Wednesday, September 16, 2009

ခြေရာနင်းမဲ့ သမီးလား..အဖေ နာမည်ရင်းမဲ့သမီးလား.


အသေခံ ပူးသတ်မှာလား..
မုန်ယိုတဲ့ ဆင်ကြီး ထူးခတ်ရဲကြသလား..
ကြောင် ကို ခြူဆွဲရဲသလား။
ဒူးထောက် ခေါင်းငုံသျှို ခြေကိုဘဲ နမ်းတော့မလား.
အသားနံ့ ကလေးဘဲရရ အရိုးအရင်း ကိုက်ချင်ကြသလား..
သဲတရှပ်ရှပ်သော်လည်း .၀က်သားတုံးပါဘဲ ရောင့်ရဲနေသလား..

အဖေ မျက်နှာမငယ်အောင် ထောင်ထဲ နှစ် ၂၀
ဘယ်သူသာဘဲ နေရဲပါသလည်း။
ဒီလိုရဲရင် တော့ လုပ်ပြ..
လက်ခုတ် ဖြောင်းဖြောင်း တီးပြလိုက်မယ်။
ဘယ်သူဟာ အဖေတူ သမီး..တကမ္ဘာလုံးသိတယ်။
ဘယ်သူကို ဘယ်နှစ်မှတ်..ပွဲကြည့်သူ ချီးမြှင့်တတ်တယ်။
လူကြားကောင်းအောင်ပြောလည်း..
ကိုယ်ဘာရည်ရွယ်တယ် ကိုယ်ဘဲသိတယ်။

အာဏာ အနံ့ ကလေး သင်းတဲ့အခါ
ကြွက်ထောင်ချောက်ပေါ်က..အသားတုံးကို
ဝန်ပြုတ် အမျိုးတွေ သွားရည်ကျ..
ပြောကြတယ်..မစားဘဲနဲ့ ဝ
နိုင်ငံရေးပိုးကလေး ကြက်သီးထ
ခါတော်မီ ပါတီ ထောင်ကြတယ်။
ဖေဖေ့ သမီးတွေ ရှေ့ တန်းက တိုက်ပြမယ်တဲ့..
ပုံပြင် ဆုံးအောင် ကြည့်
လိပ်နဲ့ ယုန် အပြေးပွဲက
ဘယ်သူ နိုင်ကြမလည်း။

စစ်သားတမတ်..ဒီမို သုံးမတ်..
ဒီလို ပူးသတ်ပြီး ခေတ်ကို ပြောင်းကြမတဲ့…
အော်..တယ်တော်ကြပါရဲ့..
ဒီလိုသာ ပေးချင်..
၁၉၉၀ က ပေးပြီပေါ့..
ဗိုလ်ချုပ်သမီးတောင် ထောင်ချ..
ကိုကြီးနု သမီး ကျ ပေးမယ်တဲ့လား..
မင်းမှာသစ္စာ..လူမှာကတိ..
နအဖ လျှာ အရိုးမရှိ..
ဒီတခါပေးမှာ..သေချာသလား..
၂ခါ အလိမ်ခံ..ကိုယ်ညံ့တာ ၀န်ခံ

