Saturday, July 5, 2008

ထွက်ပေါက်..

ကျွန်တော်တို့ ငယ်ငယ်..
 အဖေ တို့ ခေတ်
အဖေက..မြင်းလှည်းမောင်းတယ်။
ပျဉ်ထောင် နဲ့ သွပ်မိုးအိမ်
အမေ့ လည်မှာ.ရွှေဆွဲကြိုးလိမ်။
ခလေး ၅ယောက် ကို ကျွေးမွေး.
စီးပွါးရေး က မျက်နှာမငယ်။
အနေ အစား ချောင်လည်။

ကျွန်တော် တို့ ခေတ်။
နအဖလက်ထက်၊ ဆိုက်ကားသမား အဖြစ်
ကိုယ်ကာယ ရင်းစား
ပညာမဲ့ တဲ့ နင်းပြား၊
ခါးလှရန် ဝေလာဝေး
ဝမ်းရေးတောင် မလွယ်။

ခလေး က နှစ်ယောက်
မိန်းမ သေပျောက် တဲ့ မုဆိုးဖို..
စီးပွါးရေး က ကျပ်။
အသက်ရှု က ရပ်မတတ်.
လာဘ်လာဘ မပေး..
တိုးတိုးလာ တဲ့ စည်ပင်ကြေး။
ဆိုက်ကားနင်း လိုင်စင်မရှိ။
ဆက်စရာ..ဘ၀မရှိ။
ပေါင်နှံစရာ လည်း ဘာတခု မရှိ။
ဒုက္ခိတ ပျားစွဲ။
ဘဝက ကိုယ်ကျိုးနည်း။

လှုပ်လေလေ မြုပ်။
ဒီလောက် စုတ်တဲ့ ဘဝ။
တွန်းထွက်ရန် က မမြင်။
အဖေရွေးတဲ့လမ်း။ ရက်စက်တယ်ဘဲထင်ထင်။
ကြီးလာရင် လှလာမဲ့သမီး။.
ကျပ်တည်းပြီး.ပညာမဲ့၊
ပြည်တန်ဆာတော့ အဖြစ် မခံနိုင်။



ကြီးလာ မဲ့ သား
ခလေးစစ်သား ဘဝ
နွံ ထဲ နစ်မလား။

ကဲ လာ၊..သားနဲ့ သမီး..
သားအဖ သုံးယောက်
နေလည်းအတူ။ သေလည်းအတူ။
အဖေ့ ကို ဘွေ ယူမှာလား။
ငိုမစဲတဲ့ ဘဝတွေ။ အငိုတိတ်အောင်
လွတ်မြောက်ဖို့ အတွက်
အဖေ ဒီလမ်း ရွေးချယ်။
ပိုးသတ် တဲ့ ဆေးအဆိပ်..
အစာ နဲ့ ရောကြွေးခဲ့တယ်။

ဆန့် ငင်ငင်၊ တွန့်ကောက်ကွေး ခန္ဓာကိုယ်များ.
အန်ထွက်လာ တဲ့ အန်ဖတ်များ၊
မချိမဆန့် ခံစား။
" အမလေး ပူလှချည်လားအဖေရယ်။
သားတို့ သမီးတို့ ဘာများဖြစ်တယ်။"

"အရင်သာ သွားနှင့်။
အဖေနောက်က လိုက်ရစ်မယ်။
ရက်စက်တယ်ဘဲ။..ပြောချင်လဲပြောပေတော့။
ရူးမိုက်တယ်ဘဲ။..စွပ်စွဲလဲ စွပ်စွဲတော့။"

ဒို့ အားလုံး ကံဆိုး ဘဝ..
နအဖ ရဲ့ သမိုင်းတစ်ခုသာဘဲလေ။
အမှောင်ထဲမှာ မွေး...အမှောင်ထဲမှာဘဲ သေ။

မသဒ္ဓါ ( ရ။၎။ ၂၀၀၈)

စစ်တွေမြို့မှ စားဝတ်နေရေး အကြပ်အတည်းကြောင့် အဆိပ်စားသေကြောင်း ကြံစည်သွားကြသော မိသားစု ၃ ဦး အတွက် ။ ကောင်းရာ သုဂတိ လားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

No comments:

 
/* EOT ----------------------------------------- */