Friday, February 8, 2008

ရန်ကို ပြတ်အောင်ဖြတ်..


မီးနေသည်..ခလေးမွေး
လက်သည်ချည်း အားမကိုးနဲ့
ကိုယ်တိုင် အားထုတ်မပေး။
ခလေးမွေးဖို့ မလွယ်။

ကိုယ့်ပြည်တွင်းအား ကို ကိုယ်အားကိုး.
လက်နက်ဆိုး နဲ့ စစ်ရန်သူ
လက်ပလာနဲ့  နိုင်ဖို့ မလွယ်ကူ..
ငါးကြင်းဆီ နဲ့ သာ..ငါးကြင်းကြော်
လူသူလက်နက် ကို စုဆောင်းရင်း.
သွေးတူသူ ပေါင်းစည်းရင်း
စန္ဒဂုတ်မင်းလို စစ်တိုက်ခြင်း။

အေးချမ်းရေး လမ်းစဉ်နဲ့ 
ရွက်တိုက် လိုပါလည်း.
လူမိုက်တွေကျ..ညှိနှိုင်းရန် ခက်ခဲ..
အကောင်းဆုံးတွေ ကို မျှော်လင့်
အဆိုးဆုံး အထိ ရင်ဆိုင်
ရရင်ရ..မရရင်..ချ၊
ပြတ်ရမဲ့ ရန်။
ကိုယ်မသတ်က သူသတ်မယ်အမှန်။

စိတ်တွေဝေ..မ၀ံ့မရဲ
ကြွေခဲ့ ပန်းတွေများလှပြီ။
ကြွေနေဆဲ ပန်းများလည်း.ရှိနေသည်။
ဆက်ကြွေဦးမဲ့ ပန်းများလည်း..အနောက်မှာတန်းစီ။
လူမသတ်ချင်ပေတဲ့..
ရန် မပြတ်ချင်..
နင်သတ်တာ..ငါခေါင်းငုံခံရမလား။
စဉ်းစား.စဉ်းစား.
လျှော့ လွန်းရင်..ပြန်ပတ်မည်။
ပျော့လွန်းရင်..အသတ်ခံရမယ်။

စစ်တပ်က လက် တဖြေးဖြေးယဉ်.
ခလေး။ လူအို။ ဘုန်းကြီး။ မယ်သီလ။ မိန်းမ။ ယောက်ျား.
ဗိုက်ကြီးသည်များ မကျန်။ ရှိသမျှမြေလှန်နေခိုက်။
ခန္တီစ..သည်းခံခြင်း ပါရမီ ပိုက်။
အတိုက်အခံ တသိုက်
တရားလမ်း မလိုက်နိုင်ဘူး။
ဒုတ်ဆိုရင်..ဒုတ်၊ ဒါး ဆိုရင်ဒါး။
ကွဲကွဲ ပြားပြား။ စိတ်မှာ ပိုင်းခြား။
နှလုံးသားကို သံချပ်ကာစွပ်။
ရွံ့ ရွံ့ ချွန်ချွန် တိုက်တတ်ဖို့ အရေးကြီးပြီ။

မင်းလောင်းပေါ်မှာ မစောင့်နဲ့
လူစွမ်းကောင်း ကို မတောင့်တနဲ့ 
မင်း ဟာ..မင်းဘ၀ရဲ့ ဖန်တီးရှင်
မင်း ဟာ..အနာဂတ်ရဲ့ စွမ်းအားရှင်
လူမသိ သူမသိ၊ အညတြ၏ အာဇာနည်။
ကိုယ့် ရာဇ၀င်ကိုယ် ရေးသည်.။

မေတ္တာရွတ်သွားတဲ့ ဘုန်းကြီးအလောင်း
ပြန်ပြောင်း အသုဘ ကသိုင်းရှု
ရန် မပြတ်ရင်..ဘာဖြစ်နိုင်သလည်းဆိုတာ.
သွေးကြွေးကို..သွေးကြွေးပီပီ ဆပ်ပါ။

မသဒ္ဓါ ( ၂။၇။၂၀၀၈) ကိုအောင်ဝေးရေ..ကျမလည်း ရန်ကို..ပြတ်ပါသည်။

No comments:

 
/* EOT ----------------------------------------- */