ္မာလွဲ အသည်းကွဲခဲ့
အသက် ၃၀ သူ ကျဆုံး
ကိုယ်မုဆိုးမ ဇာတာလုံးလုံးမပါ။
လွဲခဲ့သော ကောင်းခြင်းကို ပျော်ရွှင် ပါတယ်။
ကျောင်းပြီး အလုပ်ဝင်
သူငယ်ချင်းတွေနဲ့ကွဲ
တဌာနစီပေါ့ ကြေကွဲ
ဝေဒနာဖော်တကွဲ
အများနဲ့ ကွဲပေမဲ့
လူနည်းတိုးတက်ရာဌာန
ရာထူးခဏခဏတက်
နိုင်ငံခြားသွား
ဒါလည်းလေ ကောင်းသော လွဲခြင်းများ။
အစိုးရလခစား ရဲ့ အလုပ်
ကြိုးကုပ်ရည်သန်
လခတော့လစဉ်မှန်ရဲ့
ကျောင်းနေဘက်တွေထဲက
ပြေလည်သူ စားသောက်သုံးဖြုန်းနိုင်
ကြွားနိုင်အထင်ကြီးလောက်သူ
စားချင်တာစား ၀ါးချင်တာဝါး။
ဗိုက်ကား ဦးနှောက်ကြောပြတ်
ကျော်သူ့ ထံ စရံသပ်သူ
ဒီလူတွေထက်စာ
ကိုယ်သွေးကြောဟာ အဆီမပါ
ကောင်းသော ဆင်းရဲခြင်း ။
ကိုယ့်အပါးမှာ ကားတ၀ီဝီ
စီးသူများကြား
ကိုယ်ပိုင်တဲ့ ခြေထောက် နှစ်ချောင်း
နေထိုင်သွားလာခြင်းနေ့ တဓူဝ
ကျန်းမာ ကြံ့ခိုင် တောင့်တင်း၊
ခန္ဓာ လှပ ကျော့ရှင်း
ဤသည် ကားမပိုင်သော လွဲခြင်း။
ငွေကြေး သုံးမကုန် ကိုယ်မပိုင်ပါဖူး
ပျော်ရွှင်တဲ့ မိသားစု ကိုယ်ပိုင်တယ်။
အိမ်ကြီးတိုက်တာ ရေကူးကန် ကိုယ်မပိုင်ခဲ့ဖူး
ကိုယ်ခေါင်းပေါ် အမိုးတစ်ခုတော့ ရှိတယ်။
ဆီဦးထောပတ် ကိုယ် မစားနိုင်ဖူး
အချိန်တန် စားပွဲပေါ်
စားစရာတစ်ခုခုတော့ ရှိတယ်။
အာဏာ ငွေကြေးကျော်ကြားတဲ့
ခင်ပွန်းလင် မရှိပါဖူး။
ပြိုင်လုရမဲ့  တခြားမယားငယ်
မိန်းမသနာလည်း မရှိခဲ့ပါဖူး။
ရှိတဲ့ သားသမီးက
နိုင်ငံခြားဘွဲ့ လွန် ဘာညာမရခဲ့ပါဖူး။
အမေဖျားရင်တော့
ပြုစုတတ်တဲ့ ကြင်နာ မှုရှိပါတယ်။
ဘ၀ဟာ
အကောင်းဆုံးတော့ မဟုတ်ပါဖူး
အကောင်းဆုံးနဲ့ လွဲတယ်ထင်ရပေမဲ့
အဆိုးဆုံးတွေ နဲ့ လည်း လွဲနေတဲ့ ဘဝ
အခြေတကျ အေးဆေးတည်ညိမ်
ဒီလိုနဲ့  ဘဲ ဇာတ်သိမ်းချင်တယ်။
ဘုရားပေးတဲ့ ကောင်းသော
အလွဲတွေနဲ့ ဘဲ
ကိုယ်ပျော်ချင်သေးတယ်။
မသဒ္ဓါ (၅။၂၃။၂၀၁၆)
Posted by Ma Thadar ( မသဒ္ဓါ ) at 12:13 PM 0 comments
Monday, May 16, 2016
လွတ်တဲ့ ငါးက ကြီးစရာမလို၊
အတိတ်ရဲ့ ဆောင်းခဲ့တဲ့ ရွှေထီး
ညည်းညူ တမ်းတ ဂုဏ်ယူမနေကြနဲ့ 
အခု မိုးရွာစဉ် ထီးလုပ်
ထန်းပလပ်စုတ်ကသာ သင့် ပိုင်ဆိုင်ရာ။
လွတ်တဲ့ ငါးတွေ ကြီးမနေနဲ့ 
ပိုက်ကွန်တဲ့က ငါးသေးကလေးသာ
သင့် အတွက် ဒီညစာ။
ဆူဖြိုးတဲ့ ခြုံထဲ က ကြက်
သင့်မိမယ် မမိမယ် မသေချာ
သင့် လက်ထဲက ကြက်ကိုသာ ချက်စားပါ။
အတ္တ နဲ့ မာန။
ငါဘာကောင်ကွ၊ မင်းဘာကောင်ကွ
ငါ သည် ဆရာ ၊ သူသည် တပည့်
အချင်းချင်း ကပ်ဖဲ့
ပုပ်အဲ့အဲ့ လူသေကောင်တွေကို ဆေးဆိုး
ကြွားမျိုးတစ်ထောင်၊ လက်မထောင်ခဲ့
အော်
လူဆိုတာ လူဘဲ ဖြစ်ပေမဲ့
မသေချာတဲ့ ၊ မရေရာ တဲ့အရာ
လေကုန်ခံ အကျိုးမရှိ
စိတ်ကူးတွေ မယဉ်စေချင်ပါဖူး။
မိမိ လက်ထဲကအရာသာ မိမိပိုင်ဆိုင်မြဲ
ရဲရဲ ဘဲ အမှန်တရားသို့  ရင်ဆိုင်။
သင့် အနာဂတ်ကို သင်ပိုင်ပြီပေါ့။
မသဒ္ဓါ (5/15/2016)
Posted by Ma Thadar ( မသဒ္ဓါ ) at 1:26 PM 0 comments
နှင်းဆီ နှင့် သူ၏ဆူးများ
ပွင့်ဖတ်နုနယ်၊ အသွေးကြွယ်၍
အဆင်းပြည့်စုံ၊ ဖူးပွင့်ငုံသည်
ချူ လက်ကို မှန်း နေခြည်လန်း၏။
ပန်းစားတစ္ထေ
ပန်းချွေမုဆိုး ရန်စွယ်ညိုးမှ
ရန်ကာဆီး လျှက် ဆူး ဖက်ထားသည်။
ထိုက်သင့်သူရာ ချူ ရာတည်း။
မသဒ္ဓါ (5/15/2016)
Posted by Ma Thadar ( မသဒ္ဓါ ) at 9:58 AM 0 comments
မနက်ဖြန်သို့  ပြင်ဆင်ခြင်း။
မနက်ခင်း နေခြည်စ
ပြုတင်းတံခါးဝ
ဖွင့်လှစ်တဲ့အခါ
ဆွတ်ပျံ့ လာတဲ့ လေညှင်း
လှပသော နေ့သစ်၏ အဆင်း။
ပန်းလေးတွေ စို
ဌက်ကလေးတွေ တေးဆို
နေခြည်တွေ လင်းလက်
ဤ လှပသော နေ့ ရက်၊
မနေ့ ကို ချန်ရစ်ခဲ့
ပစ္စု ပ္ပန်ရဲ့ ရက်တွေ
မနက်ဖြန် နေ့ သစ်အတွက်
ဒီနေ့ ကို အသက်ဆက်ရမယ်။
မြစ်တစင်း၏ ရေ
မနေ့ က စီးရေနဲ့ 
ဒီနေ့ စီးသော ရေမတူဘူး
အတိတ်ဆိုးဆိုတာ
တခါတခါ..ခြောက်လှန့် ရုံအိမ်မက်ဘဲ။
ဒီမနက်ခင်း နိုးအထမှာ
နှင်းကြွင်းလို ပျောက်ရှ
ရေငွေ့ လို မိုးပျံခ
ယုံကြည်ပါ။
ဒီနေ့ အတွက် ရဲ့ မင်းခြေလှမ်း
ဒါ..မနက်ဖြန်အတွက် ပန်းခင်းလမ်း။
မသဒ္ဓါ (5/15/2016)
Posted by Ma Thadar ( မသဒ္ဓါ ) at 6:50 AM 0 comments
Saturday, May 14, 2016
အိမ်ပြေး
ပိတ်ထားတဲ့ ခြံဝန်း တံတိုင်းကြား
လုံခြုံတဲ့ စည်းရိုးသားတဲ့ အိမ်
ဒါက သူ့ နေတဲ့ ဂေဟာ
နေချင်သလို နေပါ။
မြက်ခင်းစိမ်း တွေပေါ်ဆော့
ကစားစရာအရုပ် ကိုက်စရာ အမဲရိုး
အိပ်စရာ အိမွေ့ ယာ
အစာရေစာ အ၀စားပေါ့
အစစ အရာရာလုံခြုံ ဘ၀ကပြည့်စုံပေမဲ့
ခြံအပြင် ကို ကြည့်
လွတ်လပ်ချင်သည့် အရသာ
ထွက်ပြေး အပျော်ရှာချင် သူ။
ခြံဝန်းတံခါးက ခွေးတိုးပေါက်
အပြင်ရောက်ချင်ရှာသော ခွေး
ဆူးတွေ နာလည်း မကြောက်
အရေပြားပေါက်လည်း မကြောက်
ငါအပြင်ရောက်ဖို့ ဘဲအရေးကြီးတယ်။
လွတ်လပ်မယ်ဆို ဒါ ပျော်စရာ
အပြင်လောက တယ်ပျော်စရာပါ့
လမ်းမပေါ် လျှောက်ပြေး
ဟိုငေး ဒီငေး၊ ပျော်ရေး လည်လည်
အချိန်တန် တွေ့ တာ အစုံစား
လမ်းပေါ်က ထမင်းကျန်ထုတ်
သောက်စရာ ဈေးတန်း ကရေပုပ်
အမှိုက် ပုံတကာဖွ နတ်သုဒ္ဓါတမျှ
အပြင်လောက ကအောချရတယ်။
ရမယ် လည်သူက စားစတမ်း
အင်အားရှိ မှ အနိုင်ရ
ကိုက်နိုင်မှ အသာရ၊ ဖြတ်နိုင်မှ အစာရ
လုသူမှ အစာဝ။ နု သူများ ဘေးဖယ်ကြ
စားတဲ့ အခါစားရ၊ မစားတဲ့အခါ မစားရ
အိမ်လိုတော့ အစာ အချိန်မမှန်ဖူး။
ဒါပေမဲ့
အိမ်မှာ မစားရသော လူ့ မစင် အနံ့ ထူး
ငါ မြီးဖူးတယ် ငါကြိုက်တယ်။
လွတ်လပ်သော ဘဝ
လမ်းတကာပေါ်က ခွေးမတွေ
လှလှ မလှလှ အတွေ့ နဲ့  ကာမ
လမ်းခွေးများစွာ နဲ့  မာန်ဖီ
ဟိန်းတတ် ဟောက်တတ်သည်။
ကိုက်တတ်ဖြတ်တတ်လာပြီ်။
အချိန်ကညောင်း ဘ၀ပြောင်း
ဇရာလည်း ညောင်း
နားရွက်လည်း ပြတ်၊ မျက်လုံး လပ်
မျက်နှာတွေ ပဲ့၊ သွားတွေ နဲ့ 
နံရိုးတွေ ယဲ့ယဲ့ ခြေလက် ဒဏ်ရာ နဲ့ 
အရေပြား ၀ဲစား၊ ပေါ လိုက်ပါတဲ့ သန်းများ
လှသော အိမ်မွေးခွေးဘဝ
အတိတ်ဘ၀မှာဘဲ ကျန်ခဲ့သူ၊
တနေ့ မှာ အစာမရှိ
အိပ်၍နေသည့် ဈေးအမှိုက်ပုံ
ဝမ်းဗိုက် ဟောင်းလောင်း
ပိုင်ရှင်ဟောင်း နဲ့  ပြန်ဆုံတယ်။
ဖြစ်ပလေ သားရယ်၊
အမေ့ အိမ်ပြန်လိုက်ခဲ့
မကျန်းမာတာ ဆေးကု၊ အမေပြုစုပါ့မယ်။
ဒီလိုနဲ့  ပြန်ရောက်ခဲ့တဲ့ အိမ်
အစာရေစာ မပူရ မူလ ဘ၀ပေါ့။
ဒါပေမဲ့ သတိတရ
လွမ်းမိတာ အပြင်ဘဝ
ပြည့်စုံသော်လည်း အိမ်ပြေးခွေး
အတွင်းမှာ နေရေး မလွယ်
နောက်တခါ ပြန်ထွက်ပြေး
လမ်းပေါ်သာပျော်မယ်။
အမေရယ် ကျနော့ကို လိုက်မရှာနဲ့ ။
တနေ့ သောအခါ
လမ်းဘေး ကားတိုက်ခံရတဲ့ ခွေး
ကြေမွ အတိ၊ ဘယ်သူမှ ပြေးမကြည့်။
အမေ ကတော့ သိတယ်။
အော် လမ်းဘေးမှာ အပျော်ရှာ
အမေ့အိမ် မပျော်သော ခွေးမိုက်
လမ်းပေါ်မှာဘဲ ဇာတ်သိမ်းလိုက်တယ်။
ဗီဇ နဲ့  ၀ါသနာ တိရိစ္ဆာန်တောင် မနေသာဖူး
အိမ်မွေးခွေး နဲ့ အိမ်ပြေးခွေး နှစ်ဘဝ
ချစ်သော အောင်နက် ၏ ရာဇ၀င်။
မသဒ္ဓါ (၅။၁၄။၂၀၁၆)..
Posted by Ma Thadar ( မသဒ္ဓါ ) at 11:34 PM 0 comments