မိုးမင်းကမစဲ.သဲသဲမဲမဲ
လေပြင်းကတိုက်. အုန်းပင်ယိမ်းထိုးခိုက်
မဲမှောင်တဲ့အိမ်ကလေး..လေအဟုန်ကိုက်ဆွဲ
အမိုးတွေ ဖြေးဖြေးကြဲ..
သက်ကယ်စ တွေလေထဲဝေ့ဝဲ
လေမိုးတရွဲရွဲ..ပြိုနေဆဲကောင်းကင်။
မီးဝင်နေသေးတဲ့ မယား..
မွေးကင်းစက ချစ်သား..
စောင်စုတ်စိုနဲ့ ထွေး.
လူကလေး မအေးရအောင်။
တဲကလေးထဲက လူကြွက်စုတ်လေး သုံးကောင်။
တက်လာတဲ့ ရေဖွေးဖွေး.
စီးလာတဲ့ မိုးရေ
အသံရှည် သေမင်းခေါ်သံလေ
နားဝ ဆူညံ မြစ်ညှာကမျော..
အိမ်တိုင်ကျွတ် သစ်တွေပေါလော..
ကယ်ပါ.ယူပါ တစာစာ..
ခလေးငယ်.များနဲ့ လူသား..
ရေမျောတဲ့ ပုရွက်များလို..
ခွေးနွား ကျွဲဝက်..အသံစုံထွက်.
ငရဲပွက်တဲ့ အသံ..
မြစ်ထဲစီးတဲ့ ရေသံက ဘ၀ဂ်ညံ။
အိမ်ထောင်တည်စ။
အဘ လက်ဖွဲ့တဲ့ နွားကြန်စုံ တရှဉ်း
တင်းကုတ်ထဲ ရေတွေတက်.
ကုန်းမြင့်ရာရှောင်ဖို့အတွက်..
ဝီရီယ မပျက်ကြိုးစား.
ကိုယ်လေ ရေစီးကြားမှာ။
ဒါ..ခင်မတို့ အတွက်ပါ။
သေကံမရောက် သက်မပျောက်.
ကိုယ်နွားတွေ. အသက်ရှင်ငြား..
ကိုယ်ထားခဲ့တဲ့ ဇနီးနဲ့သား..
ပျဉ်ထောင်.အခန့် သားအိမ်
ပျောက်ချင်းမလှပျောက်.
ရေပြင်လွှာ အတိဖြစ်ခဲ့ ရပြီ..
ဘယ်မလဲ..ကိုယ့် ဇနီးမယား
ဘယ်မလဲ..ကိုယ့် သား
တက်ရေပြင်ဖွေးဖွေး..
ရှာလေ.ဘယ်မလဲ.ဝေးဝေး..
ရင်၌ နွမ်းကြေ..
တယောက်ထဲ သောကဝေတယ်။
ဧရာဝတီရယ်..ရက်စက်တယ်။
မသဒ္ဓါ (၅။ ၂၈။၂၀၀၈)
Thursday, May 29, 2008
ဧရာဝတီ၏ ကျိမ်စာ.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment