ဗုဒ္ဓဘာသာမျိုးရိုးမှဖွားမြင်ခဲ့
တပည့်တော်ကျမ မသဒ္ဓါ..
ငယ်စဉ်က..မိရိုးဖလာ ရှစ်ခိုးလာ.
ကြီးပြင်းတဲ့အခါ..မိမိဖာသာသက်ဝင်ယုံကြည်ခြင်း
မသင်္ကာမှု. အလျှဉ်းရှင်းတဲ့
ဗုဒ္ဓဘာသာရဲ့ရသ..
တုနှိုင်းမရှိမေတ္တာရဲ့အစွမ်းအစ..
အေးငြိမ်းချမ်းသာမှု..ရောင့်ရဲတည်ငြိမ်မှု..
ဘ၀ရဲ့..မရှိမဖြစ်လိုအပ်မှု..
ဗုဒံ္ဓ..ဓမံ္မ..သံဃံ..ပူဇော်ရာထိုက်အမှန်။
ဒုတိယအရွယ်..မမျော်လင့်ဘဲ ပစ္စန္တရစ်.မှာ ရောက်
စစ်ကိုင်းတောင်ရိုးတလျှောက်က..ရှုမဆုံးတဲ့စေတီ
မန်းတောင်ခြေက..ပိဋကတ်သုံးပုံကျောက်စာကြီးများ
မနက်ခင်း..အုံးမောင်းခေါက်သံ
ဆွမ်းတော်ဗျို့ နဲ့ ကြေးစည်ညံ
အသံမစဲပဋ္ဌာန်းရွတ်ဖတ်သံ
လှုကထိန်သင်္ကန်း..
ဗုဒ္ဓဘာသာရောင်ဝါလန်းဆမ်းတဲ့ဧရာမြေ
အဝေးကမှန်း..လွမ်းခဲ့ချေ.
ဂုဏ်ယူမိခဲ့မြန်မာပြည်
အခုတော့လေ..ကြိမ်မီးအုံး..
မင်းယုတ် အာဏာစက်မိုးသို့ ချုန်း
ဓမ္မစက်ကို..အာဏာစက်နဲ့ ဖြိုခွင်း
သင်္ကန်းအတင်းချွတ်လူဝတ်လဲခြင်း..
အပြစ်ကင်းတဲ့ ဘုရားသားတော်..
သွေးစွန်းနေတဲ့သင်္ကန်း..
အဓမ္မဖိနှိပ်..အနုကြမ်း.
ဘာသာမရှိ..သာသနာမရှိ.
အာဏာဘဲသိတဲ့..အရိုင်းစိုင်းများ..
ဒီအတိုင်းကြည့်နေကြတော့မှာလား..
ဒို့ အနာဂတ်များ..ကျောက်ရိုင်းခေတ်သို့ ပြန်သွားနေ။
ဝေသာလီပြည်ထဲ..၀င်နေခဲ့တဲ့ဘီလူးတွေ
၃၈ ဖြာမင်္ဂလာလွှမ်းခြုံ..မေတ္တာနဲ့ လုံခြုံဖို့ 
ဒို့ ဘာသာတရား..ပြန်လည်ထွန်းကားရေး..
ဒို ဓမ္မသုတ္တံများ..ပြန်လည်ပြန့်ပွါးလာရေး..
ဒို့ သံဃာ့ ဂုဏ်တော်များ .ပြန်လည်ထွန်းပြောင်လာစေရေး.
ဦးနေ၀င်းပြောခဲ့သလို..
ဒါးဆိုဒါးချင်း..လှံဆိုရင်လှံနဲ့ ဘဲရှင်းရရှင်းရ..
ဘာသာ..သာသနာအတွက်ကျမရဲရင့်
၅ပါး၏သီလ..ခါးဝတ်လိုမြဲခဲ့ရပေမင့်..
ရဟန်းအမ၏ ဘ၀ကိုခ၀ါချ
ပြင်သစ်က ဂျုံးလိုဘဲစစ်တိုက်ရတိုက်ရ..
အသက်ဘဲသေသေ..ဇီဝိန်ဘဲကြွေကြွေ.
ခန္ဓာဘဲပြုန်းပျက်ကြေကြေ.. ငရဲဘဲကျစမ်းပစေ.
ကျမခေါင်းငုံခံမနေ
မကြောက်မရွံ့ ..ရဲဝံ့ခဲ့ပြီ.
၅ပါးသီလရဲ့အစား..ပါဏာတိပါတာကံကိုဖယ်ထုတ်.
လေးပုဒ်ဘဲ..ကျမအာဂုံဆောင်..
ဒို့ အားလုံးတိုက်ပွဲဝင်ကြရအောင်..
မသဒ္ဓါ (၁၀။၁။၂၀၀၇)
Monday, October 1, 2007
ကောင်းမွန်သန့် ရှင်း…ယုံကြည်ခြင်း၏၀ါဒီ
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment