Saturday, June 28, 2008

ပုဆိုးလေးတစ်ထည်ရဲ့ ပုံပြင်


ဘ၀တကွေ့  မေ့ မရတဲ့တနေ့ ..
မိုးယံကမဲ..လေသဲတဲ့နေ့ .
လိမ့်လူးလာ ဒီလှိုင်းများ..
ရေမှုန်တိမ်တောင်အလား..
အိမ်ခြေရာ..မြို့ ပြရွာ..
အရည်ပျော်ဆင်း..ပင်လယ်တွင်းဆီ။

သေကံမရောက် သက်မပျောက်..
တွယ်ရာ သစ်ပင်တပင်ပေါ်ရောက်.
ရေစိုတုန်ယင်.ဒိတ်ဒိတ်ခုန်တဲ့ရင်
စူးစပ်တဲ့ မျက်လုံး ခေတ္တအမှောင်ဖုံး..
အတွေးထဲမှာ…ဘုရားစာ..
ကဘောက်တိ..ကဘောက်ချာ..
ဘုရားကယ်ပါ.. အမေရယ် ကယ်ပါ..
ကျနော်မသေချင်သေးပါဘူး.

ရေစီးသံ ငရဲတိုးသံ
မျောပါကျ..လူသားများ..
တလောင်းပြီးတလောင်းသွား..
ဘုရား..ဘုရား..
ငါ့အလှည့်များ ရောက်တော့မှာလား..

ပဲကြီးခွံပွလက်…ချမ်းခိုက်တုန်လျှက်
သစ်ကိုင်းကို ဆုတ်
ပွန်းပဲ့ စုတ်. လက်ဖ၀ါး
နာကြင်တာ.ဂရုမစိုက်အား
အေးစက်တဲ့လေကြမ်း…သရမ်းတဲ့ လှိုင်းလေ
လက်အံသေ..ဘယ်တော့များပြုတ်ကျ.
ပြောမရတဲ့ ကံကြမ္မာ..
ရှင်သန်ရေးအတွက် အသက်ဆက်ရေး.
နောက် တမိနစ်တောင်မတွေးရဲ..
ကွေးသောလက်မဆန့် ခင်.
အသက်နဲ့ကိုယ်များ အိုးစားကွဲ
ဒါဟာလေ..လောကရဲ့ ငရဲ..

မိုးလေပြင်း အရပ်..
တက်လှိုင်းနဒီ..အဆုံးသတ်ချိန်
သစ်ပင်ထိပ်ဖျားက ကျနော်..
ကံကောင်းတာက အသက်မထွက်.
ကံဆိုးတာက..ပုဆိုးမပါ တဲ့အရှက်..

အမေမွေးတဲ့ အ၀တ်မဲ့ခန္ဓာ..ရှက်စရာပေမဲ့
တွေ့ ရတဲ့ ဆာလာအိတ်ခွံကလေး..
မလုံတလုံ ဖုံးနိုင်သေးတာ ၀မ်းသာစရာ။
ကျနော် ကံကောင်းသေးပါတယ်ဗျာ။

ရွာပျက် စစ်တလင်း..
လှည်လည်ရှာဖွေရင်း..
ရလာတဲ့ မိန်းမ၀တ်ဂါဝန်တထည်။
ချေးများဖို့ မရှိ..ဝတ်ရန်သာသိ
အရှက်လုံရန်သာ အရေးကြီး၏။

ဖုန်းကညာတပါး..
လုံးရာကပြားတယ်ဆိုဆို..
ကျနော် ဂါဝန်ဝတ်နဲ့ ကိုလူပျို..
ဘ၀ရဲ့ လှိုင်းဂယက်အောက်
ဘယ်တော့မှ လက်မမြှောက်..
ဘယ်တော့မှဒူးမထောက်.
ဂါဝန်ဝတ်တိုင်း..ကျနောမဟုတ်ဘူး...အခြောက်။

ရွာဆီလာတဲ့ ပဲ့ထောင်လှေ
ကယ်ဆယ်ရေးအဖွဲ့ အလှူဝေ.
ကျနော့ ကိုမြင်
ဒီမှာ…ပုဆိုးလေးတစ်ထည်တဲ့… ရော့
ဘ၀ရဲ့ အပျော်ဆုံးနေ့ ကလေးပေါ့။

မသဒ္ဓါ (၆။၂၇။၂၀၀၈)
မျိုးချစ်မြန်မာ.၏ ဂါဝန်ဝတ်ထားသော ယောက်ျားလေးတဦး ၏ ဓါတ်ပုံကို ကြည့်ရှုခံစားထားပါသည်။ အမှန်ဖြစ်ရပ်ကို ပြသသော ဤသတင်း အတွက် မောင်လေးမျိုးချစ်မြန်မာအားကျေးဇူးတင်ပါသည်။
http://myochitmyanmar.blogspot.com/2008/06/blog-post_1373.html/

No comments:

 
/* EOT ----------------------------------------- */