Wednesday, June 24, 2009

အဖေ့ ကို ခု ချက်ခြင်းလွှတ်ပေး.....

ဧည့်သည် အိမ်လာ.. သောက်စရာ ကမ်းတယ်.
မင်္ဂလာဆောင်လာရင်.. ပန်းကမ်းတယ်..
အလှူကို လာရင် လက်ဖက်ကမ်းတယ်။
အသုဘပို့ ရင် ယပ်တောင်ကမ်းတယ်။
မြန်မာဓလေ့ အစဉ်အလာ..
ဖေါ်ရွေခင်မင်တာ..ရိုးရာ မဟုတ်ဖူးလား..

ကျမ အဖေ..အင်းစိန်ထောင်ရှေ့ 
ဒေါ်အောင်ဆန်းကြည်ကို သတိတရ
ဝမ်းနည်းတဲ့သမှု အမှတ်တရ
အမဲရောင် ဖဲပြားတစ်စ.
ကမ်းမိတာကြောင့် အဖမ်းခံရ.
အိမ်ပြန်မလာရတာ ကြာပြီ။
အဖေ့ကို ကျမတို့ လွမ်းသည်။

ကျမ အဖေက
လူဆိုး..သူခိုးမဟုတ်ဖူး
ရိုးရိုးကုတ်ကုတ်..
တမင်း လက်သုတ်ရောင်းတဲ့သူ
အိမ်နောက်ဖေးက ထမီရုတ်နေကျ..
ဆေးသမားလူထွက် စွမ်းအားရှင်လို
တနပ်စားနဲ့  ဘုန်းကြီိးကို မရိုက်ဖူး

ကျမတို့  မိသားတစ်စု
ရှိမဲ့စုမဲ့ နဲ့  အမေ ထမင်းဆိုင်..
ဖွင့်ပိုင်ခွင့် မရှိဖူး ပိတ်ရမယ်..
အဖေက ဒို့ အရေးအော်ဖူး လို့ တဲ့..
ဒါဆို လမ်းထိပ်က ယောက်ျား တအုံးအုံးနဲ့ 
အနှိပ်သည်ဆိုင် ကတော့
စစ်ဗိုလ်ကတော် အန်တီကြီးဖွင့်တဲ့ဆိုင်။
သူကတော့ လိုင်စင်ရှိတယ်တဲ့။
အမေ ကျ ဘာလို့ မရှိရတာလည်း။
လူလူချင်း ဘာကွာသလည်း။
သမီးတို့ လည်း မြန်မာဘဲလေ။

သတင်းစာထဲ နာမည်မဲမဲကြီးနဲ့ 
ဗိုက်ဖောင်း အဆီပွ.. စစ်ဗိုလ် ရွှေဘဘတို့ ရေ
သမီးတို့ ဘဝ
ထမင်းရည်တောင် ၀ယ်မသောက်နိုင်ကြပါဖူး။
မုန့် ပဲသားရည်စာဆိုတာ..
ဖြူလားမဲလား မမြင်ဖူးပါဖူး

ကလေး တပြုံတမ ဆာလောင် ငိုယိုတဲ့ အခါ
အမေ မျက်ရည်ကျ. ဝေနေတာ မီးသောက
ရနှစ်သမီး ကျမ ကြည့်ရက်ပါ့မလား..
ကျမ ဘာကူပေးနိုင်မလည်း
အရွယ်နဲ့မမျှအောင် စဉ်းစားဖူးပါတယ်။

ဆိုးလိုက်တဲ့ ဘ၀. ကျမတို့ ခေတ်ကျမှငတ်တယ်။
ကလေးတွေ အနာဂတ်ဆုံး
တဖြေးဖြေး လုံးပါးပါးနေတယ်။
ပညာမရှိ ဘာလုပ်စားရမလဲ။
အလုပ်မရှိ အစာမရှိ ကျန်းမာရေးမရှိ..
လိင်ကျွန်များပြား AIDS ထိ
ကျမတို့  ဘဘအရွယ်အထိ
ဘယ်နှစ်ယောက် ရှင်ကျန်မလဲ။
တွေးကြည့်ကြပါ ဘဘရယ်..

ကျမ တို့ လူဖြစ်မှဘဲ
ပြတ်လိုက်တဲ့ လျှပ်စစ်။ တစက်စက်ကျတဲ့ ဘုံဘိုင်ရေ။
သန့် သလားတော့မမေးနဲ့ ဒါ ရွှံ့ နှစ်ရေ
ဗိုက်ပူနံကား..ဖောင်းပွပွနဲ့ 
သံကောင်အပြည့်နဲ့  ကျမတို့  ၀မ်းဗိုက်တွေ..

လောင်လိုက်တဲ့မီး..ကြီးလိုက်တဲ့ရေ။
တိုက်လိုက်တဲ့လေ။ ပြုန်းနေတဲ့တော
ဖောက်ပြန်တဲ့ ရာသီ..နအဖ မင်းကျင့်တရားနဲ့ အညီ။
ဒါ ကျမနေတဲ့ မြန်မာပြည်။

သိမ်းလိုက်တဲ့ လယ်။
ဆောက်လိုက်တဲ့ဆည်။ ရောင်းလိုက်တဲ့ဓါတ်ငွေ့ 
ရတဲ့ဒေါ်လာ..လက်နက်ဖြစ် ပြည်သူကိုသတ်တာ။
ဒါ ကျမနေတဲ့ မြန်မာ။

စစ်တပ်အတွက် လုယက်တဲ့ သီးနှံ။
တူးလိုက်ကြတဲ့ ကျောက်သံ။
မြေပြိုတောင်ပိ.ကယ်မဲ့သူမရှိ။
မုန်တိုင်းမိ..အလောင်းကောက်သူမရှိ။
ပြည်သူဆိုသည် ကျွန်အလား..
လူ့ အခွင့်အရေးမရှိ။
ဒါ ကျမနေသည့် မြန်မာ။

စိုက်လိုက်ရတဲ့ ကြက်ဆူ.နားပူလိုက်တဲ့မကယ
မုဒိန်းကျင့်တဲ့စစ်တပ်။ ပြန်ပေးဆွဲခံရတဲ့ကလေး
တောင်းလိုက်တဲ့ လက်ဖက်ရည်ဖိုး.
ကြီးလေးတဲ့ အခွန်။ ဘယ်နေရာမှမစွံ ဖူး

ဆင်းမရ ရေလျှံ. ပြည့်နေတာ မြောင်းထဲက အမှိုက်။
ပေါက်လိုက်တဲ့မြွေ။ ပေါလိုက်တဲ့ခြင်..
တ၀ီဝီနဲ့ ယင်။ သွားလိုက်တဲ့ဝမ်း..
ဖျားလိုက်တဲ့ အနာ..
ယားနာဝဲနာ..ချိုးဖို့  ရေ မဆိုထား.
သောက်စရာတောင် ရေသန့် မရှိ
အိမ်သာထွက် လက်ဆေးစရာ ရေမရှိ
ကျမ်းမာရေး အသိမရှိ
ဤမြေယာ..မြန်မာ မည်၏

မိသားစုဘ၀.. လူတိုင်း တမ်းတခုံမင်
ဘဘတို့ လည်း မိသားစုရှိကြတယ်။
သူများ ချစ်ခြင်းခွဲတာ..အပြစ်ရှင်းပါရဲ့လား
အဖေမဲ့တဲ့ကလေး.. လင်မရှိတဲ့မယား..
အိမ်ဦးစီးမရှိတဲ့ အိမ်ထောင်၊ ရှာစားမရတဲ့ စီးပွါး..
အပြစ်မဲ့ လူဖြစ်လာတဲ့ လူသားတွေ..
ဒုက္ခသည် မြန်မာလူမျိုး..
ကမ္ဘာပေါ်မှာ ဦးကျိုးတယ်..

အဖေရယ်..မြန်မြန်ပြန်လာနိုင်ပါစေ။
လှောင်အိမ်လွှတ်ဌက်..ပျံသန်းနိုင်ပါစေ။
အရွယ်မမျှတဲ့ ဒုက္ခ များနဲ့ 
ကလေးများရဲ့ တောင်းဆိုချက်
လူ့ အခွင့်အရေးဆိုတာ ရှိသင့်တယ်..ဘ၀မှာ..
လူ့ အခွင့်အရေးဆိုတာ ရှိသင့်တယ်..မြန်မာမှာ..
" ခု…ကျမ အဖေကို ပြန်လွှတ်ပေးပါ။ "

မသဒ္ဓါ (၆။၂၄။၂၀၀၉)
နွမ်းနေသော မျက်နှာကလေးနှင့် အမည်မသိ သမီးငယ်လေးသို့ 
" သမီးဖေဖေ မကြာခင် အိမ်ပြန်လာနိုင်မှာပါ.."

2 comments:

ခြေလှမ်းသစ် said...

ကျနော်တို့ အမေစုကိုလွှတ်ပေး ကျနော်တို့ ဦးလေးတွေကိုလွှတ်ပေး ဒေါ်ဒေါ်တွေကိုလွှတ်ပေး ကိုကို မမ ညီ၊ ညီမလေးတွေကို လွှတ်ပေး မတရား ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး အခုလွှတ် ချက်ချင်းလွှတ် ....ဒါပဲ လွှတ် ရင် လွှတ် မလွှတ်ရင် တိုက်မယ်ဟေ့ ....
ကိုဇော်

yaewoori said...

ရင်ထဲစို့နစ်သွားတာပဲ

 
/* EOT ----------------------------------------- */