Sunday, November 18, 2007

ပဉ္ဇင်းဦးကောဝိဒထံပို့  မေတ္တာစာ


သားမောင်အရွယ် ငယ်ပဉ္ဇင်းဦးကောဝိဒထံ
တကာမကြီးမသဒ္ဓါမှ..မေတ္တာစာပါးလိုက်ပါသည် ရှင့်။

ရွှေဝါရောင်တော်လှန်ရေး။ နိုင်ငံ၏ အရေး
မိုးသဲမရှောင်။ တုတ်ရိုက်ပွဲ မရှောင်
ကျည်ဆံမိုးထဲတောင်။ တိုက်ရဲရဲ သေရဲရဲ၊
မေတ္တာရောင်စဉ် ဖြန့် ကြဲ။ လမ်းလျှောက်ပွဲ ၀င်ခဲ့။
ပဉ္ဇင်းရဲ့စေတနာ။ သာဓု အနုမောဓနာ။
တပည့်တော်။ အတိုင်းမသိ ပီတီထောမနာ။

ပဉ္ဇင်း၏ အတူတကွ။ ရဲရင့်ကြသူအများ
သွေးရဲရဲ စွန်းထင်း။ ကျဆုံးခြင်းများ
လူမဆန် နှိပ်စက်။ စစ်ကြောရေးထဲ ၀ိညာဉ်ထွက်သူ
ကဘော်ချိုင့်ရောက်။
သေလု သေဆဲ သေလတ္တံ
ရဟန်းရှင်လူအပေါင်း၏ ဇာတိသွေး သတ္တိ
တိုင်းပြည်ကို သိခြင်း။ ကဗျည်းတင်ထိုး ထားပေ၊
ဒါ ခေတ်သမိုင်းဆိုး ရဲ့အမွေ။

ဘယ်ခေတ်မဆို
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကာလ
ငွေနဲ့ ရင်း။ အချိန်နဲ့ ရင်း။ လုပ်အားနဲ့ ရင်း။
ချွေးနဲ့ ရင်း။ မျက်ရည်နဲ့ ရင်း။ ဘ၀ကိုနှင်း။
သွေးနဲ့ ခင်းမှ ရ။ အသက်နှင်းမှ ရ။
ဒါသဘာဝဘဲ။
မှန်ကန်ချင်ရင်.ရဲရင့်မှရမယ်။
လွတ်လပ်ချင်ရင်..စတေးမှရမယ်။

သေခြင်းထက်၊ ပိုခံစားမှုပိုပြင်း၊
ဌက်တကောင်လို လှောင်ချိုင့်တွင်း၊
အချုပ်နှောင်ထဲမှာ ရှင်သန်ခြင်း၊
ပျိုမျစ်ငယ် ဘ၀ရက်များ။
သစ်ရွက်များသို့ တစစကြွေ။

ချစ်ခင်သူများနှင့် ကွဲကွာခြင်း၊
အဖကိုနိုင်ငံအတွက် ပေးဆပ်ခဲ့ခြင်း၊
အမိကိုနိုင်ငံအတွက် အကျိုးထမ်းစေခြင်း၊
သေလု လင်သားကိုပြုစုချင်ညား.မျိုသိပ်ခဲ့ရခြင်း၊
အဖမဲ့သားသမီးများ၊ လွမ်းဖျားဆို့ နင့်တမ်းတခဲ့၊
မြေးငယ်ကို မမြင်ဘူးဘ၊ဲ အိမ်မက်ထဲပုံဖေါ်ဆဲ။
နိုင်ငံကို ဘ၀ပေးဆပ် ဖို့ ကလွဲ။
ဘာအခွင့်အရေး နဲ့ မှ မလဲ
အနာဂတ် ယဲ့ယဲ့ နဲ့ မုဆိုးမ
ပညာတတ်တဲ့ မိန်းမ.အလုပ်လုပ်တဲ့မိန်းမ
အိမ်ထဲမှာ၁၂ နှစ်ကျော် ဘယ်လိုနေရပါ့။
စာနာ စဉ်းစား ပေးကြည့်ပါဦး။

သန်း၅၀ ကျော် မြန်မာလူထု။ ရင်ဝယ်သားလိုပိုက်စု၊
သူ့ ဘ၀ကို.စတေးလိုက်တဲ့ မိန်းမတဦး..
ဗမာပြည်မှာ ရှိခဲ့ဘူး..
မသဒ္ဓါတော့ ဂုဏ်ယူထားဦးမယ်။
ကိုယ်တိုင်က ဒီလောက်ပါရမီ မရှိ။
ကျမ ရှက်တောင်ရှက်မိတယ်။

