Thursday, September 24, 2009

ဒေါင်းကလောင်ရှင်..သွေးနဲ့မှင်တို့ ..သမိုင်းဆက်ရေးစို့ 

နှုတ်မြွက် တစ်ရာ..စာ၏ တစ်လုံး..
သမိုင်းမတိမ်အောင် သီကုံးမိလို့ 
ပေးရတဲ့ ထောင် ၁၁ နှစ်..
သင် သည် အာဇာနည်ဖြစ်တယ်။

သင်ရေးသော
မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်း စာအုပ်
မြန်မာများရဲ့ လက် မှာ..
on Line စာမျက်နှာပေါ်မှာ..
Blog များစွာ အတွင်းမှာ
ထင်ရှားတဲ့ သင်၏ လက်ရာ။

သင်သေသာ သေရော့..
ကျန်နေ ဦးမော့နေသည့် သင့်အမည်..
သင်သည်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်
သင့် အမည်..ကိုအောင်ထွန်း
ကမ္ဘာတဝှန်း နိုင်ငံရေးဖိနှိပ်ခြင်းခံ စာရေးဆရာများ၏ဆု
ဟယ်မန်၊ ဟန်းမတ်ဂရန့်ဆု (Hellman/Hammett Grant) ကို
၁၉၉၉ ခုနှစ်တွင် ရရှိခဲ့သူ
ကမ္ဘာ့ စာရေးဆရာများအသင်း၏
ဂုဏ်ထူးဆောင် အဖွဲ့ဝင်
အသင် ကို မြန်မာလူထု ချီးမြှင့် ဂုဏ်ပြုတယ်။

လွတ်မြောက် ချိုးဌက်..မိုးထက်သို့ ပျံ
မရပ်တန့် တဲ့ ဒေါင်းကလောင်တန်..
မပြီးသေးသော သမိုင်း၏ အဆက်
သွေးမှင်စက်ဖြင့်
ဆက်လက်ရေးသား ပေးပါရန်။

မသဒ္ဓါ (၉။၂၃။ ၂၀၀၉)
လွတ်မြောက်သော မောင်ငယ် ကိုအောင်ထွန်းအား ကြိုဆိုပါတယ်။ ကျမ်းမာချမ်းသာ မပြီးသောသမိုင်းကို ဆက်ရေးနိုင်ပါစေ။

ကျောင်းသားသမိုင်းရေးသူ ကိုအောင်ထွန်း ပြန်လွတ်လာ


မဇ္ဈိမသတင်းဌာန ၊ ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 23 ရက် 2009 ခုနှစ် 22 နာရီ 00 မိနစ်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း ရေးသားသဖြင့် ၁၁ နှစ်ကျော် အကျဉ်းချခံရပြီးနောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် ကိုအောင်ထွန်းသည် ပဲခူးတိုင်း သာယာဝတီထောင်မှ ယခုလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာသည်။

စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၇၁၁၄ ဦးကို နိုင်ငံတဝှန်း အကျဉ်းထောင်များမှ ပြန်လွှတ်ပေးရာတွင် သူလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“၁၈ ရက်နေ့က ပြန်လွတ်လာတာပါ။ သာယာဝတီ ထောင်ကပါ။ သူက ၉၈ ကနေ ထောင်ကျတာဆိုတော့ ၁၁ နှစ်ပေါ့။ အခု သူ့အိမ်မှာပါပဲ” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP-B အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

၁၉ဝ၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ၈၈ နှစ်တာ ကာလအတွင်း မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ရေးသားပြုစုသဖြင့် နိုင်ငံရေးသမားများအား စွဲဆိုလေ့ရှိသည့် ပုဒ်မ ၅ (ည)၊ ၁၇/၂၀ တို့ တပ်ကာ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ် ချမှတ်ခံရကာ ၁၁ နှစ်ကျော် အကျဉ်းကျပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်။

၄၂ နှစ်အရွယ် ကိုအောင်ထွန်းသည် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်တဦး ဖြစ်ပြီး၊ ၁၉၈၈-၈၉ ခုနှစ် တလျှောက် ပေါ်ပေါက်ခဲ့သော ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဖြစ်သည်။

၁၉၉၀ ခုနှစ် ဧပြီလအတွင်း ဗကသ (အောက်ဗမာပြည်) ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၉၀ ခုနှစ်အတွင်း မန္တလေးမြို့တွင် ကျင်းပခဲ့သည့် ဗကသ ညီလာခံ၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ရက် ၃၀ အတွင်း လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဝိုင်းရံကူညီရန်ဟူသော အချက်အား မန္တလေးညီလာခံမှ ချမှတ်ခဲ့ရာ အဓိက အကောင်အထည် ဖော်ခဲ့သူများတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

သူသည် ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီညီလာခံအကြို လူထုလှုပ်ရှားမှုများကို ဗကသမှ ဦးဆောင် လှုပ်ရှားခဲ့ရာ ပါဝင် ခေါင်းဆောင်ခဲ့သည်။ ဂန္ဒီညီလာခံအပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ဗကသမှ အခြား ခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရကာ ထိုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသည်။

ထို့နောက် ထောင်မှလွတ်ပြီး ကျောင်းတက်ခွင့်ရသဖြင့် ၁၉၉၇ ခုနှစ်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းပြီးခဲ့သည်။

၁၉၉၆ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ "ကျနော် အရေးချင်ဆုံး စာအုပ်" ဟု အမည်ရသော "မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း" စာအုပ်ကို စတင်ပြုစုခဲ့သည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလအတွင်း ၎င်းစာအုပ်ကို လျှို့ဝှက်ဖြန့်ချိသဖြင့် ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရသည်။

စာမျက်နှာပေါင်း ၇၀၀ ခန့်ပါရှိသည့် သူ၏ စာအုပ်ကို ၂၀၀၇ ခုနှစ် ဧပြီလအတွင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မတီ) က ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီ ဖြစ်သည်။

ကိုအောင်ထွန်းကို ကမ္ဘာတဝှန်း နိုင်ငံရေးအရ ဖိနှိပ်ခြင်းခံနေရသော စာရေးဆရာများအား ပေးအပ်သော ဟယ်မန်၊ ဟန်းမတ်ဂရန့်ဆု (Hellman/Hammett Grant) ကို ၁၉၉၉ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။ ကမ္ဘာ့စာရေးဆရာများ အသင်း အင်တာနေရှင်နယ် - ပန်အဖွဲ့ဝင်များဖြစ်သော နော်ဝေ၊ ကင်ဘာရာ၊ ကနေဒါရှိ ပန်စင်တာများက သူ့ကို ၎င်းတို့အဖွဲ့များ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တဦးအဖြစ် ကြေညာခဲ့သည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)

1 comment:

ThanHtaik said...

Can I get download link for မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း ??

 
/* EOT ----------------------------------------- */