ဖြစ်နိုင်ချေ..ဆန်းစစ်..
စစ်သားက.. တရားဝင် တမတ်..
ကြံ့ဖွတ် လူယုတ်တွေ မဲခိုးမယ် တမတ်..
စစ်သားလူထွက်က ပုဆိုးလဲခ..တမတ်
မဆလ ပြုတ်တွေက ပြား ၂၀
တသီးပုဂ္ဂလိက တွေက သုံးပြား
အေးလွင် နဲ့ ၈၈ ကျောင်းသားအတုက တပြား
ရှိစုမဲ့ ကျန်တဲ့ တပြားက ၀န်ကြီးချုပ်နု သမီး..
အားနာလို့ ဆိုပြီးပေးတောင်
ဆင့်ပါးစပ်ကလေးလာကပ်တာက နှမ်းကလေးတစ်လုံး
ဆုံး သွားတာက ဦးနုရဲ့ နာမည်တစ်လုံး
အသံ သာရှိ..အဆန်မရှိ တော့တဲ့အခါ..
ထိုင်နေရင် အကောင်းသား
ထသွားမှ အကျိုးကြီး မှန်းသိ
ငွေကုန်သံပြာ ဘာအကျိုးမရှိ
ဖျက်မြင်းသာ မော..
ပိုးသာကုန်..မောင်ပုံငယ် စောင်းမတတ်..
သွားလေသူ အဘ၀န်ကြီးချုပ်..
တမလွန်က..မျက်စောင်းခဲတော့မယ်..
“ &&& XXXXX
ငါ့သမီး..နင် ငါ့ နာမည် ဖျက်တယ်..”


မသဒ္ဓါ (၉။၁၅။၂၀၀၉)

ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ရွေးကောက်ပွဲဝင်ရန် ပါတီထောင် Tuesday, 15 September 2009 17:42 အောင်သက်ဝိုင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးခေတ် ၀န်ကြီးချုပ်ဟောင်း ၃ ဦး ၏ သမီးများက “ဒီမိုကရက်တစ်ပါတီ” အမည်ဖြင့် ပါတီတရပ် ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဟု သတင်းရရှိသည်။

အဆိုပါ ဒီမိုကရက်တစ်ပါတီ တွင် ၀န်ကြီးချုပ်ဟောင်းဦးနု၏ သမီးဖြစ်သူ ဒေါ်မြသန်းသန်းနု၊ ၀န်ကြီးချုပ် ဟောင်း ဦးဗဆွေ၏ သမီးဖြစ်သူ ဒေါ်နေရီဗဆွေ၊ ဒု ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချို ကျော်ငြိမ်းတို့သည် အထွေထွေအတွင်းရေးမှူးများအဖြစ် ဆောင်ရွက် ကြမည်ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဦးသုဝေ က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊နတ်မောက်လမ်းရှိ Dolphin Resturant တွင် ကျင်းပပြုလုပ်ခဲ့သည့် “၂၀၁၀ မြန်မာ့နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲ”တွင် ဦးသုဝေက ထိုသို့အတည်ပြုပြောဆိုခြင်းဖြစ်သည်ဟု ဆွေးနွေး ပွဲတက်ရောက်ခဲ့သူ တဦးက ပြောသည်။ ယင်း ဆွေးနွေးပွဲကို ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင် တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရုံနဲ့ ဒီမိုကရေစီရမှာမဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီမိုကရေစီ အပြည့်အ၀ ရတဲ့ အထိ ဆက်ပြီး လွှတ်တော်ထဲကနေ လုပ်သွားရမယ်။ ကျနော်တို့ အာဏာရလာရင် နိုင်ငံရေးအကျဉ်း သား တွေလွှတ်ပေးဖို့ကိစ္စတွေအပါအ၀င် ပြည်သူ့ဆန္ဒတွေကို ပြည့်ဝအောင်လုပ်လာနိုင်မယ်လို့ ဦးသုဝေ ကပြောတယ်”ဟု ထို အစည်းအဝေးတက်ရောက်ခဲ့သူ နိုင်ငံရေးသမားတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်စနစ်မှ ခေတ်သစ်၊ စနစ်သစ် သို့ ကူးပြောင်းမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ်ရေး၊ ပါတီရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ဂိုဏ်းဂဏ၀ါဒ ခွဲခြားမှုများကို ပယ်ဖျက်ပြီး ဒီမိုကရေစီရရှိရေး ရွေးကောက်ပွဲဝင်ရန် ဒီမိုကရက် တစ်ပါတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဦသုဝေက ပြောသည်ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသားရေး ဦးဝင်းနိုင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီဘက်တော်သားများအနိုင်ရရန် အခွင့်အလမ်းနည်းပါး ကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲဝင်ရေး၊မ၀င်ရေးအငြင်းပွားနေခြင်းကြောင့် ဒီမိုကရေစီ ဘက်တော်သားများအကြားတွင်စည်းလုံးမှုပြိုကွဲသွားပြီး အားအင်ချိနဲ့နေသဖြင့် အစိုးရ အင်အား ကောင်းလျက်ရှိကြောင်း ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အမြဲတမ်း တရားဝင်နေရာ ရရှိနေမည် ဖြစ်သည့်အပြင် အစိုးရ၏ နာမည်ခံပါတီများကလည်း ရွေးကောက် ပွဲဝင်ပြီး လွှတ်တော်တွင်နေရာ ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ရွေးချယ်ခံရရန် ပြုလုပ်မည်ဖြစ်ရာ ဒီမိုကရေစီဘက်တော်သားများအတွက် လွှတ် တော်တွင် အမတ်နေရာ အနည်းငယ်သာရှိမည်ဖြစ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ကြမည်ဆိုသော အတွေးအခေါ်များကို ပြန်လည်သုံးသပ်သင့်ကြောင်း ဦးဝင်းနိုင်ကဆိုသည်။

မြန်မာ့နိုင်ငံရေး ဖြေရှင်းရန်နည်းလမ်းသစ်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသည့်တိုင် နိုင်ငံ၏ အုပ်ချူပ် ရေး တာဝန်များကို စစ်တပ်နှင့် နိုင်ငံရေးသမားများအကြား အာဏာခွဲဝေမှု (Power Sharing) စနစ်ဖြင့် ခွဲဝေအုပ်ချုပ်သင့်ကြောင်း ဦးဝင်းနိုင်ကအကြံပြုသည်။

“၂၀၁၀ ရွေးကောက်ပွဲကြီးကို မလုပ်နဲ့လို့မပြောဘူး။ ဒါပေမယ့် Power Sharing နဲ့ နိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာတွေကို ခွဲဝေယူရမယ်။ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာမယ့် အစိုးရမှာ အာဏာကို စစ်တပ်က ၆၀ ရာခိုင်နှုန်းနဲ့ နိုင်ငံရေးသမားက ၄၀ ရာခိုင်နှုန်း။ ဒုတိယ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့်အစိုးရမှာ အာဏာ ကို စစ်တပ်က ၅၀ ရာခိုင်နှုန်းနဲ့ နိုင်ငံရေးသမားက ၅၀ ရာခိုင်နှုန်း။ တတိယရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာမယ့် အစိုးရမှာ အာဏာကို စစ်တပ်က ၄၀ ရာခိုင်နှုန်း၊ နိုင်ငံရေးသမားက ၆၀ ရာခိုင်နှုန်း ခွဲဝေပြီး တဖြည်းဖြည်းစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်မှုကို လျော့သွားမှ ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်း နိုင်မယ်”ဟု ဦးဝင်းနိုင်က ပြောသည်။

အမျိုးသားရေးဦးဝင်းနိုင်၏ အဆိုပြုချက်သည် စဉ်းစားသင့်သော်လည်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုသားဒီမိုကရေစီအဖွဲ့ချူပ် အနေဖြင့် ထိုသို့သော Power Sharing စနစ်ကို လက်ခံလိမ့် မည်မဟုတ်ဟု ထင်မြင်ကြောင်း လေ့လာသူများက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူမတို့ဟာ အာဏာအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ စစ်မှန်တဲ့ ပြည်သူ လူထုကိုကိုယ်စားပြုနိုင်တဲ့ ဒီမိုကရေစီရရှိအောင် တိုက်ပွဲဝင်နေတာဆိုတာ ကို အမြဲတမ်းပြောခဲ့တယ်။ ဒီပြော ဆိုချက်အရဆိုရင် ဦးဝင်းနိုင်ရဲ့ Power Sharing စနစ်ကို NLD က ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ထင် ပါ တယ်”ဟု ရန်ကုန် အထက်တန်းရှေ့နေ တဦးက ပြောသည်။

ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေကမူ အာဏာရရှိရန် ရွေးကောက်ပွဲဝင်ကြပြီး လွှတ်တော်တွင်ကျန်ရှိသည့် အမတ်နေရာ ၇၅ ရာခိုင်နှုန်းကို ဒီမိုကရေစီဘက်တော်သားများက ရနိုင်သမျှ များများရရန် ကြိုးပမ်းရေးသည် ပထမဦးစား ပေးလုပ်ဆောင်သင့်သည်ဟု ပြောဆိုသည်။

“ဒီမိုကရေစီနဲ့ မညီတဲ့ဥပဒေတွေကို နောင် ရွေးကောက်ပွဲပြီးလို့ အာဏာရလာရင် ပြန်လည်ပြင် ဆင်ဖို့ လွှတ်တော်မှာ တင်သွင်းမယ်။ အရေးကြီးဆုံးက အာဏာရအောင် လုပ်ရမယ်”ဟု ဦးသုဝေ က ပြောသည်။

ဦးသုဝေ၏ ပြောဆိုချက်သည်လည်း လက်တွေ့တွင် အမှန်တကယ်ဖြစ်လာရန်မလွယ်ကူဟု ရန်ကုန် သတင်း ထောက်တဦး က ဝေဖန်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ဖို့ဆိုတာက လွှတ်တော်ရဲ့ အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီး ဆန္ဒခံယူပွဲမှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ မဲဆန္ဒကိုရရှိမှ ပြင်ဆင်လို့ရမယ်လို့ ဥပဒေမှာ အတည်ပြု ပြဌာန်းထားပြီးသား။ နောက်ပြီး လွှတ်တော်ရဲ့ အမတ်နေရာ ၇၅ ရာခိုင်နှုန်းကို ဒီမိုကရေစီဘက်တော်သား တွေက ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူး”ဟု ၎င်းက ပြောသည်။

ဒီမိုကရက်တစ်ပါတီတွင် အမှုဆောင် ၁၇ ဦး၊ ဗဟိုကော်မတီဝင် ၁၀ ဦးပါဝင်ပြီး ပါတီဝင်များကို မြို့ကြီးများနှင့်
နယ်ဒေသများတွင်ဖြန့်ကျက်ထားပြီးသားဖြစ်ကြောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးရဲထွန်း( ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်က အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းခဲ့သည်ဆိုသော ဦးချန်ထွန်း ၏ သား) က ဆောင်ရွက်မည်ဖြစ်သည်ဟု သိရှိရသည်။

ဒီမိုကရက်တစ်ပါတီသည် ကနေဒါအခြေစိုက် ကျုံယွမ်ဦးကျော်မြင့်၏ UDP ပါတီနှင့် မည်သို့မျှ ဆက်စပ်ခြင်း မရှိသကဲ့သို့ ငွေရေးကြေးရေးလည်း ထောက်ပံ့မှုမရှိကြောင်း ဦးသုဝေက တရားဝင် ရှင်းလင်းပြောသည်။

ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် NLD ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲကို တစုံတရာမှတ်ချက် မပေးကြဘဲ ရှေ့လုပ်ငန်းစဉ်များကိုသာ အာရုံစိုက်သင့်သည်ဟု ဦးသုဝေနှင့် ဦးဝင်းနိုင်တို့က ဆိုသည်။

ထို၂၀၁၀ မြန်မာ့နိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲသည် ဦးသုဝေနှင့် အမျိုးသားရေး ဦးဝင်းနိုင် တို့က ဆွေးနွေး တင်ပြ ခြင်းဖြစ်ပြီး ရဲအထူးသတင်းတပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပ သတင်းထောက် ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1811:2009-09-15-10-43-26&catid=1:news&Itemid=2

No comments:

 
/* EOT ----------------------------------------- */