Thursday, March 27, 2008

ငါးသုံးကောင်၏ ပုံပြင်။


ယမုံမြစ်ကြီး .
ရေစီးနဲ့ ကူးနေတဲ့ ငါးသုံးကောင်
တံငါကပိုက်ကွန်ချ..ဖမ်းမိကြတဲ့အခါ
လှေဝမ်းဗိုက်ထဲ..အသက်ရှူကြပ်.
သေငယ်ဇောနဲ့ .ဆင်းရဲငတ်ပြတ်။

တစ်ကောင်သော ငါး..
စဉ်းစား မတွေးမိ
စွမ်းအားရှိသမျှ..ထုတ်မဲ့အား..
ပြာပြာသလဲ..လှုပ်လှုပ်ရှားရှား
ဝုန်းဒိုင်းဒိုင်းထထခုန်..
ခုဘဲ လွတ်လိမ့်မည့်ပုံ။

ဒုတိယသော ငါး..
အားငယ်ချင်းများ အတိ..
အင်း…ခုန်နေလည်း အပိုပါဘဲ..
အားသာကုန်ဘိ... ကံသာအမိ..
ဝဋ္ဋ်ပါရင်..သေတာဘဲ ကောင်း၏။

တတိယ သော ငါး..
စဉ်းစားဆင်ခြင်ရှိ..
ခုန်လိုက်တိုင်း အားကုန်..
အသက်ပိုဆက်ရေး အားစုစည်းထိန်းပေးရုံ..
အခွင့်သာမဲ့ အချိန်ထိတောင့်
ကတွတ်ပေါက်ကဗျိုင်း..ငါးကိုစောင့်။

အချိန်မကျ..တဝုန်းဝုန်းထတဲ့ ဝီရိယငါး
သတိထားမိတဲ့ တံငါသည်..
လှေတက်နဲ့ တွယ်။

စစ်မရောက်ခင် မြှားကုန်။
ကံဘဲယုံတဲ့ငါး..
လှေဝမ်းထဲမှာ..အသက်ပြယ်

အကွက်ချောင်း နေတဲ့ငါး
အသက်သေ ဟန်ဆောင်ထား..
လှိုင်းဒီရေ အမြူး..
လှေစောင်းခိုက်မှာ လွန့် လူး.
ခုန်ချမြစ် ထဲ ရေဆင်းကူး
လွတ်မြောက်ခဲ့ရဘူး။

ဤ ငါးသုံးကောင်၏ပုံပြင်
မောင် နှမငယ်များ..အတုယူစေချင်..
စောင်းကြိုးညှင်းတဲ့ ဥပမာ..
တင်းလွန်းရင်..အသံဆတ်..
ပျောလွန်းရင်..အသံပြတ်
မရော့ မတင်း..စောင်းကြိုးညှင်းမှ
ဗေလုဝနတ်စောင်းပမာ..အသံကလှ..

အခွင့်ကောင်းစောင့်ကြ ခလေးတို့ 
မထင်မရှား နေ..အဆိပ်မရှိတဲ့ရေမြွေ..
အချိန်ကျမှသာ.
မြွေပွေးပမာ ပါးပြင်းထောင်ကြစို့

လေတိုက်ပြင်း ပို ခံရတတ်တယ်..
မြင့်လွန်းတဲ့ သစ်ပင်သို့ .
တပင်ထဲ..မမြင့်မား.သစ်တောအလား..
မုန်တိုင်းဒဏ် ညီမျှခံကြပါစို့ 
ဝှက်ကာထား..အားအင်များ လိုရင်သုံးဖို့ 

အချိန်ကျ မီးတောက်ပြ..
မီးခြစ်ဆန်တစ်စ..
အစွမ်းသတ္တိထယ်ထယ်..လောင်ရှိန်ပြင်းပြင်း ပူသို့ 

အဓိက…ခွန်အား..
ကံဥာဏ်ဝီရိယ
ဖြတ်ထိုးဥာဏ် ကြွယ်ကြစေဖို့ 

မီးစပွင့် ကလေးများ၏ စုပေါင်းအား..
သံမဏိသားများ ကို တောင်..
အရည် ပျော်စေနိုင် သကဲ့သို့ 

လာဟေ့…ညီညာ..တွဲလက်ခိုင်..
အရှေ့ က ပန်းတိုင်
ပြိုင်တူ ဆက်လက်ချီတက်ကြပါစို့ ။

မသဒ္ဓါ ( ၃။ ၂၆။၂၀၀၈)

1 comment:

Tin said...

အတုယူစရာကောင်းတဲ့ အကြောင်းအရာတခု ကိုအနုပညာတရပ် အနေနဲ့  ဖေါ်ပြ ထားတာ လေးစားပါတယ်။

 
/* EOT ----------------------------------------- */