Sunday, February 14, 2010

အချစ်များစွာဖြင့် အနိုင်ပိုင်း သတ်ဖြတ်ခဲ့ခြင်း။


ဒီနေ့ သည်. “ဖေဖော်ဝါရီ ၁၄”
ချစ်သူများနေ့ 
ချစ်သူတွေ ပျော်ရွှင်ဖွယ်နေ့ ..
နူးညံ့သော အချစ်၏ ကဗျာဆရာ
သံလှောင်အိမ်ထဲ..
အချစ်များနဲ့  လွမ်းနေဆဲ..

အချစ်တွေခံစား.ရင်ခုန်တတ်သူပေါ့..
အချစ်ဆိုသောအရာ..ဖော်ကြူးတတ်သူပေါ့..
ပူနွေးနီရဲသော သွေးများနဲ့ နှလုံးသားရှိတယ်..
နူနယ်တဲ့ အနုပညာလက်ချောင်း..
ထက်မြိတဲ့ ဒါးသွားကလောင်တစ်ချောင်းရှိတယ်။
စာနာမှု များပြားနဲ့ ..ဂရုဏာတရားလည်းရှိတယ်။
ပျိုမြစ်ရက်များ..စတေးထားတဲ့ ရက်များရှိတယ်။.
မာကျောသတ္တိတရား..အများအတွက်စွန့် ရဲတဲ့ ဘ၀တစ်ခုရှိတယ်။

ချစ်သူများအတွက်..အမှတ်တရ..
အချစ်နေ့ လေးတနေ့ ပေါ့..
ကဗျာတိုကလေးတပုဒ် ကလေးပါဘဲ

မိမိ ကိုယ်ထက်
မိမိ ချစ်သူထက်…
မိမိ မိသားစုထက်…
မိမိ အဆုံးမဲ့ မြတ်နိုးတဲ့ တိုင်းပြည်အတွက်
မိမိ အပြုံးမဲ့နာကြင်နေတဲ့ အမျိုးသားများအတွက်
အကြင်နာမဲ့ လူသားမဲ့ နှလုံးသားနဲ့ အာဏာရှင်သို့ 
စိမ်ခေါ်ခဲ့တယ်..
မေတ္တာများနဲ့ ကဗျာသီခဲ့တယ်.


ပြည်သူကို ချစ်သင့်သော အာဏာရှင်..
ပြည်သူက ချစ်သင့်သောအာဏာရှင်
သင်ဘယ်သူ ပြန်ကြည့် ကိုယ့်လူ သတိပေးတယ်..
အချစ်များနဲ့  ခေါ်လိုက်တယ်။
ဘဘရေ..“အာဏာရူးကြီး မှူးကြီး သန်းရွှေ”

အကြီးအကဲဆိုသူ က အရှက်မဲ့ ကြမ်းတမ်း.
ဒီကဗျာဆရာ..သွားစမ်းဟဲ့ ထောင်ထဲ..
ဖော်ညွှန်းပြရာ..အချစ်..သူ ဘယ်သို့ သောသူ
မပြခဲ့တဲ့ ပြည်သူသို့  ရင်ဝယ်သား.သူ၏ မေတ္တာတရား..
မဲ့ခဲ့တဲ့ အချစ် ဘယ်မလဲ အကြီးအကဲ၏ အကြင်နာ..
သမိုင်းပေါ်က အမိုက်စက်မဲသထက်မဲ
ကဗျာဆရာရဲ့ အချစ်..အာဏာရှင်ကို အသေသတ်နိုင်တယ်.
သန်းရွှေ ရာဇ၀တ်သား..
လူဘ၀က ထာဝရ..သူသေသွားခဲ့ပြီ။

ကဗျာဆရာသာ အာဇာနည်လူသား..
အချစ်များနဲ့ သူ. သို့ မဟုတ် ကိုစောဝေ
သင် ဂုဏ်ယူလော့ ..မျက်နှာမော့

မသဒ္ဓါ ( ၂။၁၄။၂၀၁၀)

“အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာ ပဟေဠိ
ကဗျာဆရာ စောဝေ က အချစ်ဂျာနယ်တွင် ရေးဖွဲ့ထားသော ကဗျာ။ စာကြောင်း ထိပ်ဆုံး စကားလုံးများ ပေါင်းစပ်လိုက်လျှင် အာနာ(ဏာ)ရူးကြီး မှူးကြီး သန်းရွှေ ဖြစ်လာသည်။ ဤကဗျာကြောင့် ကဗျာဆရာကို အင်္ဂါနေ့ ဇန်နဝါရီ ၂၂ ရက်နေ့က နေအိမ်မှ လာရောက် ဖမ်းဆီးသွားခဲ့သည်။

ကဗျာဆရာ စောဝေ အဖမ်းခံရ
ကိုသက် | ဇန်နဝါရီ ၂၃၊ ၂၀၀၈

ကဗျာဆရာ စောဝေ၏ ကဗျာဆရာ စောဝေ၏ ကဗျာတပုဒ်ပါ စာကြောင်းများ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီး သန်းရွှေ” ဟူသည့်စာသား ထွက်လာ သောကြောင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ၎င်းအား ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် စာပေအသိုင်းအဝန်းက ပြောသည်။
အဆိုပါကဗျာကို ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြထားပြီး ယမန်နေ့က ယင်းဂျာနယ်၏ ထုတ်ဝေသူ မောင်ပန်းမွှေး၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ကိုစောဝေတို့ ၃ ဦးကို စာပေစိစစ်ရေးအဖွဲ့က ခေါ်ယူတွေ့ဆုံပြီးနောက် ကိုစောဝေ အား အက်စ်ဘီကဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အယ်ဒီတာ တဦးက ပြောသည်။ “အဖြေထွက်မလာတဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ အနုပညာရှင်တွေက ရတဲ့ အပေါက်ကနေပြီးတော့ သူတို့ရဲ့ ဆန့်ကျင်တဲ့စိတ်ဓာတ်ကို ပြတာတွေကို တွေ့နေ ရတယ်။ သူတို့ရဲ့ ဝေဒနာကို ရင်ထဲမှာ မခံစားနိုင်တော့လို့ ဖြစ်လာမယ့်ဆိုးကျိုး တွေကိုတောင်မတွေးတော့ဘဲ တကိုယ်တော်ဆန့်ကျင်ရေးတွေ လုပ်လာကြတယ်” ဟု အမည်မဖော်လိုသည့် အယ်ဒီတာက ပြောသည်။
ပဲခူးတိုင်း ဖြူးမြို့ရှိ ဆက်သွယ်ရေးရုံးစာရေး ကိုစောဝေသည် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သောကြောင့် အလုပ်ထုတ်ခံခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချခဲ့သူ ဖြစ်သည်။

ကိုစောဝေသည့် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသော အဖြူရောင်သက်တံအဖွဲ့ကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။ အဖြူရောင်သက်တံအဖွဲ့အား အနုပညာရှင်များဖြင့် စုစည်းထားပြီး အိတ်ခ်ျအိုင်ဗီဝေဒနာရှင် ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

အချစ်ဂျာနယ်သည် အနုပညာအသိုင်းအဝန်းနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးနှင့် ကဗျာများကို ဖော်ပြသည့် ဂျာနယ် တစောင်ဖြစ်သည်။ ယခုအပတ်ထုတ် အချစ်ဂျာနယ်တွင်ဖော်ပြထားသည့် ကိုစောဝေ၏ ကဗျာမှာ “ဖေဖော်ဝါရီဆယ့်လေး” ဟု အမည်ပေးထားသည့် အချစ်ကဗျာတပုဒ်ဖြစ်သည်။

အချစ်ဂျာနယ် ထုတ်ဝေသူ မောင်ပန်းမွှေးနှင့် အယ်ဒီတာ ဦးမြတ်ခိုင်တို့သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူများ ဖြစ်ကြပြီး ကိုစောဝေ ကဗျာကိုဖော်ပြသဖြင့် ၎င်းဂျာနယ်အား စာပေစိစစ်ရေးက ပိတ်ကောင်း ပိတ်နိုင်သည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများက သုံးသပ်ပြောဆိုနေကြသည်။
ယခုအပတ်အတွင်း စာအုပ်ဆိုင်များတွင် အချစ်ဂျာနယ် ဝယ်မရအောင် ကုန်သွားသည်ဟု ရန်ကုန်မြို့ရှိ ဧရာဝတီ သတင်းထောက်က ပြောသည်။
http://www.irrawaddy.org/burmese/news2008/January/jan_23a_08.html

ကဗျာစောဝေကို ပြန်လွှတ်ပေးရန် AAPP ပြောကြား
မြင့်မောင်
တနင်္လာနေ့၊ ဇန်နဝါရီလ 25 ရက် 2010 ခုနှစ် 18 နာရီ 38 မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ကဗျာဆရာ ကိုစောဝေ ယခုလ ၂၁ ရက်နေ့တွင် လွတ်ရက်စေ့ခဲ့သော်လည်း ယနေ့တိုင် ပြန်လွတ်မလာသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က ပြောဆိုသည်။

ရန်ကုန်ထုတ် အချစ်ဂျာနယ်တွင် “အာဏာရူးကြီး မှူးကြီး သန်းရွှေ” စာသားပါသည့် သူ၏ “ဖေဖော်ဝါရီ ဆယ့်လေး” ကဗျာ ပါရှိခဲ့သဖြင့် ၂ဝဝ၈ ခု ဇန်နဝါရီ ၂၁ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကာ နောက်ပိုင်းတွင် နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ချုပ်ရက်များ တပေါင်းတည်း ကျခံရန် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သဖြင့် ပြန်လွှတ်ပေးရန် AAPP-B က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တကယ်တမ်းကျတော့ ကိုစောဝေက စတင်ဖမ်းဆီးခံခဲ့ရတဲ့ နေ့ရက်ကစပြီး ချုပ်ရက်တွေကို ခံစားရမှာ။ အခုဟာက စတင်ဖမ်းဆီးစဉ်က စပြီးတော့ ချုပ်ရက်တွေကို မခံစားရဘဲ ရုံးတင်စစ်ဆေးတဲ့ မေလမှ စပြီးချုပ်ရဲ့ သတ်မှတ်လိုက်တဲ့အတွက် ပထမ အဖမ်းခံရတဲ့ ၃ လ ကျော်ကျော်က မတရား ဖမ်းထားသလို ဖြစ်နေတယ်။ ဒါဟာ ဥပဒေကြောင်းအရ ခံစားခွင့် ဆုံးရှုံးနေရတာ ဖြစ်တယ်။ အဲဒီအတွက် ကိုစောဝေကို အမြန် ပြန်လွှတ်သင့်တယ်” ဟု AAPP-B တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

ယခုအမှုကို လိုက်ပါပေးနေသည့် ဗဟိုတရားရုံးရှေ့နေ ဦးစိုးမင်းက “အင်းစိန်ထောင် အထူးတရားရုံးက ချုပ်ရက်များဖြင့် တပေါင်းတည်း ကျခံစေဆိုပြီး တရားသူကြီးက အမိန့်ချခဲ့တယ်။ ချုပ်ရက်ကတော့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စပြီးတော့ ဖမ်းဆီးတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုလ ၂၁ ရက်နေ့တွင် လွတ်လာမည်အထင်ဖြင့် လက်ရှိချုပ်နှောင်ထားရာ မန္တလေးတိုင်း ရမည်းသင်း ထောင်သို့ ကိုစောဝေ၏ ဇနီးသည် ဒေါ်နန်းစန်းစန်းအေး သွားရောက်ခဲ့ရာ ထောင်အာဏာပိုင်များက လွတ်ရက် မစေ့သေးကြောင်း ပြောဆိုသဖြင့် ရန်ကုန်သို့ တဦးတည်း ပြန်လာခဲ့ရသည်။

ရန်ကုန်ရှိ ရှေ့နေ ဦးအောင်သိန်းက “ချုပ်ရက်ကို ဖမ်းဆီးတဲ့နေ့က စတာမဟုတ်ဘူး။ တရားရုံးကို စွဲတင်တဲ့ နေ့ကနေ စပြီးတော့ သတ်မှတ်တာ ဖြစ်တယ်။ ဖမ်းဆီးခံရတဲ့ ရက်နဲ့ တရားရုံးတင်တဲ့ ရက်တွေကြား ချုပ်ရက်တွေ မမှန်မကန် ဖြစ်နေတယ်။ ဖမ်းဆီးတဲ့ ရက်ကို ယမန်ယူတဲ့ ကာလလို့ သတ်မှတ်ထားတယ်။ အမှန်က ဖမ်းဆီးရက်ကနေ စပြီးတော့ ပေးရမယ်ဆိုတဲ့ ကျင့်ထုံးလမ်းညွှန်မှုတွေ ရှိတယ်” ဟု ပြောသည်။

ဦးအောင်သိန်းသည် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူ ဖြစ်သည်။

ဒေါ်နန်းစန်းစန်းက ရမည်းသင်းထောင်သို့ ထောင်ဝင်စာ တွေ့ဆုံခဲ့စဉ် ကိုစောဝေသည် သွေးဝမ်းသွားသည့် ဝေဒနာနှင့် မျက်စိဝေဒနာကို ခံစားနေရကြောင်း သိရသည်။
http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4578:--aapp-&catid=1&Itemid=2

No comments:

 
/* EOT ----------------------------------------- */