Sunday, September 27, 2009

မိတ်ဆွေကောင်းတို့ ၏ မေတ္တာ ဂရုဏာ

သား..
အစားကောင်းတွေ
အဖေဆီ.ယူမလာနဲ့ မစားချင်ဘူး..

အ၀တ်ကောင်းတွေ
အဖေဆီ.ယူမလာနဲ့ မ၀တ်ချင်ဘူး..

အိစက် အိပ်ယာ
အဖေဖို့  မပြင်နဲ့ မအိပ်ချင်ဘူး..

ဒီအချိန်ဆို..မှောင်မည်းအေးစက်
အောက်သိုးသိုး ကြမ်းပြင်..
ကြွက်တွေ မြည်သံကြားတဲ့ သံတိုင်ခန်းမှာ
ကြယ်မမြင် လမမြင်..
အဖေ့ ယောင်းယင်း သူငယ်ချင်းတွေ..
အိပ်စက်နေရော့မယ်။

အဖေ အရွယ် အစွယ်ကျွတ်ကျားအို..
လွတ်ချိန်တန်နီး.လို့ 
သူတို့ ရွေးပြီးလွှတ်ခဲ့ပေမဲ့
ပုခြုပ်ထဲက နဂါးတွေလို
တောက်မဲ့ မီးရဲရဲ..
အာဇာနည်.သူရဲကောင်းတွေ..
အစာ ရေမ၀..
ကျမ်းမာရေးကုသခွင့်မရ..
လူ့ အခွင့်အရေး မရ..
ထောင်ကျနေတယ်။

ငပိကြော်ဆို..တစ်ဇွန်းဆီဝေ
မြေပဲလှော် တစ်စေ့ချင်းဝေ
ကြက်သွန်ဖြူ တတက်ချင်းဝေ
အေးအတူ ပူအမျှ..
ရှိတူတူ ဝေမျှစား..
ထောင်ကျဖော်တွေကို အဖေလွမ်းတယ်။
သေချာတယ် သူတို့ လည်းလွမ်းနေမယ်။

အမှန်အကန်
သူငယ်ချင်းကောင်းဆိုတာ..
ဒုက္ခထဲမှာ မှ ရခွင့် ကြုံ
မုန်တိုင်းထဲ မှာဘဲဆုံတယ်။
ထမင်းစားတိုင်း သတိရတယ်။
အမြန်လွတ်မြောက်ပါစေ..ဆုတောင်းနေမိတယ်။

မသဒ္ဓါ (၉။၂၆။၂၀၀၉)

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မြို့နယ်စည်း ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေး၏
ထောင်ကျဖော်သူငယ်ချင်းများသို့ ..သတိရလွမ်းဆွတ်ခြင်းအားလေးစားပါသည်။

သူငယ်ချင်းကောင်းဟူသည်..အခက်ကြုံမှ တွေ့ စမြဲ…ခင်ပြီးရင် တသက်တာစွဲမြဲတယ်။..စစ်မှန်သော သွေးသောက်ရောင်းရင်း..ပိုနီးတတ်တယ်..ညီရင်းနှယ်သို့ 
ထမင်းစားတိုင်း သတိရတယ်


ကျော်ခ
သောကြာနေ့၊ စက်တင်ဘာလ 25 ရက် 2009 ခုနှစ် 12 နာရီ 01 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးက ထမင်းစားတိုင်း ထောင်တွင်း၌ ကျန်ရစ်ခဲ့သော လုပ်ဖော်ကိုင်ဘက်များကို သတိရနေသည်ဟု ဆိုသည်။

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မြို့နယ်စည်း ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးက မဇ္ဈိမကို ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် သံဃာတော်များ မေတ္တာပို့ ဆုတောင်းပွဲတွင် ပါဝင်ခဲ့ပြီးနောက် ထိုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရကာ၊ ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော် သည်ဟုဆိုပြီး အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။

