Friday, September 25, 2009

ငိုချင်းချနေရသော အာသောက


၁၅ ရာစုက အင်္ဂလန်
ခေါင်းဖြတ်တာ မြန်တဲ့
ဟင်နရီ အမှတ်(၈) ဘုရင် ပေါ့။
သားလိုချင်လို့  သမီးမွေးတဲ့ မယားကိုကွာ
အငယ်ရှာချင်တာနဲ့ 
တရားဥပဒေကို အိပ်ထဲထည့်
မင်းအာဏာစက်နဲ့ 
ကက်သိုလစ်သာသနာကို ဇောက်ထိုးမှောက်တယ်။
သူ့ လက်ထက်..
Church of England ဘာသာ အသစ်ထွင်ခဲ့တယ်။

နှစ်ဆဲ့တစ်ရာစု မြန်မာ
အာဏာမက်တဲ့ ကျောက်ဆည်သားပေါ့
သူလက်ထက်မှာ…သာသနာကို နှစ်ခြမ်းကွဲစေခဲ့

သေနတ်ကြောက်သလား..ဘုန်းကြီးအို..နေ..တိတ်တိတ်
ဘွဲ့ မက် သာသနာပိုင် လုပ်ချင်တဲ့သူ…မျက်စိမှိတ်
မမှန်တာတွေ့  မကြားချင်ယောင်ဆောင် နားပိတ်
ကားကလေးစီး..ကျောင်းကောင်းနေချင်..ပါးစပ်ပိတ်
သတင်းစာတဲ့ မျက်နှာပါနံမည်ကြီးချင်..ဆိတ်ဆိတ်
ကြွေးတာစား ချေးများနဲ့ ..
ဥပဒေအထက် နအဖ ရှိတယ်..
သံဃာစင် အထက် နအဖ ရှိတယ်။

ယတြာ လုပ်တတ်လေလေ..၀တ္တုများများရမယ်။
ဗေဒင် ဟောတတ်ရင်..မယ်ကြိုင့်ဆရာဖြစ်မယ်။
အမြင်ကျယ်သူ ဘုန်းကြီးပျိုတွေ..ငြိမ်ငြိမ်နေ။
အင်တာနက် IT တတ် ဘုန်းကြီး.ထောင်ကျမယ်။
လမ်းဘေးကကြံဖွတ် ရုတ်လာတဲ့ ထမီစုတ်
ဘုန်းကြီးကျောင်း ခြင်ထောင်ထဲထည့်.ဓါတ်ပုံရိုက်ပြ
တကာမ နဲ့ စွပ်စွဲ
ကြုံရာပုဒ်မ ပလွတ်ရွှတ်တ ပါးစပ်ထဲ

စာသင်ကျောင်း စာချကျောင်း..ကြံဖွတ်တွေ စောင့်နေဟဲ့
သာသနာပျက်..ဘာသာပျက်..
အို ဘာဘဲပျက်ပျက်
ကိစ္စမရှိ..နအဖသာ မဆင်းရစေနဲ့ 

သာသနာကို အိုးစားခွဲ..
ဘုန်းကြီးအိုတွေ ကို ရှေးရိုးပြဆွဲ
တပည့်တော်သာ နိုင်ငံကိုချစ်ပါသတဲ့..
ဒီမိုသမားတွေ.ပုဆိန်ရိုးတွေပါဘဲ..အဟင့်အဟင့်
မယားငယ်ချွဲ နအဖ ချွဲပြတဲ့အခါ
အော်...ဘွဲ့ တံဆိပ်သာရ..
နအဖ ဘဲ င့ါတကာ..
မင်းတို့ လက်ထက်မှဘဲ ငါကိုယ်တော်
ကံပေါ်ပြီး..မင်းကျောင်းဆရာ.
နာမည်သာကြီးပစေ..၀ိနည်း မှာစည်းမရှိဘူး။
လက်မှတ်တွေ ထိုးပါဆို ထိုး..ဘုရား စည်းတွေ ချိုး..
သစ်သားရိုးပါမှ သစ်တောပြုတ်စေတာ ပုဆိန်ရိုး..
ဘုန်းကြီးလည်း..လောကီသားမျိုး

သြ၀ါဒစိရိယ..ဘုန်းဘုန်း ဆရာတော်တို့ ရယ်..
နီးရာဒါးကြောက်တာလည်း ကြောက်တာပေါ့
ရာထူးရ မှ ဘုန်းကြီးမဟုတ်ပါဘူး..
ကားစီးရမှ ဆရာတော်ကြီးမဟုတ်ပါဘူး။
ဘုန်းဘုန်း ငယ်စဉ် ပဥ္ဗှင်းဘ၀..
ဒီလိုနဲ့ဘဲ ကြီးရင့်ခဲ့ရတာ…
ငယ်သူတွေ ဘ၀ တွေးစာနာ။

မင်းကျောင်းဆရာ… ပွဲကျောင်းဆရာ.
ပဉ္ဗလက်ဆရာ ဂမ္ဘီရ ယတြာ..
သာသနာ အမှန်..ကျမ်းထဲမှာဘဲချန်ခဲ့
ကျမ တို့ ၏လက်ထက်
ရှင်အရဟံ လို သာသနာပြုမဲ့သူမရှိဘူး.
ရှင်ဒီသာပါမောက္ခ လို သံတမာန်ရေးကျွမ်းကျင်သူမရှိဘူး
ပင်လေးပင်ရှင်လေးပါး လို ဆုံးမစာရေးမဲ့သူမရှိဘူး။
ရှင်မဟာရဋ္ဌသာရ လို သွန်သင်မဲ့သူမရှိဘူး။
ဗန်းမော်ဆရာတော် ခြေဖျားမှီသူမရှိဘူး။
ဆရာတော် ဦးဗုဓ်လို.အမှန်တရားမကပ်ဘူး
သင်္ဂဇာဆရာတော် ဘုရားလို နားချတတ်သူမရှိဘူး.
ဦးဝိစာရလို အမျိုးချစ်သူ မရှိဘူး.
ဦးဥတ္တမ လို ရဲရဲတောက်သူမရှိဘူး.

ရွှေပိန်းချ ပုလ္လင်ထက်…
နအဖ ကပ်တဲ့ သွေးစွန်း ဒါနကို လက်ခံတာထက်စာ
စီးတော်ယာဉ် ကျောင်းပြဿဒ်
ပိုးသင်္ကန်းဝတ်တဲ့ ရှင်တွေ ထက်စာ
သစ်တပင် ၀ါးတပင်..တစပြင် မှာ သီတင်းသုံးတဲ့
ခယောင်းတော ဖိနပ်မပါဆွမ်းခံတဲ့
နေလောင် ဖြုရော် ပိတ်ကြမ်းသင်္ကန်းဝတ်
တောကျောင်းဘုန်းကြီး
သဒ္ဓါ ကြည်ဖြူ တောင်သူ၏ မုရင်းဆွမ်းကြမ်းကိုလက်ခံ
တရားသာဘဲ ကျင့်ကြံ
ဒါမှ သံဃာအမှန်။

သံဃာစစ် သံဃာတု
ဝိနည်း ဂုဏ်ရည် သိက္ခာမှာ
ကိုးဆယ်ဆကွာတယ်။
ပုဂံခေတ် မွန်ဂိုနယ်ချဲ့အောက် သာသနာမပျက်
အင်းဝခေတ် ကွေ့ ရှမ်းလက်အောက် သာသနာမပျက်
အင်္ဂလိပ်နယ်ချဲ့အောက် နှစ် ၆၀ ကျော် သာသနာမပျက်
မြန်မာ စစ်စစ် စစ်တပ်အုပ်မှဘဲ သာသနာပျက်တယ်။

နိုင်ငံတော်သြ၀ါဒ စိရိယ..
ပြည်သူ့ အတွက် ကိုယ်စားမကျ
သာသနာအတွက်..တရားနည်းမကျ
သေနတ်ကြောက် ပျံမှာကြောက်သော
ဆရာတော်တွေ တုန်လှိဘာဝေ.
သာသနာကို နှစ်ခြမ်းကွဲစေတယ်။
နှစ် ၂၅၀၀ ရဲ့ သိကြား သာသနာ..
နောင် နှစ် ၂၀၀ သာသနာစစ် ကျန်ပါ့မလား။
ဝိသုနြေ္ဓ တောင် ရင်လေးလွန်းလှတယ်။
စစ်ဘုရင် အာသောက လက်ထက် ရှန်းရှန်းတောက်ပေတဲ့
နအဖ ခြေထောက်အောက် ပွန်းပဲ့ရသော သာသနာရယ်။

မသဒ္ဓါ ( ၉။၂၄။၂၀၀၉)
သာသနာစစ် ကို သားမြေးတွေ အတွက် ခြေရာချန်ခဲ့ပါ ဆရာတော်များဘုရား ။ ဘုန်းကြီးလည်း ပျံလွန်သော အခါ ဘာမှ သယ်မသွားနိုင်ပါ။ နအဖ ဘုန်းကြီးဆိုတဲ့ နာမည်ကြီးချန်မသွားခဲ့ပါနဲ့ ဘုရား ။အမှန်နဲ့နေ..သာသနာကိုစောင့်ရှောက်နိုင်ပါစေ။

No comments:

 
/* EOT ----------------------------------------- */