ငယ်စဉ်က.
ကျမ အဖေက ပြောဖူးတယ်
“ စာကြိုးစားသမီး.
ပညာတတ်ရင်..အိုစဉ်တောင် မဆင်းရဲ”
ဒါ တကယ်ဘဲထင်တယ်..စာကြိုးစားခဲ့တယ်။
သီးချိန်တန်သီး..ပွင့်ချိန်ပွင့်
ကျမနဲ့ အချစ်။ ရင်ခုန်သံနှင့် ပျော်မြူး
မိုးမမြင် လေမမြင် ကြင်စဦး။
သမီး တစ်ကောင် က (၄)နှစ်.
ခမ်း လာခဲ့တဲ့ အချစ်.
အနံ့ပြယ် သစ္စာ.
ချိုအချစ် တွေ ခါးတဲ့ အခါ။
ခွဲခဲ့ရ ညောင်ညိုရိပ်မှာ။
ခြေမွေး မီးမလောင်၊
လက်မွေး မီးမလောင်သမီး
ခုများကျ အိမ်ထောင်ကွဲ တခုလပ်။
ကျမ အသက်ရှူကြပ်တဲ့အခါ။
မိဘကို ဒုက္ခမပေး.
ဆာလောင်နေမဲ့သမီးလေး..အရေးတွေး..
ရထားတဲ့ သမိုင်းဘွဲ့ လက်မှတ်
မှန်ဘောင်ထည့် အမေ အိမ်ထရံပေါ်တပ်
လူမှန်ရင်…
လက်ဖက်တော့ ထုပ်တတ်ပါတယ်အဖေ။
သမီးနိုင်ငံခြားထွက် အလုပ်ရှာ။
သမီးကလေး ကျောင်းကောင်းထားဖို့ ဒေါ်လာ။
အဖေရယ် ခွင့်ပြုပေးပါ။
အဖေရယ် ဆူမှာလား ဟင်။
အမေရယ် ဆူမှာလား ဟင်။
သမီးအတွက် မိဘရဲ့အိမ်မက်
အရာရှိ။ သုတေသီ.
တက္ကသိုလ်စာပြဆရာမ ဖြစ်စေလိုလိမ့်မည်.။
သို့ သော်
ဤအချိန်က ခေတ်ပျက်
ကျမအတွက် ရှိုက်ပင့်သက်။
အလုပ်ရရေး ခက်တယ်။
ပညာရှိလည်း..ဘာမှ လုပ်မရတဲ့အခြေအနေ။
စစ်အာဏာရှင် အုပ်စိုးတဲ့ မြန်မာမြေ။
သမီးလေးကို ကောင်းကောင်းထားချင်.
ကျမလည်းဘဲ မိဘကောင်း မေတ္တာရှင်။
ကျမ ဘွဲ့ နဲ့  မတန်တဲ့ အိမ်ဖေါ်။
ဒီတလမ်းဘဲ..ရှိတဲ့ ရွေးချယ်ခွင့်ကပေါ်
ချေးများရန် မသင့်တော်။
အဖေရယ် ကျမကို နားလည်ပေးပါနော်။
အိမ်ဖော် ထမင်းချက် တံပျက်လှည်း
ကောင်းရာကောင်းကြောင်း ငွေရှာ
ကျမ သတ္တိမနည်း။
တွေးမိတိုင်း သမီးလေးမျက်နှာ
ပြောတတ်တဲ့ တီတီတာတာ..
အိမ်ကို လွမ်းမချိ..
ချစ်ခင်သူတွေနဲ့ ကွေကွင်း
ဒါဟာလေ ငရဲတွင်းအတိ။
စင်္ကာပူက နေ့ ရက် တွေ။
ပညာတတ်ကျမ၊ အလုပ်က အိမ်ဖေါ်
အလုပ်ပင်ပန်းတာက တော်တော်
ညည အိမ်ရှင် ယောက်ျား.
အိမ်သာနဲ့  ကျမ အိပ်ခန်း မှား
လာလာစမ်းတဲ့ သားစားကျားလက်
ကျမ မအော်ဝံ့ ရှက်ရှက်
ကြာလာရင် ကျမ ဘဝပျက်မယ်။
နိုင်ငံက ပြာတေမွဲ..
စစ်အစိုးရက ဆက်ဆံရေး ကျိုးတိုးကြဲတဲ
ရိုးသားစွာ.လုပ်စား.
မိန်းမသား ခိုင်မြဲတဲ့ အကျင့်သိက္ခာ
ကံအကြောင်းမလှလို့သာ.ကျမက အိမ်ဖော်
အသွေးအသားနဲ့ ဖြေဖျော်..
ကျမ အပျော်မယား မဟုတ်ဘူး၊
ကျမ ပြည်တန်ဆာ မဟုတ်ဘူး၊
သူ့ လက်ခုပ်ထဲကရေ..သူ့ အိမ်မှာနေ.
ကျမ မျက်နှာငယ်ငယ်..
သံမှူးရယ် ကယ်ပေးပါလား.
ကျမ. မြန်မာပြည်က မိန်းမသား.
နိုင်ငံတော် အခွန်ပေးစားတဲ့ လုပ်သား.
ကာကွယ်ရန် စေတနာ မပါဘူးလား။
ပွဲစားက မြည်တွန်တောက်တီး.
အိမ်ခန်းထဲ သော့ခတ်ပြီး.
အမျိုးမျိုးညှင်း။ “ဆင်းရဲနိုင်ငံကမွေးဖွား
နင် ဘာတွေ ချေးများနေလည်း၊
အိမ်ရှင်ကြိုက်အောင်နေ။ အလုပ်ကြိုးစား
အိမ်ရှင်မ အစား အလုပ်လုပ်ရတဲ့အိမ်ဖေါ်
အိမ်မှူတာဝန်.ကျေပြွန်ပါစေနော်”
ဒုတိယနိုင်ငံသားဘဝ
ပထမ နိုင်ငံသားက ဂုတ်သွေးစုတ်။
အပြစ်မဟုတ်ပါဘူး.
ကိုယ့် နိုင်ငံက မကောင်း
ပြည်သူကိုနှိပ်စက်။ ဒီလိုမှ အပြင်မထွက်လည်း
စားစရာမရှိ မွဲတေ။ ကျောမွဲ ခရုခွံကျွတ်သေ။
ကျမတို့ ရဲ့ ၈၈၈၈ မျိုးဆက်.
အမှောင်လမ်းထဲဘ၀ဆက်
ဒီလိုနောင် ဘယ်နှစ်နှစ် ဆက်ဦးမလည်း
ကျမလို ဘယ်နှစ်ယောက် ဘ၀ပျောက်ဦးမလည်း
ထွက်ပေါက်မဲ့လမ်း.အလုံပိတ်အိမ်
အဆုံးမရှိတဲ့ ဥမင်၊ လှိုင်းကြမ်းပေါ်ကလှေငယ်ရှင်
လမ်းပျောက်နေတဲ့ ၀င်္ကဘာ
သော့ခတ်ထားတဲ့ အေးဂျင့်ရဲ့ အိမ်မှာ
၇ ပေ ရှည်..ခွေးလည်ပတ်လေးတစ်ကြိုး.
မျက်နှာသုတ်ပုဝါ ကလေးက (၅) ထည်။
ဆက်ထုံးနဲ့ ကြိုးတစ်စင်း။
သုံးထပ် ဝရန်တာကလျှောဆင်း
ပြုတ်ကျရင်လည်းသေ။
မပြုတ်ကျရင်လည်း လွတ်မြောက်ပစေပေါ့။
၅၀% ။ ၅၀% သော..ကြီးမား စွန့် စားချက်။
မြန်မာမိန်းမတဦး၏ အသရေအတွက်။
ဘုရားကယ်ပါ။။ အမေကယ်ပါ။
သမီးရယ်..သေရင်လည်းအမေကို ခွင့်လွတ်
လွတ်မြောက်ကြောင်းအရဲစွန့် 
အစော်ကားခံနေ မလား.
ဂုဏ်သိက္ခာနဲ့ သေမလား။
သမီးရယ် နားလည်။ အဖေရယ် နားလည်။
လန်းဆန်းသင့်သော ပန်းတပင်..
ရေမြေမကောင်းတဲ့ ပတ်ဝန်းကျင်.
လောင်းရိပ်တွင် အပင်ညှိုး
ကဗျည်းတင်ထိုးတဲ့ ဒီရာဇဝင်
ကျမရဲ့ ကြေကွဲ ပုံပြင်။
မသဒ္ဓါ ( ၇။၁၆။၂၀၀၈)
ညီမလေး မခင်ချိုဦးအတွက်…
ကြိုးစားမှုသည်သာ..မိန်းမကောင်းတို့ ၏ ဂုဏ်သိက္ခာပါညီမငယ်။
တက်ကျိုးတာတော့..၀ဋ္ဋ်ကြွေး ဆိုရင် ပေးစရာရှိတာ ပေးလိုက်ပါ ညီမလေး။ ညီမလေး ကောင်းရာ သုဂတိလားပါစေရန် မသဒ္ဓါမှ ဆုတောင်းပေးပါတယ်။
Thursday, July 17, 2008
ထွက်ပေါက်မရှိတဲ့အိမ်..အလင်းတန်းတွေပျောက်ကွယ်ချိန်
Subscribe to:
Post Comments (Atom)
1 comment:
My Condolence on her's as much as you.
You are a great poet and I always regard you as a democratic brick who's always trying to rebuild our long destroyed country.
I have a dream...One day, we can should loudly and freely whatever we like in our own land for the sake of freedom and human rights.
Post a Comment