လွတ်ရက် စေ့ရန် ၆ လခွဲခန့် အကြာတွင် ယခုလို လွတ်မြောက်လာခြင်း ဖြစ်သည်။

သူ ဖမ်းဆီး ခြင်းခံရသည့် အခြေအနေများနှင့် ထောင်တွင်း အတွေ့အကြုံများကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထား ပါသည်။


အန်ကယ်ရဲ့ ပါတီ တာဝန်တွေကို သိပါရစေခင်ဗျား။

ဟုတ်ကဲ့။ ကျနော်က ပခုက္ကူ အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဋ္ဌပါ။ နောက်ပြီး ပခုက္ကူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပါ။ ၁၉၉၀ ခုနှစ်မှာ ဖြစ်တာပါ။

အန်ကယ်က ကလေးထောင်ကနေ ဘယ်နေ့က လွတ်လာတာလဲခင်ဗျား။ လွတ်မယ် ဆိုတာကိုရော ဘယ်လိုမျိုး စသိလဲ။

လွတ်မယ့်နေ့ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်မှ သိရတာဗျ။ ၁၇ ရက်နေ့ ညနေလွတ်တယ်။ အဲဒီနေ့ ညနေက ကလေးမှာပဲ အိပ်လိုက်တယ်။ ကလေးနဲ့ ပခုက္ကူကလည်း မိုင်၂၀၀ကျော် ဝေးတာကိုး။ ၁၉ ရက်နေ့မှ အိမ်ပြန် ရောက်တယ်။

အန်ကယ်ကို ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းတာလဲ။ အခုက လွတ်ရက်စေ့လို့ လွတ်လာတာမျိုးလား။

လွတ်ရက်စေ့ဖို့က ၂၀၁၀ သင်္ကြန်ကျမှ ဧပြီလ ၁၂ ရက်နေ့မှလွတ်မှာ။ ၆ လခွဲလောက် ကျန်သေးတာပေါ့။ ၅၀၅ (ခ) က ၂ နှစ်။ ၁၄၃ က ၆ လဆိုတော့။ ခုက ၂ နှစ်လောက် ကျပြီးသွားပြီဆိုတော့။ နောက်ထပ် ၆ လခွဲလောက် ကျန်တာပေါ့။ ၅၀၅ ကတော့ ဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့ဆော်ခြင်း။ ၁၄၃ ကတော့ ဆရာတော်တွေနဲ့ စီတန်းလှည့်လည်မှုပေါ့။
ထွက်လာတော့ ဝန်ခံကတိများ လက်မှတ်ထိုးခဲ့ရသေးလား။

၄၀၁ နဲ့ ထိုးခဲ့ရတယ်။ ၄၀၁ ဆိုတာက နောက်တခါ ပြစ်မှု ထပ်ကျူးလွန်လာရင် အခု ကျန်တဲ့ ၆ လက ထပ်ပြန်ဆောင်း ပြီးခံရမယ်။ ဟိုဟာမလုပ်ရ။ ဒါမလုပ်ရဆိုတဲ့ ဝန်ခံကတိ လက်မှတ်မျိုးတော့ မဟုတ်ပါဘူး။

အဲဒီဟာ ထိုးတာ မထိုးတာက ပြဿနာမဟုတ်ဘူး။ အဓိကက အပြင်မှာ ဘာပြောပြော၊ ဘာလုပ်လုပ် လုပ်ချင်တာ လုပ်လို့ ရတယ်လေ။

အန်ကယ်ကို ဘယ်လို လာဖမ်းတယ်ဆိုတာလေး ပြောပြပေးပါလားခင်ဗျား။

၂၀၀၇ အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်ကျော် ၁ နာရီလောက်မှာ လာဖမ်းတာပေါ့။ ဖမ်းတုန်းက ပခုက္ကူမှာ ဖမ်းတယ်။ ပြီးတော့ မြင်းခြံထောင်ကို ပို့တယ်။ ပို့ပြီးတော့ အဲဒီမှာ စစ်ကြောရေး ဝင်စစ်တော့လည်း မြင်းခြံထောင်မှာပဲ စစ်တယ်။ ထောင်ထဲမှာ ခေါ်ပြီးတော့ စစ်တယ်။ မြင်းခြံထောင်မှာ ၁ နှစ်နေရတယ်။ ပြီးတော့ ကလေးထောင်ကို ပို့လိုက်ပြီး ၁ နှစ် ထပ်နေရတယ်။

ဘာကြောင့် အန်ကယ် အဖမ်းခံရတာလဲ။

အဲဒီတုန်းက ဓာတ်ဆီ၊ ဒီဇယ်တွေ တက်တဲ့ အချိန်ပေါ့လေ။ အဲဒီလို တက်တော့ တခြား ကုန်ဈေးနူန်းတွေရော လိုက်တက်တယ်ပေါ့လေ။ အဲဒီတက်သွားတဲ့ ဈေးတွေက ၂ ဆလောက် တက်သွားတယ်။ အဲဒါကြောင့် သင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းကို ပြန်ချပေးပါဆိုပြီး ကျနော်တို့က ဗိုလ်ချူပ်မှူးကြီးဆီကို တောင်းဆိုတယ်လေ။

နံပါတ် ၁ အချက်ကတော့ အထွေထွေ ကုန်ဈေးနူန်း ကျဆင်းရေး၊ နံပါတ် ၂ က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးခြင်းမှ လွှတ်ပေးပါ ဆိုတာ တချက်။နံပါတ် ၃ အချက်ကတော့ နိုင်ငံမှာ ဖြစ်နေတဲ့ စားဝတ်နေရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြေရှင်း ပေးပါဆိုပြီးတော့ အဲဒီ ၃ ခု တောင်းတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိပ်မူပြီးတော့ ရေးတယ်။ ရေးပြီးတော့ ပခုက္ကူ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌထံကို ကျနော်ကိုယ်တိုင် လမ်းလျှောက်သွားပြီးတော့ မိတ္တူပို့တယ်။

နောက် ၅ ရက်နေ့ကျတော့ ပခုက္ကူက ဆရာတော်၊ သံဃာတော်တွေ လမ်းမှာထွက်ပြီးတော့ မေတ္တာပို့ထွက်ကြတယ်။ ဆရာတော်တွေ ထွက်တဲ့ကိစ္စ ကျနော်တို့က လှုံ့ဆော်တယ် ဆိုပြီးတော့ ၅၀၅ (ခ) နဲ့ ဆွဲတာ။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်တွေကရော ဘယ်လိုရှိလဲခင်ဗျား။

ထောင်ထဲမှာကတော့ဗျာ။ ဟင်းကတော့ ပဲကုလားဟင်းပေါ့။ တပတ် ၂ ခါ အသားဟင်း ပေးတယ်။ အသား ပေးတယ် ဆိုတာကလည်း ကြက်ဥ ပေးတာပါပဲ။ အပြင်မထွက်ရတာတို့၊ လမ်းလျှောက်ရတာတို့တော့ အခက်အခဲ ရှိတာပေါ့။ ကလေးကျတော့ နေရာကျဉ်းတော့ ပိုပြီးခက်ခဲတယ်။ ကလေး ရာသီဥတုကြောင့်လည်း ပိုဆိုးတယ်။ ကျနော်က သွေးတိုး ရှိတယ်။ ဒူးကလည်း မကောင်းဘူးဆိုတော့ ကျန်မာရေးက မကောင်းဘူး။

လွတ်လာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဘက်တွေထဲက ဘယ်သူတွေ အတူပါလာပြီး၊ ဘယ်သူတွေ ကျန်ခဲ့သေးလဲခင်ဗျား။

ကျန်ခဲ့တာတော့ တော်တော်များများ ကျန်ခဲ့ ပါသေးတယ်။ ၁၆ ယောက်တောင် ကျန်နေခဲ့ သေးတယ်။ လွတ်လာတာ ၇ ယောက်ခင်ဗျ။ လွတ်လာတဲ့အထဲက ပခုက္ကူက ဦးဆန်းပွင့်၊ သူကလည်း ပခုက္ကူမြို့နယ်စည်းပဲ။ နောက် ကလေးမြို့ခံ ၃ ယောက် ပါတယ်။ သူတို့က ဦးဘမင်းရယ်၊ ဦးညိုမြရယ်၊ မိုက်ကယ်ဝင်းကျော်ရယ်။ သုံးခွက ကိုတွတ်ပီ (ခေါ်) ဝင်းဇော် ပါတယ်။ ရန်ကုန်က မြန်မာနေရှင်း အယ်ဒီတာ ကိုသက်ဇင် ပါတယ်။ ကျန်နေတာကတော့ ဦဂမ္ဘီရတို့၊ ဦးအုန်းသန်းတို့ (တကိုယ်တော်ဆန္ဒပြသူ) ၁၆ ယောက်တောင် ကျန်ခဲ့သေးတယ်။


အခုလို လွတ်မြောက်လာပြီး ရှေ့ကို ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲခင်ဗျား။

အခုဟာက အေးချမ်းသာယာပြီး၊ လွတ်လပ်သွားတဲ့ အနေအထားမျိုး မဟုတ်တော့ ကျနော်တို့က ပြည်သူ့ ဆန္ဒအတိုင်း လုပ်ရတာကိုး။ ပြည်သူ့ကိုယ်စား ပြည်သူတွေလုပ်ချင်တဲ့အတိုင်း ကျနော်တို့က ပြည်သူ့ဆန္ဒအတိုင်း ကျနော်တို့ လုပ်ရတာ ဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတာပေါ့။

လွတ်လာတဲ့အတွက်ရော အန်ကယ့်အနေနဲ့ ဝမ်းသာကျေနပ်ရဲ့လား။

ထောင်ထဲကနေပြီး လွတ်လာတာကိုတော့ သဘောကျတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီလူတွေချည်း လွှတ်ရတာမှ မဟုတ်ဘဲ။ ၇ ယောက်ပဲ လွှတ်တယ်ဆိုတော့၊ အခုဆို ဒေါ်အောင်ဆန်းစုကြည် မပါဘူးဗျာ။ ဒိုင်ယာလော့ လုပ်ကြတော့မယ် ဆိုတော့ ဘယ်လိုလုပ်ကြ မတုန်းဗျာ။ ဦးတင်ဦးနဲ့၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား အဖွဲ့အစည်းတွေ မပါသေးဘူးဗျာ။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမှ အဆင်ပြေမယ်လို့ ကျနော်ကတော့ အဲလိုသဘောပေါက်တာပဲ။

အထဲမှာ အများကြီး ကျန်ခဲ့သေးတာပဲ။ အပြင် ရောက်ပေမယ့် မပျော်ဘူး။ ထမင်းဝိုင်း ရောက်တာနဲ့ ကျန်ခဲ့တဲ့ သူငယ်ချင်း ရဲဘော်တွေကို ဟင်းပေးချင်တော့ တာပဲဗျာ။ ကျနော်တို့ အနေအထိုင်၊ အစားအသောက် ဆင်းရဲခြင်းက လွတ်သလို သူငယ်ချင်းတွေကိုလည်း လွတ်စေချင်တာကိုး။

အန်ကယ် ထောင်ကျဖူးတာ၊ အချုပ်ကျဖူးတာ ဘယ်နှကြိမ် ရှိသွားပြီလဲ ခင်ဗျား။

ထောင်ကတော့ အခု တခါပဲ ကျတာပါ။ ၉၈ တုန်းက အချုပ် ၂ နှစ် ကျသေးတယ်။ ၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက် တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလားတဲ့။ မထိုးတော့ဘူးလို့ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ်လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။

အဲဒီတုန်းက ဘယ်မှာ ဖမ်းပြီး ချုပ်ထားတာလဲခင်ဗျား။
ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်။

No comments:

 
/* EOT ----------------------------------------- */