အရည်အချင်းမဲ့သူများ၏၊ မနာလိုကဲ့ရဲ့ခြင်း
ချီးမွန်းချင်လည်းခုနှစ်ရက်။
ကဲ့ရဲ့ ချင်လည်း.ခုနှစ်ရက်၊
ဘုရားရှင် နှုတ်ကပတ် ထွက်၊
သကြားမင်း နွားဖန်ဆင်းတောင်။
ခုဘဲ ဂျိုထောင်လိုက်။ ခုဘဲ ဂျိုကားသွားလိုက်။
လူ့ ပါးစပ်ဖျား။ အပြစ်များဘယ်ခါ မလွတ်။
ဗူးတရာဆို့ နိုင်ပါရက်။
ကွဲလွဲလျှက် ပါးစပ်တစ်ရာ။
ပိတ်လို့ မနိုင်သာ။

ဘာဘဲဖြစ်ဖြစ်.စေတနာရှင်း
အများအတွက် ရင်းရင်။
ဝေဖန်တာဘယ်မကြောက်
သွားစရာ့ကိုယ့် လမ်းသာ ဆက်လျှောက်
သမိုင်းဆိုတာ၊ အချိန်တန်ရင် ဘယ်မညာ
အမှန်ဟာ ဗူးပေါ်တာဘဲ။ တနေ့ မှာ။

ဒေါ်စုနဲ့ နအဖ ဆုံတွေ့ မဲ့ ဆွေးနွေးပွဲ.
ဒါဟာ နိုင်ငံရေး စစ်တုရင်ပွဲ
ပရိယာယ် ပင့်ကူ ကွန်ယက်ဆင်
ဗျူဟာနဲ့ အကွက်ပြင်။
ဒါးစကားလုံး သီကုံးဆင်။
စစ်စကားရည်လုပွဲ ယှဉ်
အလဲထိုး အောင်ဆု လုနေဆဲ
ကျွမ်းကျင်သူတွေရဲ့ စစ်တလင်း.
အပြင်ကနေ
လူငယ်တွေ အသာလေးကြည့်။
ပွဲပြီး အထိအောင်။

ဦးဇင်း၏ သတိပေးချက်။
အင်မတန် အဖိုးတန်ပါလျှက်။
မလိုသူအဓိပ္ပါယ် အကောက်လွဲ။
သွေးထိုးပွဲစလာနိုင်။

ဒေါ်စု လည်းခေသူမဟုတ်
ရာဇပရိယာယ် ကြွယ်ထားပြီးသား
နအဖ မြွေ ခြေမြင်ဘူးထား
ဒီပညာတွေ သူ ဆည်းပူးပြီးသား
ကြောင့်ကြပို ကိုယ်တော်လေ။
စိတ်မပူအား ပါလေနဲ့ ။

ဒီအချိန် ဒို့ အားလုံး
ညီညွတ်ကြရမဲ့ အချိန်။
သွေးစည်းကြရမဲ့ အချိန်
စစ်ပွဲဆိုတာနိုင်ရဖို့ အဓိက။
ဘာနည်းဘဲ သုံးရသုံးရ။
ဒီစကားမှန်သော်လည်း။
စစ်ပွဲဆိုတာ တဆင့်ပြီးတဆင့်
အင်အားမြှင့်တတ်ရမယ်။

တိုက်ပွဲမစခင်.မျှားချွန်။
တိုက်ပွဲအချိန်ကျ အားသွန်
တိုက်ပွဲ နားချိန်.လယ်ထွန်။
အားသစ် ပြန်မွေး။
မျိုးဆက်သစ် ပြန်မွေး၊
တိုက်မဲ့အရေး.လက်မနှေးစေနဲ့ ။

စစ်မရောက်ခင် မျှားကုန်။
အုပ်စုကွဲ နွားသားအုပ်။ ကျားအခုပ်ခံရနိုင်၊
စကားများများမပြော။
ကြေညာချက်များများ မထုတ်၊
ကြောင်လက်သည်းများလို ကုပ်။
အရေးမကြုံခင် အပြင်သို့ မထုတ်
ဒီ ကျားကို..အပြုတ်ရှင်းထုတ်ကြဖို့ 
ဒို့ နွားများ သွေးစည်းကြပါစို့ ။

မသဒ္ဓါ (၁၁။၁ရ.၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */