အနှစ် နှစ်ဆယ်နီးပါး။
မတရား။ မဟား ဒယား၊
တိုင်းပြည်ကို လုယက်ထား။
မြေပဒေသာပင်ကြီး၊
ချက်ချင်း သီးမယောင်ယောင်၊
မျက်လှည့် ယောင်ယောင်။
ရူးကြောင်ကြောင်..မူးယောင်ယောင်
ဒီဟန်ဆောင်ကြွားလုံးများ..
ရိုးနေခဲ့သည်။ တော်သင့်ပြီ။
မင်းတို့ ဆင်းမလား။ မဆင်းဘူးလား၊
စစ်သားဆိုတာ စစ်တန်းလျားပြန်သွား။
တိုင်းပြည် တိုးတက်အောင်လုပ်တာ.
ဒီလောက်တော့ လွယ်မလား။
တတ်သူတွေ၊ လုပ်ကြပါစေဦးလား။
မလုပ်တတ်ဘဲ၊ လက်ညှိုးထိုးတလွဲ၊
တိုင်းပြည်လည်း၊ ရေနည်းငါးဖြစ်နေ။
ကမ္ဘာပေါ် ဗမာတွေ မျက်နှာငယ်ရနေ။
ကြာလေလေ အရူးရင့်၊
ပြည်သူ ကျပ်တည်းရင်ဖြင့်၊
ဒီမိုကရေစီနဲ့ ၊ လွတ်လပ်ခွင့်တောင်း၊
အပြောင်းအလဲတော့ လိုတယ်။
အာဏာရှင်၊ မင်းတို့ ဘေးဖယ်။
အကြမ်းဖက် ဖြိုခွဲ ဖြိုခွဲ
ဒို့ စိတ်ဓါတ်တွေ မပြိုလဲ
ကြာကြာလေ၊ ခိုင်မြဲလေလေ။
သတ်ချင်သလောက်..သတ်၊
ဖမ်းချင်သလောက်..ဖမ်း၊
ညှင်းချင်သလောက် ညှင်းစမ်း။
အချိန်တန်..မိုးစက်ပေါက်ဖျောက်ဖျောက်၊
မြက်သားမွေးတို့ ပြန်စိမ်းစိုပေါက်
အမှန်တရားရဲ့ တော်လှန်ရေးဆို
ဘယ်တော့မှ၊ အလံမလဲပြို။
အမေစုရဲ့ ငြိမ်းချမ်းရေး၊ ဒို့ အားလုံးရဲ့သွေးထဲမှာ။
မင်းကိုနိုင် ရဲ့ ရဲရင့်ခြင်း၊ ဒို့ စိတ်ဓါတ်အတွင်းထဲမှာ။
ရှင်ဂမ္ဘီရ ရဲ့မေတ္တာတရား၊ ဒို့ နှလုံးသားထဲမှာ။
ဗိုလ်ချုပ်ရဲ့ တော်လှန်ရေး၊ ဒို့ အတွေးထဲမှာရွေးချယ် ။
ဦးအောင်ရဲ့ ၀တလုံးကိုဖျက်၊
ဝ နှစ်လုံး ထပ်ပေါ်လျှက်၊
ဖျက်ချင်သလောက် ဖျက်ကြည့်စမ်း။
အဓမ္မဆိုတာကို တော်လှန်ဖို့ 
ဓမ္မတရားဆိုတာ အမြဲရှင်သန်ဆဲ
နံရံတွေကြားမှာ..ဒို့ နားတွေရှိတယ်။
မင်းတို့ရဲ့လှုပ်ရှားမှုကြား..ဒို့ မျက်စိများရှိတယ်။
အင်တာနက်ပိတ်ပိတ်၊ ဖုန်းသံ ဘဲတိတ်ဆိတ်၊
မီဒီယာများ ဘယ်လို ပိတ်ပိတ်
မကောင်းမှုဆိုတာမရှိဘူး။ ဆိတ်ကွယ်ရာ၊
နောက်ဆုံးမှာ ဘွားကနဲပေါ်လာ။
လူသတင်း၊ လူလူချင်း၊
မကောင်းတဲ့ သတင်း၊
ပိုမိုထင်ပေါ်မဲ့ အတင်း၊
၈၈၈၈ စိတ်ဓါတ်၊
တပြည်လုံးမကုန်သရွေ့ မရပ်။
မနိုင်မချင်း ဆက်တိုက်။
ဒို့ မျိုးရိုး စဉ်လိုက်
ဘယ်တော့မှ ဒို့ ပန်းမပေး၊
ဒူးမထောက်ကြေး။
မြေ့မြေ့လောင်တဲ့ဖွဲမီး၊
ပိုအရှိန်ကြီးတယ်။
ပြည်သားကိုရန်စ၊ ဘာသာကို ကြဉ်ပ၊
တယောက်မှ မနေရ။
တပြည်လုံးက..သူပုန်ထ။
သွားလေရာရာ၊
မင်းအရိပ်တောင် မင်းစိတ်မချစေရ။
အိပ်လေရာရော၊
မင်းဘယ်တော့မှ မငြိမ်းချမ်းစေရ။
စားလေရာရာ၊
မင်းဘယ်တော့မှ အရသာမရှိစေရ။
လုပ်လေရာရာ၊
မင်းဝိညာဉ်ဟာမအေးချမ်းရ။
မင်း အသက်ကလေး၊
ဖက်ကလေး နဲ့ ထုပ်ထားကြ။
ခိုးဝှက်ထားသမျှ ဘဏ္ဍာ။
မင်းသေရာမပါ။
ပြေးစရာမြေလည်းမရှိဘဲ။
လူတောထဲလည်း မင်းမတိုးရဲ။
မရှိတဲ့ ဂုဏ်သိက္ခာနုံနဲ့ ယဲ့ယဲ့မွဲ။
မင်းနံမည်လည်း ဖွင့်မပြောရဲ။
မင်းသားစဉ်မြေးဆက် မျက်နှာငယ်မွဲ။
မင်းအသုဘမှာ၊ လူလာ နည်းနည်း ။
မြစ်ပြင်ထက်မှာ၊ မင်းပြာမှုန်ကြဲ။
တွေးဘဲကြည့်စမ်း၊
မင်းရဲ့ဇာတ်သိမ်းခန်း၊
အော် ဘာလွမ်းစရာရှိမလည်း။
ကမ္ဘာအနှံ့  အာဏာရှင်ရဲ့နိဂုံး
ဘယ်သူမှ ပျော်ရွှင်၊ ငြိမ်းချမ်းတဲ့အဆုံးမရှိ။
ကဲ..မင်းမိုက်ရဲရင် ဆက်မိုက်ကြည့်လိုက်လေ။
မသဒ္ဓါ (၁၁။၁၉။၂၀၀၇)
Wednesday, November 21, 2007
အာဏာရှင်သို့  သတိပေးခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment