Thursday, June 12, 2008

တွယ်ရာမဲ့ ..ဆားလေး တစ်ဒယ်..

လေနဲ့ မိုး..မိုးနဲ့ လေ..
ရေတွေ..ရေတွေ..
ဒေါသထန်တဲ့ ပင်လယ်..
ဆူပွက်ဖေါင်းကြွ သမုဒ္ဒရာရေဝယ်..
ရေစိုတဲ့ လူများ..ပုရွက်ဆိတ်အလား.
အသက်ဆုံးပါးခဲ့တယ်။

အဖေရော..အမေ..
မျောပါခဲ့ လှိုင်းထန်ရေ..
ညီမငယ်လေးက အဝေး..
"အကိုကြီးရေ..ကယ်ပါ..ကယ်ပါ"ဆိုတဲ့ စကားသံရေးရေး..
ဖက်တွယ်ထားတဲ့ သစ်ကိုင်းတဖျား..
သူ့ အတွက်တော့ ကောက်ရိုးမျှင် တခုအလား..

ခုမြင်..ခုပျောက်..အသက်တွေ
ရေထဲမျောတဲ့..ရုပ်အလောင်းမရေနိုင်ချေ။
အိမ်တိုင်ကျွတ် ရွာလုံးမျော..
ကြိုးပြတ်တဲ့စွန်အလား. လှေ..သမ္ဗန်တွေ
ရွာတွေ က..တစပြင်ချောက်သွေ့ နေ.
စစ်ရှုံးတဲ့ တလင်း
မုန်တိုင်းချင်းနင်း...ညှိုးခဲ့ ရက်စက်ပြီ..
ခလေးငယ်ရဲ့ ဘ၀တခုဆီ။

၁ဝ နှစ်မပြည့်တဲ့ သား
ပြောင်သလင်းခါရွာများ..
လတာပြင် နဲ့  ဓနိတော..
မိသားစုပျောက်ရှာသော..
ဟိုခြုံကြား..ဒီခြုံကြား..
အဖေရယ်........ရှိမလား..
အမေရယ်........ရှိမလား..
ညီမလေးများ.....ရှိမလား.

ရှာတွေ့ တဲ့ ဆားဒယ်ကိုလှေလုပ်..
တက်မရှိ လက်နဲ့ သာလှော်
ချောင်းရေပြင်ပေါ်
တကျော်ကျော်အော်..
အလောင်းတွေ..လိုက်ကြည့်
ဖွေရှာခဲ့မိ ပါသော်လည်း..
မတွေ့ တဲ့ မိသားစု..
တယောက်ထဲ..သူဘဲ သိုက်မြုံပျက်ဌက်ကလေး..
ကယ်သူဝေး..ဆယ်သူဝေး..
မုန်တိုင်းဘေးနဲ့ မသေ..
ငတ်မွတ်လို့ သေခဲ့တယ်..
ပေါလောမျောနေတဲ့ ဆားဒယ်ထဲဝယ်။

မသဒ္ဓါ (၆။၁၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */